အရိုင်းစကား (၁)

စကားပြောဆိုရာမှာ မည်သည့် ဘာသာ စကားနဲ့ ပြောဆိုသည် ဖြစ်စေ ရိုင်းရိုင်း စိုင်းစိုင်း မဖြစ်စေဖို့ ဂရုစိုက် ပြောကြရပါတယ်။ ရိုင်းရိုင်း စိုင်းစိုင်း ပြောခြင်းဖြင့် ပြောဆိုခံရသူဟာ ယဉ်ကျေးမှု မရှိသူ တစ်ယောက် ဖြစ်ပါလျှင် စိတ်ဆိုး ဒေါသဖြစ်ပြီး ပြန်လည် ရိုင်းစိုင်းတဲ့ စကားများနဲ့ တုန့်ပြန်မှာ ဖြစ်ပါတယ်။ ဒီလို အခါမှာ တစ်ဦးနဲ့ တစ်ဦး ရန်ဖြစ်ကြပြီးနောက် ကံကောင်းလို့ အကျိုးမယုတ် ကြရင်တောင်မှ ဘယ်သူမှ အကျိုးဖြစ် နိုင်တဲ့ ကိစ္စ မရှိပါဖူး။ နောက်တစ်ခါ ပြောဆိုခံရသူဟာ ယဉ်ကျေးမှု ရှိသူ တစ်ယောက် ဖြစ်ပါမူ ရိုင်းစိုင်းတဲ့ စကား ဆိုလာသူနဲ့ ဝေးဝေးမှာ ရှောင်နေ ဖြစ်ဖို့များပါတယ်။ ကံမကောင်းလို့ ပြောဆို ခံရသူဟာ လူ့တန်ဖိုးကို မထားတတ်ဘဲ၊ တစ်ကိုယ်ကောင်း ဆန်ပြီး၊ ပါးနပ်သူ တစ်ယောက် ဆိုရင်တော့၊ အဲသည်လို ရိုင်းစိုင်းတဲ့ လူများကို ဘယ်လို “နှဖားကျိုး တပ်ပြီး နွားလုပ်ရမယ်” ဆိုတာကို ကောင်းကောင်း တတ်ကျွမ်း ကြပါတယ်။ ဒါကြောင့်မို့ ရိုင်းရိုင်း စိုင်းစိုင်း စကား ပြောဆိုတတ်သူဟာ သူ့အနေနဲ့လဲ အကျိုးမရှိ၊ သူတပါးလည်းလဲ အကျိုး မဖြစ်၊ ကံဆိုးရင် ကိုယ်တိုင်ပင် အန္တရာယ် အနည်းနဲ့ အများ ရှိနိုင်တာမို့ ထိုသူမျိုးဟာဖြင့် လိမ်မာ ပါးနပ်မှု အလျဉ်းမရှိဘဲ၊ မိုက်ရူးရဲတဲ့ လူမျိုးသာ ဖြစ်တယ် လို့ ဆိုနိုင်ပါတယ်။

သို့သော် တစ်ခါတစ်ရံမှာတော့ လူတွေဟာ စိတ်အတွင်း သဏ္ဍာန်မှာ ရိုးသား ဖြူစင်မှု ရှိကောင်း ရှိသော်လည်း၊ စကားပြောဆိုတဲ့အခါ ရိုင်းစိုင်းတဲ့ အတွက် လူ့ယဉ်ကျေးမှု အသိုင်းအဝိုင်းထဲကို ဝင်မဆန့်ဘဲ၊ ထိုအသိုင်းအဝိုင်းမှ ထုတ်ပယ်ခြင်း ခံရတာတွေ တွေ့ရပါတယ်။ တကယ်တော့ ဒီလို လူမျိုးများကိုဖြင့် စကား မပြောတတ်တဲ့ လူမျိုးများလို့ ဆိုရပါမယ်။ ဒါကြောင့်မို့ ယခုအကြောင်းအရာမှာ တင်ပြချင်တဲ့ အဓိက အချက်ကတော့ ယဉ်ကျေးသိမ်မွေ့စွာ စကားပြောခြင်း အကြောင်း ဖြစ်ပါတယ်။

ယဉ်ကျေးသိမ်မွေ့စွာ စကားပြောတယ် ဆိုတဲ့ နေရာမှာ မြန်မာလို ပြောရင် မြန်မာ့ ယဉ်ကျေးမှုနဲ့ အညီ ယဉ်ကျေးရမှာ ဖြစ်သလို၊ အင်္ဂလိပ်လို ပြောရင်လဲ အင်္ဂလိပ်၊ တရုတ်လို ပြောရင်လဲ တရုတ်၊ ကုလားလို ပြောရင်လဲ ကုလား ယဉ်ကျေးမှုနဲ့ အညီ ယဉ်ကျေးဖို့ လိုပါတယ်။ ဒါကြောင့်မို့ မိမိ အနေနဲ့ တစ်ခါက အင်္ဂလိပ်လို စဉ်းစားပြီးမှ အင်္ဂလိပ်စကား ပြောပါ အကြောင်းမှာ ဖော်ပြခဲ့သလို အင်္ဂလိပ်လို စကားပြောတဲ့ အခါမှာ အင်္ဂလိပ်တို့ရဲ့ ယဉ်ကျေးမှု ပုံစံနဲ့ ပြောသင့်ပါတယ်။ ကိုယ့်ရဲ့ ယဉ်ကျေးမှု ပုံစံနဲ့ သူ့ရဲ့ ဘာသာ စကားကို ပြောတဲ့ အခါမှာ ယဉ်ကျေးမှု ဓလေ့ မတူညီတဲ့ ကိစ္စမျိုးနဲ့ တွေ့တဲ့အခါ ကိုယ်က ယဉ်ယဉ်ကျေးကျေး ပြောနေသော်လည်း သူက ကိုယ့်ကို ရိုင်းစိုင်းတယ် လို့ မှတ်ယူတတ်ပါတယ်။ ကိုယ့်ယဉ်ကျေးမှု ပုံစံနဲ့ သူတပါးရဲ့ ဘာသာ စကားကို ပြောတဲ့ ဥပမာ တစ်ခု ပြရရင် – စင်းဂလိပ် စကား ဖြစ်ပြီး၊ စင်းဂလိပ်လို တကယ်တမ်း နိုင်ငံတကာ အဆင့် အင်္ဂလိပ် စကား ပြောတဲ့ နေရာမှာ သုံးရင်တော့ ရိုင်းပြတဲ့ အသွင်သာ ပေါ်လွင်ပါတယ်။

မည်သို့ဖြစ်စေ၊ ဒီနေ့ အင်္ဂလိပ်စကား ဆိုတာ ကမ္ဘာသုံး စကားဖြစ်လာတဲ့ အတွက် အင်္ဂလိပ်လို ပြောတာဟာ အင်္ဂလိပ်လူမျိုး ယဉ်ကျေးမှု ပုံစံနဲ့လို့ ဘောင်ခတ်ပြီး ဆိုလို့ မရတော့ သော်လည်း ကမ္ဘာကလက်ခံတဲ့ လူ့ ယဉ်ကျေးမှု ပုံစံတော့ ရှိရပါမယ်။ ကမ္ဘာ့ လူ့ယဉ်ကျေးမှု ပုံစံဆိုတာက လူ့တန်ဖိုးကို အသိအမှတ်ပြု တန်ဖိုးထား တဲ့ ပုံစံသာ ဖြစ်ပါတယ်။ လူ့တန်ဖိုးကို ဆိုတာ၊ လူတစ်ယောက်ရဲ့ အခွင့်အရေးက အရေးကြီးပါတယ်။ လူတစ်ယောက်ရဲ့ အခွင့်အရေးမှာ သူ့ရဲ့ လွတ်လပ်ခွင့် ဆိုတာပါ ရှိပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ စကားလုံးဟာ သူ့ရဲ့ လွတ်လပ်ခွင့်ကို ထိပါးစရာ အကြောင်းမျိုး ပါလာခဲ့ရင် ဒါဟာ ရိုင်းပြတဲ့ စကားလုံးလို့ ဆိုနိုင်ပါတယ်။

လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကို ထိပါးစေတဲ့ အကြောင်း အမျိုးမျိုး အနက် တာဝန်မရှိဘဲ လူတစ်ယောက်ကို အမိန့်ပေးခြင်း၊ စေခိုင်းခြင်း ဟာ အင်မတန် ရိုင်းစိုင်း စော်ကားရာ ရောက်ပါတယ်။ ဒါကြောင့်မို့ ဥပမာ ပြရရင် – လူတစ်ယောက်ဟာ လမ်းလျှောက်နေတယ် ဆိုပါစို့၊ သူဟာ သူ့လွတ်လပ်ခွင့်နဲ့ သူလမ်းလျှောက်နေတာကို ကိုယ်က ရပ်စေလိုတဲ့ အခါ သူ့ကို “stop” (ရပ်လိုက်) လို့ ပြောမယ်ဆိုရင် ဒါဟာ ရိုင်းစိုင်းရာ ဖြစ်ပါတယ်။ “don’t walk” (မလျှောက်နဲ့) ဆိုရင်လဲ အတူတူပါဘဲ၊ သူ့ရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်ရာ ဖြစ်တဲ့ အတွက် ရိုင်းလွန်းပါတယ်။ အရှေ့ကနေ “please” ခံပြီး “please stop” (ကျေးဇူးပြု၍ရပ်), “please don’t walk” (ကျေးဇူးပြု၍မလျှောက်နဲ့) ဆိုရင်တော့ နည်းနည်း တော်ပါသေးတယ်။ သို့သော် သိပ်တော့ ယဉ်ကျေးလှတယ် မဆိုနိုင်သေးပါဖူး။ အမှန်မှာ လူတစ်ယောက်ဟာ သူ့လွတ်လပ်ခွင့် အရ သူလုပ်နေတာကို ကိုယ်က မလုပ်စေလိုဖူး၊ တားမြစ် ချင်တယ် ဆိုရင် သူ့ကို အမိန့်ပေးသလို၊ ခိုင်းသလို ပုံစံမျိုး ဖြစ်နေသမျှ ဒါဟာ ရိုင်းစိုင်းတဲ့ စကား အပြုအမူဘဲ ဖြစ်မှာပါ။ အဲဒီလို အခြေအနေမျိုးမှာ အမိန့်ပေးခြင်း၊ ခိုင်းစေခြင်း ပုံစံမျိုး မဖြစ်စေရဘဲ၊ တောင်းပန်ခြင်း၊ ခွင့်ပန်ခြင်းမျိုး ဖြစ်ဖို့ လိုတာမို့ “would you please stop?” (မင်းရပ်ပေးနိုင်မလား) လို့ပြောတာက ယဉ်ကျေးစွာ ပြောဆိုခြင်းမျိုး ဖြစ်ပါတယ်။

အလားတူ ဒီလာခဲ့ ဆိုလျှင် “would you please come here?” ၊ ဟိုကိုသွား ဆိုရင် “would you please go there?” ဆိုတာမျိုး သုံးနှုံး ပြောဆိုခြင်းဖြင့် အင်္ဂလိပ်လို ယဉ်ကျေးစွာ ပြောဆိုရာ ဖြစ်ပါတော့မယ်။

အရိုင်းစကား (၂)

စကားပြောဆိုရာတွင် လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကို ထိပါးစေတဲ့ အကြောင်း အမျိုးမျိုး အနက် တာဝန်မရှိဘဲ လူတစ်ယောက်ကို အမိန့်ပေးခြင်း၊ စေခိုင်းခြင်း ဟာ အင်မတန် ရိုင်းစိုင်း စော်ကားရာ ရောက်သလိုဘဲ၊ အမိန့်ပေးခြင်း၊ စေခိုင်းခြင်း လုပ်ဖို့ ရည်စူးတဲ့ စကားလုံး အသုံးနှုံးများဟာလည်း ရိုင်းစိုင်းရာ ဖြစ်ပါတယ်။

ဥပမာ အားဖြင့် အပိုင်း (၁)မှာ ဆိုခဲ့သလို လူတစ်ယောက်ကို တံခါးပိတ် ခိုင်းစေတာမျိုး၊ “shut the door” လို့ ပြောတာဆို သိပ်ရိုင်းလှပြီး၊ “please shut the door” ဆိုရင်တော့ နဲနဲ တော်သေးတယ် ဆိုရပေမဲ့ ဒါဟာလည်း တကယ်တမ်း လူမှုရေး ဆက်ဆံရေး အပိုင်းကကြည့်မယ် ဆိုရင် ယဉ်ကျေးလှတယ် လို့တော့ မဆိုနိုင်လှပါဖူး။ အဲဒါကြောင့် “would you please shut the door?” လို့ ဆိုသင့်ပြီး၊ ဒါဟာ တစ်ခြားသူ တစ်ဦးရဲ့ သဘော အလျှောက် လုပ်မလားလို့ မေးခြင်း ဖြစ်တဲ့ အတွက် ခိုင်းစေလိုခြင်း၊ ခိုင်းစေခြင်း မပါတဲ့ ယဉ်ကျေးမှု ရှိတဲ့ စကားလုံးမျိုး ဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။ ဒီနေရာမှာ “can you shut the door?” ဆိုပြီး မေးရင်ရော ဒီအသုံးအနှုံးက ယဉ်ကျေးတဲ့ အသုံးအနှုံး ဖြစ်နိုင်ပါ့မလား ဆိုတာ ကိုကြည့်ပါ။ ပြောရရင်တော့ မင်းတံခါး ပိတ်နိုင်မလား အဓိပ္ပါယ်ရတဲ့ အတွက် ဒါဟာ သူ့ကို အမိန့်ပေး၊ စေခိုင်းမှု မပါဖူး လို့ ပြောနိုင်သော်လည်း သူ့ကို အမိန့်ပေး၊ စေခိုင်းဖို့ ရည်စူး သလို ဖြစ်နေအတွက် ဒီလို အသုံးအနှုံးဟာ ကိုယ့်မှာ သူတပါးကို အမိန့်ပေး စေခိုင်းဖို့ တာဝန် မရှိတဲ့ အခါမျိုးမှာ ဆိုရင် ယဉ်ကျေးမှု ရှိတဲ့ စကားလုံးမျိုးလို့ ဆိုလို့မရပါဖူး။

တစ်ယောက်ယောက်ကို “can you” ဆိုတဲ့ စကားလုံးဟာ ထိုသူ့ကို တိုက်ရိုက် အမိန့်ပေး စေခိုင်းတဲ့ သဘောမျိုး မဟုတ်သော်လည်း၊ လုပ်နိုင်မလားလို့ မေးမြန်းခြင်း ဖြစ်တဲ့ အတွက်၊ ဒါဟာ စေခိုင်းဖို့ ရည်စူးတဲ့ စကားလုံးလို့ ဆိုနိုင်ပါတယ်။ ဥပမာ ပြောရရင် တက္ကစီ မောင်းတဲ့ လူတစ်ယောက်ကို “can you take me to the city?” (ငါ့ကို မြို့ထဲကို ပို့ပေးနိုင်မလား) လို့ မေးတာဟာ တက္ကစီမောင်းတဲ့ လူကို ခရီးသည်က စေခိုင်းဖို့ ရည်စူးပြီး မေးတာမျိုး ဖြစ်သလိုပါဘဲ။ မိတ်ဆွေ တစ်ယောက်ကို အဲသည်လို မေးရင်တော့ ဒါဟာ ရိုင်းတယ် လို့ ပြောလို့ရပါမယ်။ (ဒီနေရာမှာ အင်္ဂလိပ် စကား ဝေါဟာရ၊ စကားလုံး ဝါကျသုံးစွဲပုံ၊ နဲ့ သဒ္ဒါ အကြောင်းတွေကို မိမိ အနေနဲ့ ပြောပြနေတာ မဟုတ်ပါဖူး။ ယဉ်ကျေးမှု ပုံစံ အနေအထားကို သိမြင်ပြီး စကားကို ရွေးပြောတတ်ဖို့သာ ပြဆိုခြင်း ဖြစ်ပါတယ်) ဒါကြောင့် “can you” လို့ မေးစရာ ဖြစ်လာတဲ့ အခြေအနေမျိုးမှာ ဆိုရင် မေးမဲ့ လူကို သတိထား ဖို့လိုပါမယ်။ “can you” လို့ သုံးခြင်းဟာ တိုက်ရိုက် အမိန့်ပေး စေခိုင်းတာမျိုး မဟုတ်သော်လည်း၊ အမိန့်ပေး စေခိုင်းဖို့ ရည်စူးဖို့ ရှိတဲ့ သဘောမျိုး ရှိတာကြောင့် ကိုယ့်မှာ ထိုသို့ အမိန့်ပေး စေခိုင်းဖို့ တာဝန်ရှိပါသလား ဆိုတာကို စစ်ဆေးပြီးမှ “can you” ဆိုတဲ့ စကားလုံးမျိုးကို သုံးစွဲသင့်ပါတယ်။ သို့မဟုတ်ပါက “can you” လို့ သုံးမဲ့ နေရာမျိုးတွေမှာ “can I” လို့ စကားသွား ကို ပြောင်းလည်း သုံးစွဲ တာက အကောင်းဆုံး ဖြစ်ပါတယ်။

ဥပမာ အားဖြင့် အထက်က ပြောခဲ့ သလိုဘဲ “can you shut the door?” (မင်းတံခါးကို ပိတ်နိုင်မလား) ဆိုတဲ့ အသုံးအနှုံး အစား “can I ask you to shut the door?” (မင်းတံခါးကို ပိတ်ပေးဖို့ ငါမေးခွင့် ရမလား) ဆိုရင်၊ နားထောင်ရတဲ့ လူအတွက်ရော၊ ပြောတဲ့ လူအတွက်ပါ ချိုသာပြီး သိမ်မွေ့တဲ့ အသွင် ပြောင်းသွားမှာပါ။

တကယ်တမ်း အကြောင်းအရင်းခံ ကတော့ တစ်ဦး တစ်ယောက်ကို အမိန့်ပေးခြင်း၊ ခိုင်းခြင်း သာ ဖြစ်တယ်လို့ ဆိုနိုင်သော်လည်း၊ စကား အပြောအဆိုမှာ သိမ်မွေ့ခြင်းဖြင့် မရိုင်းစိုင်းတဲ့ သဘောမှာ ရှိတဲ့ အခါ စကားလုံးဟာ ချိုချိုသာသာဖြစ်တဲ့ အပြင်၊ ကိုယ့်ရဲ့ လိုအင်ဆန္ဒကို တပါးသူထံမှ ဝန်ဆောင်ပေးမှု ရယူ နိုင်ခြင်းကြောင့် ဒီလို အသုံးအနှုံးမျိုးကို နိုင်ငံတကာ စီးပွားရေး လူမှု အသိုင်းအဝိုင်း သုံးနှုံး စကားပြောပုံ လို့လဲ ခေါ်ကြပါတယ်။ စီးပွားရေး လူမှု အသိုင်းအဝိုင်း သုံးနှုံး စကားပြောပုံ မို့လို့ စီးပွားရေး သမား မဟုတ်တဲ့ အတွက် သူများ အနေနဲ့ သုံးစရာ မလိုဖူးတော့ ပြောလို့မရပါဖူး။ လူတစ်ယောက်ဟာ အခြားလူ တစ်ယောက်ကို တစ်ခုခု တောင်းဆိုချင်တဲ့ အခါမှာ လူမိုက်စကား၊ တနည်း ဆိုရရင် အရိုင်းစကား နဲ့ တောင်းဆို ပါမူ လိုတာ မရဘဲ၊ ရန်လိုခြင်း၊ အမုန်းပွားခြင်းသာ ရနိုင်ပါမယ်။ ပါးနပ်လိမ်မာသူ အနေနဲ့ ဆိုရင်ဖြင့် ယဉ်ကျေး သိမ်မွေ့စွာ ချိုချိုသာသာ ပြောပြီး သူတပါး ထံမှ သူလိုချင်တာကို တောင်းခံ ရယူနိုင်မှာ ဖြစ်ပြီး တပါးသူမှလည်း ကြည်ဖြူစွာ ပေးချင်ပါလိမ့်မယ်။ ဒါကြောင့် စီးပွားရေး လူမှု အသိုင်းအဝိုင်း စကားပြောပုံဟာ လူမှုဆက်ဆံရေးမှာ အောင်မြင်လိုသူတိုင်း အသုံးပြုသင့်တဲ့ ပုံစံ ဖြစ်ပါတယ်။

အရိုင်းစကား (၃)

စကားလုံး သုံးစွဲ အသုံးပြုတဲ့ နေရာမှာ တဖက်သား အပေါ်ကို အမိန့်ပေး၊ စေခိုင်းတဲ့ သဘောမျိုး (သို့မဟုတ်) ထိုသဘောမျိုးကို ရည်စူးတဲ့ အသုံးအနှုံးမျိုးဟာ ဖြင့် ရိုင်းစိုင်းတဲ့ အသုံးအနှုံးမျိုး ဖြစ်တယ်လို့ အရှေ့မှာ ဖော်ပြခဲ့ပါတယ်။ ဒါဟာ ယဉ်ကျေးမှု အနေနဲ့ နှိုင်းချိန်ပြီး ပြောခဲ့တာ ဖြစ်သလို၊ လူတစ်ယောက်ကို သူ့ရဲ့ ပညာအဆင့်အတန်း၊ လူနေမှု အဆင့်အတန်း နဲ့ သူ့ရဲ့ ယုံကြည်မှုများကို ထိပါး ပြောဆိုတာ ဆိုရင်လဲ အင်မတန်မှ ရိုင်းပြပါတယ်။

ဒါနဲ့ ပတ်သက်လို့ ပထမဦးစွာ ပညာ အဆင့်အတန်းနဲ့ ခွဲခြား ပြောဆိုပုံကို ဥပမာ ပြောပြချင်ပါတယ်။ လူတစ်ယောက်က စကား တစ်ခွန်းကို ပြောတဲ့ အခါမှာ သူသိသလောက် တတ်သလောက် ဥာဏ်မှီသလောက်နဲ့ သူပြောဆိုမှာပါ။ အဲသည်လို အခါမျိုးမှာ သူပြောဆိုတာကို “you don’t know…, don’t you know?, you don’t understand…, don’t you understand?” စတဲ့ အသုံးအနှုံးတွေနဲ့ သုံးစွဲ ပြောဆိုတာဟာ အတော်ကို ရိုင်းစိုင်းတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ သဘောက – မင်းမသိသေးဖူးလား၊ မင်းဒါတောင် မသိဖူးလား၊ မင်းနားမလည်ပါဖူး၊ မင်း ဒါကို ဥာဏ်မမှီပါဖူး ဆိုတာဟာ ပြောတဲ့လူကိုယ်တိုင်က သူ့မှာ ပြည့်ဝတဲ့ အနေအထား မရှိတဲ့အပြင်၊ ယဉ်ကျေးမှု အဆင့်အတန်း အလွန်နိမ့်ပါးသူလို့ ဖော်ပြနေတာ ဖြစ်ပါတယ်။ ဒီလို စကားလုံး အသုံးအနှုံးမျိုးဟာဖြင့် ကျောင်းဆရာက သူ့ထံမှာ ပညာ လာသင်ယူနေတဲ့ တပည့်ကျောင်းသားကိုတောင် ပြောသင့်တဲ့ စကားလုံးမျိုး မဟုတ်ပါဖူး။ အကယ်၍ လူတစ်ယောက်ရဲ့ စကားတစ်ခွန်းကို မှားနေတယ်၊ သို့မဟုတ် သူ့ထင်မြင် ယူဆမှု၊ ရည်ညွန်းပြောဆိုမှုတွေဟာ ကိုယ်သိနားလည် လက်ခံထားတဲ့၊ ကြုံတွေ့သိဖူးတဲ့ အဖြစ်အပျက်နဲ့ လွဲချော်နေတယ် ဆိုတဲ့ အခါမျိုးမှာ ပြန်ပြောမယ် ဆိုရင် “you may overlook…” (မင်း မမြင်မိလိုက်တာ ဖြစ်ကောင်းမယ်၊ မင်း သတိမမူမိလိုက်တာ ဖြစ်ကောင်းမယ်)၊ ဆိုပြီး ပြောဆို သုံးနှုံးသင့်ပါတယ်။ ဒါဆိုရင်တော့ သူတပါးရဲ့ သိနားလည်မှုကို မင်းမသိဖူး၊ နားမလည်သေးဖူး၊ ညံ့သေးပါတယ် ဆိုတာမျိုး ပညာ အဆင့်အတန်းကို ခွဲခြားသုံးနှုံးတဲ့ ပုံစံမျိုး မဖြစ်တော့ဘဲ၊ သူ့ကို သိနားလည်မှု ရှိသူ တစ်ဦး အနေနဲ့ လက်ခံပြီး၊ ကိုယ့်ရဲ့ သိနားလည်မှုနဲ့ ထောက်ပြတဲ့ သဘောမျိုး ဖြစ်တဲ့ အခါ စကားဟာ မရိုင်းတော့ပါဖူး။

ဒီလို စကားလုံး သုံးစွဲ ပြောဆိုခြင်းနဲ့ ပတ်သက်ပြီး ဥပမာ ပြောရရင် – လူတစ်ယောက်ဟာ ဈေးသွားဝယ်တယ် ဆိုပါစို့၊ သူဟာ ဖိနပ်ကို ဝယ်ချင်ပေမဲ့ ဖိနပ်ရောင်းတဲ့ ဆိုင်ကို မသွားဘဲ၊ ဟင်းသီးဟင်းရွက် နဲ့ အစားအသောက်တွေ ရောင်းတဲ့ ဆိုင်တွေ ဖက်မှာဘဲ ဖိနပ်ဆိုင် လိုက်ရှာနေတယ်။ ဒီလူဟာ ဘယ်မှာ ဖိနပ်ရောင်းတယ် ဆိုတာ သိမှ မသိတာကိုး။ ဒါဆိုရင် အဲသည်လူကို “ခင်ဗျား ဟိုမှာ ဆိုင်းပုဒ် အကြီးကြီး ရေးထား တာတောင် ဖိနပ်ဆိုင် ဘယ်မှာ ရှိတယ် မသိဖူးလား၊ ခင်ဗျားက အတော် ညံ့တာဘဲ” စသည်ကဲ့သို့ စကားလုံးများ သုံးမယ် ဆိုရင် ထိုသူဟာ အလွန့်ကို ယဉ်ကျေးမှု အောက်တန်းကျသူလို့ ဆိုနိုင်ပါမယ်။ ဒီလို နေရာမျိုးမှာ “ခင်ဗျား သတိမမူမိ လိုက်တာနဲ့ တူပါတယ်၊ ဖိနပ်ဆိုင်က အောက်ထပ်မှာလေ” ဆိုတာမျိုး သုံးစွဲ သင့်ပါမယ်။ နောက်ဥပမာ တစ်ခု ပြောရရင် – လူတစ်ယောက်ဟာ မြန်မာပြည်မှာဘဲ နေလာပြီး တနေ့မှာ နိုင်ငံခြားကို အလုပ်လုပ်ဖို့ ထွက်လာခဲ့တယ်။ အဲဒီတော့ သူ့အနေနဲ့ အလုပ်ကို ဘယ်လို စရှာရမယ် မသိပါဖူး။ သူထင်တာက ကုမ္မဏီတွေ၊ စားသောက်ဆိုင်တွေ တစ်ဆိုင်ပြီး တစ်ဆိုင် ဝင်ထွက် သွားမေးရတယ်လို့ ထင်ပါတယ်၊ ထင်တဲ့အတိုင်းဘဲ သူက လုပ်တယ်။ ဒါနဲ့ ညဖက် အိမ်ပြန်ရောက်တော့ သူ့မိတ်ဆွေကို ပြောပြတယ်၊ “ငါဒီနေ့ တနေ့လုံး အလုပ် လိုက်ရှာရတာ ပင်ပန်းလိုက်တာကွာ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်မေးရတယ်” ဆိုတော့ သူ့မိတ်ဆွေက “မင်းက ငတုံးဘဲ၊ အလုပ်ရှာတာ သတင်းစာတို့ အင်တာနက်တို့မှာ ကြည့်ပြီး ရှာရတာတောင် မင်းမသိဖူးလား” ဆိုရင် သိပ်ရိုင်းတဲ့ စကားမျိုး ပြောတာ ဖြစ်ပါတယ်။ ဒီလို နေရာမျိုးမှာ – “မင်းသတိ မပြုမိလို့ နေပါလိမ့်မယ်၊ ဒီမှာက အလုပ်ရှာရင် အင်တာနက်ပေါ်မှာ သတင်းစာထဲမှာ ကြော်ငြာကို ကြည့် ရှာရတာ” လို့ပြောတာက ယဉ်ကျေးစွာ သုံးနှုံး ပြောဆိုခြင်းမျိုး ဖြစ်ပါတယ်။

ဒီလိုဘဲ လူနေမှု အဆင့်အတန်းနဲ့ ပတ်သက်လို့ ခွဲခြား ပြောတဲ့ စကားလုံးများဖြစ်တဲ့ “တောသားတွေ၊ အောက်ခြေ လူတန်းစားတွေ၊ ဆင်းရဲသားတွေ” စသည်ဖြင့် သုံးနှုံး ပြောဆိုခြင်းဟာဖြင့် အလွန်ကို ရိုင်းစိုင်းတဲ့ အသုံးအနှုံးများ ဖြစ်ကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကိုယ်တွေ့ အဖြစ်အပျက် တစ်ခုကို ပြောပြချင်ပါတယ်။ မိမိ စင်္ကာပူမှာ စီးပွားရေး လုပ်ငန်းလုပ်နေစဉ် မြန်မာ နိုင်ငံမှ ကြော်ငြာ ဒီဇိုင်းပညာရှင် တစ်ယောက် စင်္ကာပူကို ရောက်လာတာနဲ့ ကြုံသိရတဲ့ အခါမှာ သူ့ကို မိမိတို့ လုပ်ငန်းအတွက် ကြော်ငြာ အပ်နှံဖို့ စီစဉ်ပြီး သူနဲ့ စကားပြောပါတယ်။ အဲဒီမှာ သူက – သူ့ဂုဏ်ကို သူဖော်ပြီး သူဟာ တော်ရုံတန်ရုံ စီးပွားရေး လုပ်ငန်းများ အတွက် ကြော်ငြာများကို မလုပ်တဲ့ အကြောင်း၊ အခုလို မိမိရဲ့ စီးပွားရေး လုပ်ငန်းကဲ့သို့ ကြော်ငြာမျိုးကိုသာ သူကလက်ခံ လုပ်တဲ့ အကြောင်း ပြောရာမှာ၊ သူက – “တစ်လုံးချိုင့် အလုပ်တွေ အတွက် ကျွန်တော်က လုပ်ပေးတာ မဟုတ်ဖူး” ဆိုပြီး သုံးနှုံး ပြောလိုက်ပါတယ်။ ဒါနဲ့ မိမိက နားမလည်လို့ “တစ်လုံးချိုင့်” ဆိုတာ ဘာလဲလို့ သူ့ကို မေးကြည့်တော့ တစ်လုံးချိုင့် ဆိုတာ ထမင်းစားရင် ဟင်း တစ်ခွက်တည်းသာ စားနိုင်တဲ့ လူတန်းစား အဆင့်ကို ပြောတာလို့ ပြောပါတယ်။ ဒါနဲ့ မိမိလည်း ဒီလူဟာ ပိုက်ဆံရှိ နာမည်ကြီး တစ်ဦးဖြစ်ပေမဲ့ လူ့ယဉ်ကျေးမှု အဆင့် အတော်နိမ့်ပါးတာမို့ သူလိုလူမျိုးနဲ့ မဆက်ဆံချင်တာကြောင့် သူ့ဆီမှာ အလုပ်မအပ်တော့ပါဖူး။

ဒီလိုမျိုး တစ်ခါတစ်လေ အချို့သော ကိစ္စများမှာ လူနေမှု အဆင့်အတန်း အသိုင်းအဝိုင်းနဲ့ ပတ်သက်ပြီး ခွဲခြား ပြောဆိုရတဲ့ အကြောင်းမျိုး ရှိခဲ့ရင်တောင်မှ တောသားတွေ အစား – တောမှာ နေကြသူတွေ၊ အောက်ခြေ လူတန်းစားတွေ အစား – အခြေခံ လူထု၊ ဆင်းရဲသားတွေ အစား ဝင်ငွေ နည်းပါးသူများ စသည်ဖြင့် သုံးနှုံးပြောဆိုသင့်ပါတယ်။ ဒါကြောင့်မို့ တစ်ဦးနဲ့ တစ်ဦး တိုက်ရိုက် စကားပြောတဲ့ အခါ၊ မင်းတို့ တောသားတွေ၊ မင်းတို့ အောက်ခြေ လူတန်းစားတွေ၊ မင်းတို့ ဆင်းရဲသားတွေလို့ ဆိုတာမျိုး ပိုလို့ပင် တိုက်ရိုက် မပြောဆိုသင့်ပါဖူး။ ဒီလိုပါဘဲ ဟေ့ ဗမာတွေ၊ ဟေ့ ကုလားတွေ၊ ဟေ့ ကရင်တွေ၊ ဟေ့ ကယားတွေ ဆိုပြီး လူမျိုးစု နာမည် တပ်ခေါ်ဝေါ် ပြောဆိုတာမျိုး၊ ဟေ့ သာကေတ သားတွေ၊ ဟေ့ မန္တလေးသားတွေ၊ ဟေ့ အနောက်နိုင်ငံသားတွေ ဆိုပြီးလည်း နေထိုင်တဲ့ နေရာ လူနေမှု အဆင့်ကို ခွဲခြားတဲ့ သဘောမျိုးပါတဲ့ အသုံးအနှုံးမျိုးကို လူနှစ်ယောက် စကားပြောတဲ့ အခါမျိုးတွေမှာ ခေါ်ဝေါ် မသုံးစွဲသင့်ပါဖူး။

တစ်ခါ လူအမျိုးမျိုးဆိုတာမှာ ယုံကြည်မှု အမျိုးမျိုး ရှိကြပါတယ်။ ဘာသာရေး ယုံကြည်မှု၊ နိုင်ငံရေး ယုံကြည်မှု၊ ပုဂ္ဂိုလ်ရေး ယုံကြည်မှု စသည်ဖြင့် ယုံကြည်မှုတွေ ရှိပါတယ်။ တစ်ယောက် ယုံကြည်မှုနဲ့ တစ်ခြား တစ်ယောက် ယုံကြည်မှု ဆိုတာ ထပ်တူဖြစ်ဖို့ မလွယ်ပါဖူး။ ဒီတော့ လူနှစ်ယောက် စကားပြောတဲ့ နေရာမှာ တစ်ဦးရဲ့ ယုံကြည်မှုကို အခြားတစ်ဦးက လေးစားဖို့နဲ့ ထိပါးခြင်း မရှိစေဖို့ စကားလုံး သုံးနှုံးပြောဆိုရာမှာ ဂရုပြုရပါမယ်။ ဥပမာအားဖြင့် ဗုဒ္ဓဘာသာဝင် တစ်ယောက်ဟာ ရှေ့ဘဝ၊ နောက်ဘဝကို ယုံကြည်ပေမဲ့ အခြားဘာသာဝင် တစ်ခုက ဒီလို ယုံကြည်မှု ရှိချင်မှ ရှိပါလိမ့်မယ်။ ဒီအခါ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနဲ့ နောက်ဘဝအတွက် အခုဘဝမှာ ကောင်းတာတွေ လုပ်ရမယ်လို့ ပြောတဲ့အခါ၊ အခြားဘာသာဝင် တစ်ဦးအနေနဲ့ “မင်းဟာ မရှိတဲ့ နောက်ဘဝအတွက် လုပ်မယ်ဆိုရင် အပိုဘဲ” လို့ပြောတာဟာ ရိုင်းစိုင်းတဲ့ စကားမျိုး ဖြစ်ပါတယ်။ ဒီနေရာမှာ – အင်္ဂလိပ်လိုဆိုရင် “I’m afraid…” အရှေ့ကခံပြီး၊ “မရှိတဲ့ နောက်ဘဝအတွက် လုပ်မယ်ဆိုရင် အပိုဖြစ်မယ်လို့ ငါစိုးရိမ်မိတယ်” လို့ဆိုရင် နည်းနည်း တော်သေးပါတယ်။ သူတပါးရဲ့ ယုံကြည်မှုကို ကိုယ့်ရဲ့ ယုံကြည်မှုနဲ့ နှိုင်းယှဉ်ပြီး ထင်မြင်ချက် ပေးတာ ဖြစ်လို့ သိပ်ရိုင်းတယ်လို့ မဆိုနိုင်သော်လည်း၊ အကောင်းဆုံးက ကိုယ့်ရဲ့ ယုံကြည်မှုသာ မှန်ကန်တယ်၊ သူ့ရဲ့ ယုံကြည်မှုက မှားယွင်းတယ် ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်မှု မရှိစေရန် “I might be wrong, …” ငါ့ရဲ့ ယုံကြည်ချက်က မှားကောင်းမှားနိုင်တယ် ဆိုပြီး ရှေ့ကနေ ခံပြောတာဟာ ယဉ်ကျေး သိမ်မွေ့စွာ ပြောဆိုခြင်းမျိုး ဖြစ်ပါတော့တယ်။

အရိုင်းစကား (၄)

တကယ်တော့ အရိုင်းစကား ဆိုပြီး ရေးသား ဖော်ပြခဲ့တဲ့ ရှေ့ပိုင်းများမှာ ပြောခဲ့တာတွေက ပွဲနေပွဲထိုင် လူကြီးလူကောင်း ဆန်ဆန် စကားပြောတဲ့ ပုံစံမျိုးလို့ ဆိုနိုင်သော်လည်း လုပ်ဖော် ကိုင်ဖက် အချင်းချင်း၊ တစ်ယောက်နဲ့ တစ်ယောက် သိကျွမ်းတာ ကြာပြီး အလွန်ရင်းနှီးတဲ့ သူငယ်ချင်း မိတ်ဆွေတွေ အကြားမှာလည်း တစ်ယောက်နဲ့ တစ်ယောက် မည်မျှပင် ရင်းနှီး သိကျွမ်းနေပင်မဲ့ ယဉ်ကျေးမှု ဘောင်ကျော်ပြီး ပြောဆိုတာမျိုးကတော့ မလုပ်သင့်ပါဖူး။ မိမိမှာဆိုလျှင် အလွန့်ကို ရင်းနှီးတဲ့ ယောက်ျားလေး သူငယ်ချင်းများနဲ့ မိန်းကလေး သူငယ်ချင်းများ ရှိကြပါတယ်။ မိမိတို့ကြားမှာ “dog.., bitch…, son of bitch” (ခွေးကောင်၊ ခွေးမ၊ ခွေးမသား) စသည်ဖြင့် ခေါ်ဝေါ် သုံးစွဲကြတာကို အခြေအနေအရ မိမိတို့ အနေနဲ့ တစ်ယောက်ကို တစ်ယောက် ရိုင်းတယ်လို့ မမှတ်ကြသော်လည်း စေခိုင်းတဲ့ ပုံစံမျိုး၊ စေခိုင်းလိုတဲ့ သဘောမျိုး၊ သက်ရောက် စေတဲ့ စကားလုံးများ ပြောကြရင်တော့ ရိုင်းတယ်လို့ ယူဆကြပါတယ်။ ဒါကြောင့်မို့ သူငယ်ချင်း တစ်ယောက်နဲ့ တစ်ယောက် ချိန်းဆိုတဲ့ အခါမျိုးတွေမှာ ဆိုရင် – Can we meet together? သို့မဟုတ် Can you see me? ဆိုတာမျိုးဟာ ကိုယ့်ရဲ့ ဆန္ဒကို တဖက်က လိုက်လျှောစေလိုတဲ့ သဘောမျိုး သက်ရောက်စေတဲ့ အတွက် ဒီလိုမျိုး မသုံးကြပါဖူး။ ဒီလိုအစား “I am wondering if we can meet together”, “I am wondering if you can see me” ဆိုတာမျိုး သုံးကြပါတယ်။ မြန်မာလို ဆိုရင်တော့ “ငါတို့ တွေ့ကြမလား” “မင်းငါ့ကို တွေ့မလား” ဆိုတာမျိုး ဖြစ်ပါတယ်။ ဒီလိုဘဲ တစ်ခါ အချိန်နဲ့ ပတ်သက်ပြီး ချိန်းဆိုမယ် ဆိုရင်လည်း “Can you see me today?”, “Can we meet at 3PM?” ဆိုတာမျိုး အစား “Does 3PM work for you?” ဆိုတာမျိုး ဟာ လုပ်နိုင်မလား ဆိုတာထက်၊ ဖြစ်နိုင်မလား လို့ ပြောတာမျိုး သုံးကြပါတယ်။ စီးပွားရေး အသိုင်းအဝိုင်းကြား ဆိုရင်တော့ “Does 3PM work for you?” ဆိုတာဟာ သာမာန် ရင်းနှီးတဲ့ သူငယ်ချင်း စကားမျိုး ပုံစံ ပေါက်တာကြောင့် “Is possible for you … ” , “Is convenient for you …” ဆိုပြီး သုံးကြပါတယ်။

နောက် တစ်ပိုင်းကတော့ တစ်ယောက်ကို တစ်ယောက် စွပ်စွဲတဲ့ သဘောမျိုး သက်ရောက်တဲ့ စကားမျိုးများ ဖြစ်ကြပါတယ်။ တစ်ယောက်ကို တစ်ယောက် စွပ်စွဲတာမျိုးကို လုံးဝ မသုံးသင့်ပါဖူး။ ဥပမာ လူတစ်ယောက်က မျက်နှာမသာယာတာကို တွေ့တာနဲ့ “မင်းကြည့်ရတာ နေမကောင်းဖူးနဲ့ တူတယ်” လို့ ပြောတာဟာ စွပ်စွဲရာ ရောက်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ မင်းနေမကောင်းဖူးလား လို့ မေးတာက သိပ်ပြဿနာ မရှိပေမဲ့၊ “မင်းကြည့်ရတာ နေမကောင်းဖူးနဲ့ တူတယ်” လို့ ပြောရင်တော့ ကိုယ့်ရဲ့ ထင်မြင်ချက်နဲ့ သူတစ်ပါးကို စွပ်စွဲတဲ့ ပုံစံမျိုး ပေါက်နေပါတယ်။

စွပ်စွဲတယ် ဆိုတာ၊ တစ်ယောက်ကို တစ်ယောက်က မယုံကြည်ရာ၊ တန်ဖိုး မထားရာ၊ မလေးစားရာ ရောက်တဲ့အတွက်လည်း စွပ်စွဲတဲ့ အသုံးအနှုံးများဟာဖြင့် လူမှု ဆက်ဆံရေးမှာ ရိုင်းပြတဲ့ အသုံးအနှုံးများလို့ ဆိုရမှာဖြစ်ပါတယ်။ တကယ်တော့ စွပ်စွဲတယ် ဆိုတဲ့ စကားလုံးမျိုးတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အကြီးအကျယ် ရန်ဖြစ်တဲ့ အခါမျိုးတွေမှာမှ သုံးကြတာ များပါတယ်။ ဥပမာ “ရှင်က နောက်မယားနဲ့ သွားနေတာ ကျုပ်မသိဖူး မှတ်လို့လား” ဆိုတာမျိုးဟာဖြင့် သာမာန် လူမှုဆက်ဆံရေး အခြေ အနေမျိုးတွေမှာ မသုံးသင့်တဲ့ စကားလုံးမျိုးတွေ ဖြစ်ပါတယ်။ မိမိကိုယ်တွေ့ တစ်ခု ဆိုရင် အသက် ၂၂ နှစ်လောက်သာ ရှိသေးတဲ့ မိမိ သူငယ်ချင်း တစ်ယောက်ဟာ တရက်မှာ ညစာစားဖို့ သူ့အိမ်ကို ဖိတ်ပြီး အသားကင် စားကြပါတယ်။ အဲဒီမှာ သူက မိမိကို ဝိုင်တစ်လုံး ဖောက်ပြီး “သောက်မလား” မေးတဲ့ အခါမှာ မိမိက “မသောက်ချင်ပါဖူး” လို့ ငြင်းတော့၊ သူက “မင်း ဝိုင်ကြိုက်တာ ငါသိပါတယ်၊ မင်းသောက်ချင်မှာပါ” လို့ ပြောပြီး ဖန်ခွက်ထဲ ကို ထည့်တိုက်တဲ့ အခါမှာ – သူ့မိခင်က သူ့သား (မိမိ သူငယ်ချင်း)ကို “မင်းဟာ အတော်ရိုင်းပါလား၊ မသောက်ချင်ပါဖူးလို့ ငြင်းတဲ့ လူကို သောက်ချင်မှာပါဆိုပြီး စွပ်စွဲတာဟာ အရမ်းကို ရိုင်းစိုင်းတဲ့ အပြုအမူဖြစ်တယ်၊ မင်းရဲ့ မိတ်ဆွေ ဧည့်သည်ကို ပြန်တောင်းပန်လိုက်ပါ” ဆိုပြီး ဆုံးမတာကို ကြုံရဖူးပါတယ်။ တစ်ယောက်ကို တစ်ယောက်က စွပ်စွဲတယ် ဆိုတဲ့ အသုံးအနှုံးမျိုး များဟာ တိုက်ရိုက် စွပ်စွဲတာမျိုး မဟုတ်သည့်တိုင်အောင် အခုပြောသလို စွပ်စွဲတဲ့ သဘောမျိုး သက်ရောက်တဲ့ ထင်ကြေး မြင်ကြေးနဲ့ ပြောဆိုတာတွေဟာလည်း စွပ်စွဲတာ တစ်မျိုးဘဲ ဖြစ်ပါတယ်။ ဥပမာ “မင်းကြည့်ရတာ ကုလားနဲ့တူတယ်” ဆိုတာမျိုး၊ “မင်းကြည့်ရတာ နားမလည်ဖူးနဲ့ တူတယ်” ဆိုတာမျိုး တွေဟာ စွပ်စွဲချက် ပါတဲ့ အသုံးအနှုံးတွေဘဲ ဖြစ်ပါတယ်။

စွပ်စွဲတဲ့ စကားလုံး အသုံးအနှုံးတွေဟာဖြင့် မြန်မာလူမျိုး အချင်းချင်း၊ မြန်မာ့ အသိုင်းအဝိုင်း အကြားမှာဆိုရင် သိပ်ပြီး ထူးထူးခြားခြား မရှိသော်လည်း နိုင်ငံ တကာ စီးပွားရေး လူ့ အသိုင်းအဝိုင်းနဲ့၊ သံတမာန် လူ့အသိုင်း အဝိုင်းကြားမှာ ဒီလို စကားလုံးမျိုးများဟာ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေးကို အကြီးအကျယ် ထိခိုက် စေနိုင်တဲ့ သိပ်ကို ထိတ်လန့်စရာကောင်းတဲ့ စကားလုံးမျိုးများ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အင်္ဂလိပ်လို စကားပြောပြီ ဆိုရင်တော့ စွပ်စွဲတဲ့ အသုံးအနှုံးတွေကို မသုံးဖြစ်ဖို့ အထူး ဂရုစိုက်ဖို့ လိုပါတယ်။ အထက်မှာ ပြောခဲ့သလို နေ့စဉ် လူမှု ဆက်ဆံရေးမှာ တစ်ခါတစ်လေတော့လည်း တစ်ယောက်နဲ့ တစ်ယောက်ဟာ “မင်းကြည့်ရတာ ကုလားနဲ့ တူတယ်နော်” ဆိုတာမျိုး မဟုတ်ရင်တောင်မှ “မင်းကြည့်ရတာ ဗိုက်ဆာနေတယ်နဲ့ တူတယ်” ဒါမှမဟုတ် “မင်း သူ့ကို ကြိုက်နေတယ်နဲ့ တူတယ်” ဆိုတာမျိုးတွေ ပြောဖို့ ဖြစ်လာ တတ်ပါတယ်။ အဲဒီလို ပြောဖို့ ဖြစ်လာခဲ့တဲ့ အခါမျိုးမှာ – “I think you are starving”, “I think you like her/him” လို့သုံးနှုံး မပြောဘဲ၊ “You seem you are starving”, “You seem you like her/him” လို့ ပြောရင်ကိုယ့်ရဲ့ ထင်မြင်ယူဆချက်နဲ့ ကောက်ချက် မပေးဘဲ၊ ကိုယ့်ရဲ့ အမြင်မှာ ပေါ်လွင်တာကို ပြောပြတဲ့ သဘောမျိုး ဖြစ်တဲ့ အတွက် နဲနဲ တော်ပါသေးတယ်။ သို့သော် အကောင်းဆုံး ကတော့ သူတစ်ပါး (ပုဂ္ဂိုလ်ရေး) အပေါ်မှာ ကိုယ့်ရဲ့ ထင်မြင် ယူဆချက်ကို လုံးဝ မဖော်ပြဘဲ နေတာဟာ အကောင်းဆုံး ဖြစ်တဲ့ အတွက် “Are you starving?”, “Do you like her/him?” ဆိုပြီး ကိုယ့်အမြင်ကို သူ့အဖြေပေါ်မှာသာ လက်ခံတာဟာ လူမှုဆက်ဆံရေးရဲ့ ယဉ်ကျေးမှု တစ်ခု ဖြစ်ပါတော့တယ်။

 

ရေးသားသူ - ကိုအောင်အောင် (http://www.aung.info)

 

အရိုင်းစကား (၅)

 

(Reproduced with permission from the author. Read more articles like this at http://www.aung.info.)

Views: 3085

Reply to This

Replies to This Discussion

Thank u ပါ

Thanks a lot Ko Aung Aung. Even though we know, we forget to say politely sometime as a close relation between our friends, colleagues, family and students.

U subject reminds me to speak politely.

 

Could u please write more like this suject for people who are learning English?

 

OK?

There are some other articles in English & Myanmar in his web site. You can check that out at http://www.aung.info/ . I am sure you will enjoy what you read.

 

Thanks!

Exceptionally good!

ကျေးဇူးတင်ပါတယ်.....
thank you.

တကယ်ကိုအကျိုးရှိပါတယ်ခင်ဗျာ...

ကျေးဇူးတင်ပါတယ် ကိုအောင်အောင်

Thanks a lot for highligting this topic
Courtesy is the forerunner of diplomacy. Very important indeed.
Thanks!
Many thanks Ko Aung Aung. I will visit your website.

Thanks a lot.....

 

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service