အတတ်ပညာဆိုသည်မှာကား

ဆရာတို့ထံ နည်းခံတိုးဝင်

မသင်မမေး အလေးမထား

မတတ်ငြားဘူး

(မဃဒေ၀)

 

မိတ်ဆွေဆယ်တန်းအောင်ပြီးစလား။ ဘွဲ့ရပြီးခါစလား . . .။ အလုပ်ရှာနေလား . . .။ နိုင်ငံခြားသွားမလို့လား။ (ဟဲ ဟဲ) ကျွန်တော်အတတ်ဟောလိုက်မယ်။ ခင်ဗျား အင်္ဂလိပ်စာသင်တန်းတက်ဖို့ စုံစမ်းနေလိမ့်မယ်။သူငယ်ချင်းတွေ ကိုမေး ကြည့်တော့ ဟိုဆရာကောင်းတယ်။ ဒီဆရာလည်းကောင်းတယ်။ သတင်းစာတွေ ဂျာနယ်တွေမှာလည်း အင်္ဂလိပ်စာ သင်တန်း ကျောင်းတွေကအပြိုင်အဆိုင်ကြော်ငြာနေကြတယ်။ “for your better future" တို့ “providing you the best education” တို့ (ကိုယ့်ဘာသာစိတ်ထဲရှိတာရေးထားတဲ့ဆောင်ပုဒ်တွေပါ။ တိုက်ဆိုင်သွားတဲ့ သင်တန်း ကျောင်းများ ခွင့်လွှတ်ပါ) စတဲ့ဆောင်ပုဒ်တွေမြင်တာနဲ့ ပြေးတက်ချင်စိတ်ပေါက်သွား မယ်။  ။ ဒီကြားထဲ အိမ်လိုက်သင် ပေးတယ်ဆိုတဲ့ ဆရာတွေကလည်းရှိသေး။ မိတ်ဆွေရွေးချယ်စရာ တွေက သိပ်များနေပြီ။ IT ခေတ်ရဲ့သားကောင် ကျွန်တော်တို့အတွက်တော့ သတင်းနင်  information overload ဖြစ်ပြီး ဘယ်သူ့ကိုရွေးရမှန်း မသိတော့ဘူး။ တက်ပြီးမှ ကိုယ်နဲ့ အဆင်မပြေရင်ခက်ရချည်ရဲ့ဆိုတဲ့အဖြစ်မျိုး ကြုံဖူးကြပါသလား။

ဒီတော့ ဘယ်လိုဆရာကိုရွေးတက်မလဲ၊ မတက်ခင်ဘာတွေစုံစမ်းသင့်သလဲ၊

သင်တန်းတစ်ခုတက်ရောက်ရာမှာ

(က) သင်တန်းကြေး (ကျွန်တော်တို့အများစုအတွက်အင်မတန်အရေးကြီးပါတယ်)

(ခ) မိမိတက်နိုင်မည့်အချိန်

(ဂ) သွားရမည့်နေရာနှင့်ခရီးလမ်း(ဘတ်စ်ကား) အဆင်ပြေမှု

(ဃ) သင်တန်းကာလ

(င) သင်ကြားမှုပုံစံ

(စ) သင်တန်းဆရာ/ကျောင်း ရဲ့ဝန်ဆောင်မှု

စသည့်အချက်တွေကိုမိမိနဲ့အဆင်အပြေဆုံးဖြစ်အောင်ချိန်ညှိယူရမှာဖြစ်ပါတယ်။ တခြားအချက်တွေရှိရင်လဲ ရှိဦးမှာပါ။  (က) မှ (ဃ) ပါအချက်တို့ကတော့ မိမိဘာသာစုံစမ်းပြီးဆုံးဖြတ်ကြည့်ရုံနဲ့ သိသာတဲ့ အချက် တွေဖြစ်ပါ တယ်။ နောက်ဆုံးကျန်တဲ့နှစ်ချက်ကတော့အရေးကြီးတဲ့အတွက် ကျွန်တော်တို့ TEFL/TESL လောကသားများရဲ့ အင်္ဂလိပ်ဘာသာစကားသင်ကြားရေးအပေါ်ချဉ်းကပ်ပုံနည်းလမ်း တစ်ချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

 

သင်ကြားမှုနည်းလမ်းများ

ဆရာတစ်ယောက်နဲ့တစ်ယောက် သူဖြတ်သန်းခဲ့ရတဲ့ ခေတ်၊ သင်ယူခဲ့ရတဲ့ပညာ၊ ဆည်းပူးခဲ့ရတဲ့ အတွေ့အကြုံ မတူတဲ့ အတွက်ကြောင့် သင်ကြားမှုပုံစံတွေအမျိုးမျိုးရှိတတ်ကြပါတယ်။ ဒီမှာ ဘယ်ဆရာ/ ဘယ်သင်တန်းကျောင်းရဲ့ သင်ကြားမှုဟာ ပိုကောင်းတယ်မကောင်းဘူး ဆိုတာကိုဝေဖန်တင်ပြမှာမဟုတ်ပါဘူး။ အောက်ပါသင်ကြားမှုပုံစံ တွေထဲက မိတ်ဆွေကိုယ်တိုင် မိမိလိုအပ်ချက်နဲ့ ကိုက်ညီ တဲ့ teaching style ရှိတဲ့ဆရာထံမှာချည်းကပ်သင်ယူတာ အကောင်းဆုံးပါ။

Communicative Approach (Communicative Language Teaching)

ယခုခေတ် International school တွေခေတ်စားလာချိန်နဲ့အတူ BC တို့ AC နဲ့ တက္ကသိုလ်က Dip ELT, Dip ELTM ဘွဲ့ရ သင်တန်းဆင်းဆရာ/မ တွေများလာ ချိန်မှာ နေရာတကာမှာ ကျယ်ကျယ်လောင်လောင်ကြားနေရတဲ့ သင်ကြား မှု ပုံစံတစ်မျိုးပါ။တကယ်တော့ ဒီစနစ်ဟာ ၁၉၈၀ ပြည့်နှစ်တွေကစပြီးခေတ်စားခဲ့တာပါ။  ဘာသာစကားသင်ယူမှုဟာ ပျော်ပျော်ရွှင်ရွှင်သက်တောင့်သက်သာအခြေအနေမှာ အကောင်းဆုံး သင်ယူနိုင်တယ်ဆိုတဲ့အယူအဆကို အခြေခံ ထားပါတယ်။ communicative ပုံစံသင်ကြားမှုမှာ ဆရာကော ကျောင်းသားပါ target language (အင်္ဂလိပ်ဘာသာ) ကိုတစ်ချိန်လုံးအသုံးပြုပါတယ်။ မိခင်ဘာသာစကားအသုံးပြုမှုကို အတတ်နိုင်ဆုံးရှောင်ပါတယ်။ ဆရာက ရှင်းပြသူ (knowledge giver) မဟုတ်ဘဲ ကျောင်းသားရဲ့အစွမ်းအစကိုတွန်း တင်ပေးမယ့် (facilitator) နေရာမှာနေပါတယ်။ ခေတ်မှီမှီပြောရရင်တော့ကျောင်းသားဗဟိုပြုစံနစ် (student centered) ပါတဲ့ခင်ဗျာ။ ဝေါဟာရအသစ်သင်ကြားရာမှာ၊ ကျောင်းသားနားမလည်လို့ရှင်း ပြရာမှာ အင်္ဂလိပ်ဘာသာ ကိုပဲအသုံးပြုပါတယ်။ ယနေ့ခေတ်စားနေတဲ့စာအုပ်တွေထဲမှာ Jack C Richard ရဲ့ New Interchange series ဆိုရင် ကျောင်းတိုင်းရဲ့ လက်စွဲ လိုတောင်ဖြစ်နေပါတယ်။  ဒီနည်းစံနစ်ဟာ အခြေခံကောင်းတဲ့ကျောင်းသားတွေ၊ ရဲတင်းသွက်လက်တဲ့ ကျောင်းသားတွေ နဲ့တော့ကိုက်ညီပါတယ်။ အမှားလုပ်မှာမကြောက်သူတွေအတွက်အဆင်ပြေပါတယ်။ grammar ကိုဥပဒေသတွေ တိုက်ရိုက် သင်ကြားပေးတာထက် ကျောင်းသားကိုယ်တိုင် နမူနာဝါကတွေကနေထုတ်ယူဆင်ခြင် တဲ့နည်းကို အလေးထားပါတယ်။ ကျောင်းသားတွေပျော်ရွှင်စွာ သင်ယူနိုင်အောင် game တွေ၊ communicative activities တွေနဲ့ လေ့ကျင့်ရပါတယ်။ worksheet တွေတစ်ခုပြီးတစ်ခုပေးရင်း တစ်ခါတစ်လေ ကျောင်းသားတွေရဲ့ အတွေးမှာ မတတ်လို့ လာသင်ပါတယ် အင်္ဂလိပ်လိုပဲပြောခိုင်းနေတယ်။ ဆရာက ဘာမှလဲမသင်ဘူး။ ငါတို့ကိုပဲခိုင်းနေ တာပဲ လို့ ထင်ကြမှာပါ။ ကျောင်းသားရဲ့ motivation အရမ်းအရေးကြီးပါတယ်။ အခြေခံအားနည်းတဲ့ကျောင်းသား၊ ရှက်တတ်တဲ့ သူများတော့ တစ်လတောင်မခံဘူး စိတ်ပျက်သွားနိုင်ပါတယ်။ ကျောင်းသား နည်းနည်းနဲ့သင်လို့ တစ်ဦးချင်းဂရုစိုက်နိုင်ပါတယ်။ အဲ ... သင်တန်းကြေးလည်းများလေ့ရှိပါတယ်။

 

Grammar Translation Method

ခေတ်ဟောင်းနည်းလို့ဆိုကြပေမယ့် သူ့အားသာချက်နဲ့သူရှိပါတယ်။ ကျွန်တော်တို့ငယ်ငယ်က သင်ယူခဲ့ရတဲ့ပုံစံပါ။ ဘာသာစကားသင်ယူခြင်းဟာ ကျောင်းသားရဲ့ စိတ်ပိုင်းကိုလေ့ကျင့်ပေးခြင်း၊ သင်ယူတဲ့ဘာသာရဲ့ စာပေအနုပညာ ကိုနားလည်ခံစားတတ်ခြင်းအဓိကဆိုတဲ့သဘောတရားကိုအခြေခံထားပါတယ်။  ဆရာကရှေ့ကတိုင်ပေး၊ ကျောင်းသား တွေကနောက်ကလိုက်ဆို (chorus method)၊ ဆရာက အင်္ဂလိပ်လိုကနေ မြန်မာလိုဘာသာပြန်ပေး တာကို ကျောင်းသားတွေကလိုက်မှတ်၊ ပြီးရင် ဝေါဟာရစာရင်း (vocabulary list) ကို အာဂုံဆောင်။ grammar ကိုအဓိက ထားသင်ပေးပြီး တတ်မြောက်မှုကို စာမေးပွဲတွေနဲ့စစ်ဆေးတတ်ပါတယ်။ (တစ်ခါတစ်ရံတော့လည်း လောကွတ်ချော် တတ်တဲ့ဆရာတစ်ချို့က ကျောင်းသားမှတ်စရာမလိုအောင် မှတ်စုထုတ်ပေးတဲ့အခါ ကျောင်းသား တွေ မိမိကိုယ်ကိုယ်အားကိုးချင်စိတ်လျော့သွားတဲ့ spoon feeding method ဖြစ်သွားတတ်ပါတယ်) ကျောင်းသား အင်အား အများကြီးကို ဆရာတစ်ယောက်တည်းနဲ့ သင်ကြားပေးနိုင်တဲ့အတွက် အစိုးရကျောင်းတွေ၊ အပြင်က လစဉ်ကြေးယူပြီး သင်တဲ့ သင်တန်းတွေမှာတွေ့လေ့ရှိတဲ့ပုံစံပါ။ တစ်ဖက်ကလည်းကျောင်းသားတွေများတော့ တစ်ဦးချင်းရဲ့ အားနည်းချက်၊ အားသာချက်ကိုပြင်ဆင်ပေးဖို့အချိန်မလုံလောက်တတ်ပါဘူး။ လက်ထောက်ဆရာတွေ ရှိရင်တော့အဆင်ပြေနိုင်ပါတယ်။ ဆရာရဲ့အခန်းကတော့ ပညာပေးသူ (knowloedge giver), authority ဖြစ်ပြီး ကျောင်းသားက passive role ကနေသင်ယူရပါတယ်။

 

Audiolingual Method and Situational Language Teaching

      ဒုတိယကမ္ဘာစစ်အတွင်းအမေရိကန်စစ်တပ်မှာစစ်သားတွေကိုသင်ပေးရင်းနဲ့ ခေတ်စားလာ ခဲ့တဲ့ သင်ကြားနည်း တစ်ခုပါ။ English 900 ဆိုတဲ့စာအုပ်ဟာဆိုရင် မြန်မာနိုင်ငံမှာ အတော်လေးခေတ်စားခဲ့ပါသေးတယ်။ language lab ကိုအသုံးပြုပြီး ကျောင်းသားကို drill လုပ်ခိုင်းခြင်းဟာအဓိကပါ။ ၀ါကျတစ်ကြောင်းကိုထပ်တလဲလေ့ကျင့်ခြင်းဖြင့် ကျောင်းသားရဲ့ ဘာသာစကားကျွမ်းကျင်မှု (language mastery ) ရအောင်ဦးတည်လေ့ရှိပါတယ်။ မူရင်းအသံထွက် လေယူလေသိမ်းကိုအတူဆုံးဖြစ်အောင် တုပရပါတယ်။ ကြက်တူရွေး နုတ်တိုက်သင်နည်းလို့ သာဆိုချင်ပါတယ်။

သူနဲ့မရှေးမနှောင်းပေါ်ထွက်ခဲ့တဲ့ situatioanal language teaching ဆိုတဲ့စနစ်တစ်ခုရှိပါသေးတယ်။   ယနေ့စာအုပ် ဆိုင်တွေမှာတွေ့ရတဲ့ အင်္ဂလိပ်-မြန်မာလိုပြုစုထားတဲ့ အင်္ဂလိပ်စကားပြောနည်းစာအုပ်အများစုဟာ situational approach ကိုအသုံးချထားတယ်လို့ဆိုရင်မမှားပါဘူး။ အခြေအနေတစ်ရပ်မှာဘယ်လိုပြောမလဲဆိုတဲ့ ဖြစ်နိုင်ခြေရှိတဲ့ language functions တွေကိုသင်ပေးကြပါတယ်။ ဥပမာ- လေဆိပ်မှာဘယ်လိုပြောမလဲ။ ဟိုတယ်မှာဘယ်လိုပြော မလဲ။ ဈေးဝယ်ရင်ဘယ်လိုပြောမလဲ စသည်ဖြင့်ခေါင်းစဉ်တွေခွဲပြီးသင်ပေးပါတယ်။ ခေတ်စားခဲ့တဲ့စာအုပ်တွေကတော့ Kernel lesson series နဲ့ Situational Dialogues ဆိုရင်လူတိုင်းသိကြမှာပါ။ သူလည်း သင်တဲ့ဆရာအပေါ်မူတည် ပြီး တစ်ခါတစ်လေ grammar translation method ဖြစ်ရင်ဖြစ်၊ တစ်ခါတစ်လေတော့လည်း role play လုပ်ခိုင်းရင်း audiolingual method ဆီရောက်သွားတတ်ပါတယ်။

အထက်ပါသင်ကြားနည်းလေးမျိုးဟာ ကျွန်တော်တို့နိုင်ငံမှာ အသုံးပြုခဲ့၊ လက်ရှိအသုံးပြုနေတာတွေ့ရတဲ့ ရေပန်း အစားဆုံးနည်းတွေဖြစ်ပါတယ်။ တခြားနည်းစနစ်တွေအများကြီးရှိသေးပေမယ့် ဒီလောက်ဆိုရင် အကြမ်းဖျင်းလောက် တော့ခန့်မှန်းလို့ရနိုင်ပါပြီ။ တစ်ချို့ဆရာတွေကတော့ ကောင်းနိုးရာရာတွေကိုယူပြီးသုံးတဲ့ ecletic method နဲ့သင် တတ်ကြပါတယ်။

 

ယေဘုယျပြောရလျှင် ဆရာတစ်ယောက်ရဲ့သင်ကြားမှုပုံစံဆိုတာ ၄င်းရဲ့ကိုယ်ရည်ကိုယ်သွေး နဲ့ နည်းလမ်းအစုအဝေး ကိုခြုံပြီးသတ်မှတ်သင့်ပါတယ်။ (Teaching style = Personality + Approach + Method + Technique)

Approach ဆိုတာ ဘာသာစကားသင်ယူမှုအပေါ်ထားတဲ့အခြေခံသဘောတရားသီအိုရီလို့ပြောရင်ရမယ်နဲ့တူပါတယ်။

ဥပမာ communicative language teaching method က Language learning is communicating. လို့မှတ်ယူ ပါတယ်။ Audiolingual method နဲ့ Situational Language Teaching ကတော့ Language learning is habit formation. လို့ယူဆကြပြန်ရော။

ဒါကြောင်း approach ပေါ်မူတည်ပြီး method ပြောင်းပါတယ်။ Technique ကတော့ စာသင်ခန်းထဲမှာ ဘယ်နေရာ ရောက်ရင် ဘယ်လိုသင်မယ်ဆိုတဲ့ ဆရာတစ်ယောက်ချင်းရဲ့နည်းစနစ်ပါ။

 

မိမိနှင့်ကိုက်ညီရာကိုရွေးပါ

သူများကောင်းတယ်ဆိုလို့လိုက်မကောင်းပါနဲ့။ သူများကြိုက်တာ မိတ်ဆွေကြိုက်ချင်မှကြိုက်မှာပေါ့။ မိမိကိုယ်မိမိ ပြန်ဆန်းစစ်ကြည့်ပါဦး။ ငါဟာ ဆရာက တစ်လုံးသင်လိုက်ရင် နှစ်လုံးလောက် အဘိဓါန်မှာရှာကြည့်တတ်သူလား။ မှတ်စုထဲမှာလိုက်ရေးတတ်သူလား။ ဒါမှမဟုတ် စာဖတ်ရမှာပျင်းသူလား။ သူများတွေနဲ့ သံပြိုင်လိုက်ဆိုရတာကို သဘောကျလား။ ဆရာမေးခွန်းတွေမေးရင် ပြန်ဖြေရတာသဘောကျလား။ တိတ်တိတ်ကလေးနေရတာ သဘောကျလား။ ကိုယ်ပြောရတာကိုသဘောကျလား။ သူများပြောတာနားထောင်ရတာသဘောကျလား။ ရှေ့သင်ခန်းစာတွေကြိုဖတ်လေ့ရှိလား။ ဆရာသင်တာကိုစောင့်တတ်သူလား။ အတန်းရှေ့ထွက်ပြီးစကားပြော ရတာကိုသဘောကျသူလား။ စာစီစာကုံးရေးရတာကိုသဘောကျသူလား။ မိမိဟာ စိတ်အားတက်ကြွနေသူလား။ သူလိုငါလို ခပ်ပျင်းပျင်းထဲကလား စသည်ဖြင့် လားပေါင်းများစွာမေးပြီးမှ သင့်တော်ရာဆရာ/ကျောင်းတစ်ခုမှာ သင်ယူပါလို့အကြံပေးပါရစေ။

 

သင်တန်းဆရာ/ကျောင်းရဲ့ဝန်ဆောင်မှု

နဖူးစွန်းနှင့်ဒူးပွန်းခံကာ

ကိုးကွယ်ပါလည်း ဆရာလွဲက

ငရဲအပါယ် အမြစ်တွယ်

ဝဠ်နွယ်ရှည်လျားရာ။

(လယ်တီဆရာတော်ဘုရားကြီး) မိန့်ကြားတာကို မေတ္တာရှင်(ရွေပြည်သာ)ဆရာတော်က သညာသိနှင့်ပညာသိ စာအုပ်မှာ ရေးသားထားဖူးပါတယ်။

ဆရာတော်ကြီးကတော့ ဆရာအရွေးမှားလျှင် သံသရာတစ်ခုလုံးမှောက်တတ်ပုံကို လောကုတ္တရာအမြင်နဲ့ဆုံးမထား တာပါ။ စာသင်သားတွေကတော့ ဆရာအရွေးမှားလျှင် အနည်းဆုံး အချိန်ကုန်ငွေကုန်လူပန်းဖြစ်ရပါတယ်။ ဟိုးအရင် ခေတ်တုန်းကတော့ ဆရာဆိုတာ အခကြေးငွေမယူဘဲ(ယူရင်လဲမဖြစ်စလောက်သာ)သင်ကြားပေးတဲ့ပညာကိုဖြန့်ဝေ ချင်တဲ့လူမျိုးတွေပေါ့။ စေတနာဆရာမျိုးတွေပေါ့။ အခုခေတ်မှာတော့ ဒီလိုဆရာတွေရှိတော့ရှိပါသေးတယ်။ ဒါပေမယ့်  အင်္ဂလိပ်စာသင်ကြတဲ့ဆရာအများစုကတော့ ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေ စတဲ့အခြားညာဏလုပ်သားတွေလိုပဲ အသက်မွေးဝမ်းကျောင်းအလုပ်အဖြစ်လုပ်ကြတဲ့ professional လုပ်ကြရတာပါ။ ခပ်ရှင်းရှင်းပြောရလျှင် အခကြေးငွေ ယူပြီးထိုက်တန်တဲ့ဝန်ဆောင်မှုပြန်ပေးရတဲ့အသက်မွေးဝမ်းကြောင်းတစ်ခုဖြစ်နေပါပြီ။ မိမိကိုယ်ကို ဆရာဆိုပြီးအတန်းရှေ့မှာ ငါတကောကောနေရမယ့်ခေတ်မဟုတ်တော့ပါဘူး။

          ဒီတော့ဆရာကောင်းတစ်ယောက်ဟုတ်မဟုတ်ဆုံးဖြတ်တာကိုနောက်မှစဉ်းစားကြည့်တာပေါ့။ အရင်ဆုံး professional (ကျွန်တော်ကတော့ ပညာရှင်လို့ပိုပြီးသုံးချင်ပါတယ်) ပီသတဲ့ဆရာတစ်ယောက်ဟုတ်မဟုတ်ဆိုတဲ့ အချက်ကိုအရင်မှတ်ကျောက်တင်ကြည့်ကြပါစို့။ မိတ်ဆွေ သူငယ်တန်းကနေ အခုအချိန်အထိ ဆရာပေါင်းများစွာနဲ့ သင်ယူခဲ့ပြီးပါပြီ။ ဘယ်ဆရာကတော့ စာသင်တာကောင်းတယ်၊ ဘယ်ဆရာကတော့ (အင်း - - -) ၊ တွေ့ခဲ့ပေါင်းများ ပါပြီ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကို ဆရာက”မင်းတို့လိုကျောင်းသားတွေ သင်လာတာ အံတိုနေပြီ” လို့ဆူတော့ သူက ”ကျွန်တော်တို့လည်းဒီလိုပါပဲခင်ဗျာ”ဟု ညောင်နာနာလေးပြန်ပြောသံကို ကြားယောင်မိပါတယ်။ လူ့အလိုနတ်မလိုက်နိုင်ပေမယ့် လူတိုင်းမှာဘုံတူညီတဲ့လိုအပ်ချက်တွေရှိကြပါတယ်။ သင်ကကျောင်းသားတစ်ယောက် ဆိုရင်လည်း ဆရာတစ်ယောက်ထံမှာမျှော်လင့်ထားချက်တွေအများအပြားရှိပါတယ်။

Dr. Glen W. Probst  ရေးတဲ့  BEST TEACHER DESCRIPTION  ဆောင်းပါးမှာတော့ အချက် ၂၅ ချက် ရေးပြထားပါတယ်။

1. Enthusiasm (ဘာသာရပ်အပေါ်စိတ်ပါဝင်စားမှု)

အင်္ဂလိပ်စာကို ကိုယ်တိုင်ဝါသနာပါပြီး သင်ကြားရေးကိုလည်းစိတ်ဝင်စားမှုအပြည့်ရှိတဲ့ဆရာ။ ဆရာသင်တာကို မြင်တာနဲ့ ဆရာရဲ့အလုပ်အပေါ်ချစ်မြတ်နိုးမှုကိုသိနိုင်သူ။

 

2. Preparation (ပြန်ဆင်မှု)

အတန်းပြီးသွားတော့ ဒီနေ့သင်ခန်းစာ ဘာကိုသင်တာလဲဟု စိတ်ထဲမှာအလွယ်တကူ မှတ်မိနေရင် ပြင်ဆင်မှု ကောင်းတဲ့ဆရာဟုမှတ်ပါ။ကျွန်တော်တို့တက္ကသိုလ်မှာတုန်းက ဆရာကြီးတွေက ”အတန်းထဲမှာ ၄၅ မိနစ်လောက် သင်ဖို့ အတန်းအပြင်မှာ ၃ နာရီလောက်ပြင်ဆင်မှုလုပ်ရတယ်” ဟုသွန်သင်ခဲ့ဖူးပါတယ်။ ပြင်ဆင်မှုဆိုတာ ဒီနေ့ဘာသာစကားရဲ့ဘယ်အပိုင်းကိုသင်မလဲ(language)။ ဘာဖြစ်လို့သင်ရတာလဲ (rationale) ဒီသင်ခန်းစာ ပြီးသွားရင်ကျောင်းသားတွေဘာလုပ်တတ်မှာလဲ(learning outcome) စတဲ့အချက်တွေကိုစနစ်တကျ ရည်မှန်းချက် ထားပြီး ဦးတည်သွားရတာပါ။ စာအုပ်မကိုင် လက်တန်းသင်တယ် ဆိုတဲ့ ကြော်ညာတစ်ခု တွေ့ဖူးပါတယ်။ ဒီလိုပြင်ဆင်မထားဘဲ အတန်းထဲရောက်မှ စိတ်ထဲရှိတာပြောချင်ရာ ပြောသွားတဲ့ဆရာကိုကြုံဖူးကြပါသလား။ ကျောင်းသားတွေလည်းတတ်ချင်ရာတတ်သွားရောလားမသိပါ။

 

3. Punctuality (အချိန်လေးစားမှု)

အတန်းကိုအချိန်မှန်စတယ်။ ဆင်းရမယ့်အချိန်မှာကွက်တိဆင်းတယ်။ သင်ခန်းစာမပြီးသေးရင်တောင် ဆက်မသင်ဘူး။ကျောင်းသားကိုလေးစာတဲ့ဆရာ။ (course မပြတ်မှာစိုးတဲ့ဆရာအတော်များများကတော့ ဆက်သင်ကြတယ်ခင်ဗျ) ကျောင်းသားတွေကိုလဲသူ့လိုနမူနာယူစေသူ။

 

4. Support and concern for students (ကျောင်းသားကိုအားပေးမှု၊ ကျောင်းသားအတွက်စဉ်းစားမှု)

ကျောင်းသားနဲ့အချိန်ပေးစကားပြောသူ။(လက်ဖက်ရည်ဆိုင်မှာပြောတာမပါ)။ကျောင်းသားအမှားကိုလက်ခံသူ။ တီထွင်မှုကိုအားပေးသူ။

 

5. Consistency (ရှေ့နောက်ညီညွတ်မှု)

အတန်းဘယ်တော့မှမပျက်သူ၊ အိမ်ကမိန်းမ(ယောကျာ်း)နဲ့စိတ်ဆိုးလာရင်တောင် အတန်းထဲမှာဒေါသမပြသူ၊ မနေ့က ဆရာ့စိတ်ထားနဲ့ဒီနေ့စိတ်ထားမပြောင်းလဲသူ (တစ်ချို့ဖြစ်တတ်လို့ပါ)

 

6. Politeness (ယဉ်ကျေးမှု)

ကျောင်းသားတွေကို လေးစားသမှုနဲ့ဆက်ဆံတတ်သူ၊ ကျောင်းသားရဲ့အယူအဆတစ်ခုကို ပျက်ရယ်မပြု တတ်သူ ကျောင်းသားကိုအတန်းရှေ့မှာအရှက်မခွဲတတ်သူ (တမင်တကာလုပ်တာမဟုတ်ပေမယ့် တစ်ခါတစ်ရံ မတော်တဆလုပ်မိတတ်ကြပါတယ်)

7. Firmness and control (အတန်းထိန်းကောင်းမှု)

ချစ်တော့ချစ်တယ်အလိုမလိုက်ဘူးဆိုသလို ကျောင်းသားအတွက်အကျိုးယုတ်မဲ့ကိစ္စမှာအလျှော့မပေးတတ်သူ

 

8. Does not play favorites (မျက်နှာသာမပေးမှု)

တော်တဲ့တပည့်မို့လို့၊ ဆိုးတဲ့တပည့်မို့လို့ဆိုပြီးမျက်နှာသာမပေးသူ (တော်လည်းမတော်၊ ဆိုးလဲမဆိုးတဲ့တပည့် တွေကအများစုလေ၊ စဉ်းစားကြည့်ပါဦး)

 

9. Provides personal help (ကိုယ်ရေးကိုယ်တာကူညီမှု)

မိမိကိုယ်ပိုင်အားလပ်ချိန်ထဲမှာပင် ကျောင်းသားမရှင်းတာကိုဖြေကြားပေးသူ၊ ကျောင်းသားတစ်ဦးချင်းစီကို ဂရုစိုက်သူ

 

10. Accepts individual differences (ကျောင်းသားတစ်ဦးချင်းစီ၏ကွဲပြားတဲ့အရည်အချင်းကိုလက်ခံသူ)

ဘာလို့ဒီလောက်ညံ့ရတာလဲမတွေးသူ(ကျောင်းသားမှာလည်း ညံ့ပိုင်ခွင့်ရှိသည်)

 

11. Employs an effective delivery (ထိရောက်တဲ့ပို့ချမှု)

ကျောင်းသားနားလည်မှုရှိမရှိသိအောင်လုပ်တယ်။ (နားလည်လားမေးတာမဟုတ်၊ ကျောင်းသားအများစု ကတော့ခေါင်းညိတ်ကြမှာပါပဲ။ ပျော်ရွှင်စွာသင်ယူမှုဖြစ်အောင်ဖန်တီးသူ (ဟာသလုပ်တာထက် ကျောင်းသား စိတ်ဝင်စားမယ့်အကြောင်းအရာ၊ လေ့ကျင့်ခန်းတွေအသုံးပြုသူ)၊ အနှောင့်အယှက်ပေးတတ်တဲ့ကျောင်းသား တစ်ချို့ရဲ့အကျင့်ဆိုးတွေကိုတားဆီးနိုင်သူ။

 

12. Does not make students lose face (ကျောင်းသားအရှက်ရ၊ မျက်နှာပျက်အောင်မလုပ်မှု)

ကျောင်းသားတစ်ယောက်ခြင်းရွေးထုတ်ပြီးအမှားကိုထောက်ပြဝေဖန်ခြင်းမလုပ်သူ၊ ကျောင်းသားရဲ့ ကိုယ်ရေး ကိုယ်တာ၊ အသံထွက်၊ ပိန်တာဝတာ စတာတွေကိုဟာသမလုပ်သူ (တခြားကျောင်းသားတွေအတွက်ပျော် စရာဖြစ်ပေမယ့်ကာယကံရှင်အတွက်တော့အရှက်ရစရာဖြစ်တတ်ပါတယ်။)

 

13. Has high expectations of class members (ကျောင်းသားတွေအပေါ်မှာမျှော်လင့်ချက်ကြီးမားမှု)

မိမိကျောင်းသားတွေကို သူများထက်တော်စေတတ်စေလိုသူ၊ မိမိကိုယ်တိုင်လည်းပံ့ပိုးပေးတတ်သူ၊

 

14. Is humble (နှိမ့်ချတတ်သူ)

အင်မတန်အရေးကြီးပါတယ်။ တစ်ချို့က အတန်းထဲမှာ မိမိရဲ့အရည်အချင်းကိုပြရင်းတခြားဆရာတွေကို ဝေဖန်တတ်တဲ့ဆရာတွေရှိပါတယ်။ မိမိကိုယ်ကို မြန်မာပြည်၏ Top Ten, ရန်ကုန်မြို့၏ Top Ten ဟု (ဘယ်သူက ဘာနဲ့တိုင်းတာသတ်မှတ်ပေးလိုက်မှန်းမသိ)ကျုံးဝါးတတ်သူတွေမနည်းပါဘူး။ ကိုယ့်ဆီရောက်လာတဲ့ကျောင်းသား အမှားလုပ်တဲ့အခါမှာ ဘယ်ဆရာ ဆီမှာသင်ခဲ့တာလဲ။ ဒါမျိုးတွေသင်မပေးလိုက်ဘူးလား စသည်ဖြင့်တခြားဆရာ ကိုပျက်ရယ်ပြုတတ်ကြပါတယ်။ ပညာရှင်အစစ်အမှန်ကတော့မိမိကိုယ်ကိုယ် တော်လှပြီတတ်လှပြီလို့ ဘယ်တော့ မှအထင်ရောက်နေမှာ မဟုတ်ပါဘူး။ ကျောင်းသားကမေးလိုက်လို့မိမိမသိလျှင်မသိကြောင်းရဲရဲပြောရဲသူ။ ဒါပေမယ့် လိုအပ်တဲ့ ရည်ညွှန်းကိုးကားတာလုပ်ပြီး နောက်စာသင်ချိန်မှာ ကျောင်းသားကိုပြန်လည် အဖြေပေးလမ်းညွှန်ပေး နိုင်သူ။ (ကျောင်းသားအထင်သေး မှာစိုးလို့သိချင်ယောင်ဆောင်ပြီး အဖြေကိုညာဝါးဖြီးဖြန်းချတတ်သူတွေရှိလို့ပါ။)

 

15. Is fair (မျှမျှတတဆက်ဆံတတ်မှု)

 

16. Uses variety (သင်နည်းအစုံအသုံးပြုမှု)

တခါလာလည်းစာအုပ်ဖွင့်၊ dialogue ကိုလိုက်နားထောင်၊ လိုက်ဆို၊ ကြာလာတော့ ကျောင်းသားတွေ ညည်း ငွေ့လာတာသဘာဝပါ။ ဒါကြောင့် အာရုံအပြောင်းအလဲဖြစ်အောင် မတူတဲ့လေ့ကျင့်ခန်းတွေဆန်းသစ် ဖန်တီး ပေးနိုင်သူ။

 

17. Has a sense of humor; is relaxed (ဟာသဥာဏ်ရှိမှု)

ကျောင်းသားတိုင်းရယ်ရတဲ့ဆရာကိုကြိုက်ကြတာအပြစ်မဟုတ်ပါဘူး။ မရယ်ရပေမယ့်လည်း စိတ်ဝင်စားအောင် သင်တတ်တဲ့ဆရာလည်းရှိပါတယ်။

 

18. Use of engaged time (သင်ခန်းစာချိန်ဆနိုင်မှု)

သင်ခန်းစာတစ်ခုကနေတစ်ခုကူးပြောင်းရာမှာမနှေးလွန်းမမြန်လွန်းချိန်ဆနိုင်သူ၊ ကျောင်းသားများခေါင်းမဖော် နိုင်အောင်စာမလုပ်ခိုင်းတတ်သူ

 

19. Use of text (ပြဌာန်းစာအုပ်အသုံးပြုမှု)

ပြဌာန်းစာအုပ်ရဲ့ကျေးကျွန်မဟုတ်၊ ပြဌာန်းစာအုပ်သည်လမ်းညွှန်သာဖြစ်သည်။ သင်ခန်းစာ ၁ မှ ၁၀ အထိ အစဉ်လိုက်သွားသင့်မှသွားသည်။ မိမိကျောင်းသားတို့နှင့်ဆီလျှော်မှုမရှိသည့်လေ့ကျင့်ခန်းများအားချန်ထားခဲ့နိုင်သူ။

 

20. Keeps within 1-2 days of the scheduled course outline (သင်ရိုးအတိုင်း နှစ်ရက်စာခန့်ကြိုတင် ပြင်ဆင်ထားမှု)

 

21. Field trips and other activities (လေ့လာရေးခရီးစီစဉ်မှု)

မြန်မာနိုင်ငံအခြေအနေနဲ့သိပ်တော့မဆီလျှော်သေးပါ။

 

22. Does not always teach from a sitting or leaning position (ထိုင်လျက်၊ သို့မဟုတ် လက်ထောက်လျက်သင်ကြားခြင်းမရှိမှု)

ဆရာတစ်ယောက်ရဲ့ကာယအိနြေ္ဒစောင့်စည်းနိုင်သူ ( CLT စနစ်မှာတော့ ဆရာဟာ facilitator ဖြစ်တဲ့အတွက် စာသင်ခန်းတစ်လျှောက်လှည့်ပတ်ပြီး ကျောင်းသားတွေရဲ့လုပ်ဆောင်မှုကိုလေ့လာနေရပါတယ်။)

 

23. Interpersonal relationships with students (ကျောင်းသားများနှင့်ရင်းနှီးသောဆက်ဆံရေးရှိမှု)

ကျောင်းသားများအကြား ပေါ်ပျူလာဖြစ်အောင်တမင်မကြိုးပမ်းသူ၊ ကျောင်းသား-ဆရာ နွေးထွေးသောဆက်ဆံရေးရှိသူ၊    

 

24. Does not allow one or two students to monopolize or dominate the class (ကျောင်းသားတစ်ဦးတစ် ယောက်ကသင်ခန်းစာကိုလက်ဝါးကြီးအုပ်ပြောဆိုနေမှုကိုခွင့်မပြုမှု)

ကျန်တဲ့ကျောင်းသားတွေကနားထောင်ရင်နားထောင်နေမယ်။ သူတို့လုပ်ချင်တာလုပ်နေလိမ့်မယ်။

 

25. Keeps accurate records (မှတ်တမ်းမှတ်ရာထိမ်းသိမ်းရာတိကျမှု)

  • ကျောင်းသားများ၏လေ့ကျင့်ခန်းစာအုပ်များ
  • ကျောင်းခေါ်ချိန်
  • စာမေးပွဲရလဒ်
  • အဆင့်သတ်မှတ်ချက်

ကျောင်းသားအားနောက် level တစ်ခုတင်ပေးရာမှာမရှိမဖြစ်လိုအပ်ချက်များဖြစ်ပါသည်။ ကိုယ့်ကျောင်းနဲ့ကိုယ် အတန်းတင်ချင်သလိုတင်ပေးတဲ့သူတွေအတွက်တော့မဟုတ်ဘူးပေါ့။

 

 

ကဲ . . အမလေးများလှချည်လား။ ဆရာတစ်ယောက်ဆီမှာသင်တန်းတက်ရဖို့ ဒီလောက်တောင်စဉ်းစား နေရဦးမလား လို့ဆိုကြရင်တော့ အထက်ပါအချက်တွေဟာ ဆရာကောင်းတစ်ယောက်မှာရှိတတ်တဲ့ ယေဘုယျကျတဲ့ပညာရပ်ဆိုင် ရာအရည်အချင်းတွေပဲဖြစ်ပါတယ်။ အထက်ပါအချက်တွေအကုန်လုံးတော့လည်းရှိဖို့လွယ် မှာမဟုတ်ပါဘူး။ (No man is perfect.) အင်္ဂလိပ်စာသင်တဲ့ဆရာ အင်္ဂလိပ်စာတော်ရင်ပြီးတာပဲ မဟုတ်လားလို့တော့ပြောလျှင်တော့ မိမိ တတ်တိုင်း ဆရာကောင်းမဖြစ်နိုင်ပါဟုသာဆိုချင်ပါတော့တယ်။

 

အားလုံးခြုံပြီးပြောရရင်တော့ ဆရာတစ်ယောက်ရဲ့ skills and qualities တွေကိုဘယ်လိုပဲသတ်မှတ်ကြပေမယ့် ကျွန်တော်တို့ မြန်မ့ာရိုးရာအစဉ်အလာအတိုင်း ၀ါသနာ နဲ့ စေတနာကို မှန်ကန်တဲ့နည်းစနစ် တွေနဲ့ ပေါင်းစပ်ပြီး (အနစ်နာကိုတော့ခဏမေ့ထားလိုက်ရအောင်) ကျောင်းသားများ လမ်းမှန်ကမ်းမှန်နဲ့ အမှီအခိုကင်းတဲ့စာသင်သားဘ၀ (Independent Learners) ရောက်အောင်သွန်သင်ဆုံးမလေ့ကျင့်ပေးနိုင်တဲ့ ဆရာသမားများတွေ့လျှင်တော့ အချိန်မနှောင်းခင်ဆည်းကပ်လေ့လာကြပါလို့တိုက်တွန်းလိုက်ပါတယ်။

 

မိတ်ဆွေကောဆရာတစ်ယောက်ရဲ့ဘယ်လိုအရည်အချင်းတွေထပ်ထည့်ချင်ပါသေးသလဲ။

 

ရေးတာလည်းများသွားတော့ သင်တန်းကျောင်းတွေကိစ္စကတော့ နောက်များကြုံမှရေးတာပေါ့။

 

ဇာနည်(MyWay!)

Views: 2431

Reply to This

Replies to This Discussion

nice post!

Very good idea. Thanks for sharing.

That is a good post not only for students but also for teachers.

Our Myanmar teachers should be perfect for our country.

We should fulfill our qualification.

Thank you very much posted like this for our citizens.

thank u

thanks a lot.
This is good post for me. Thank you.
Thanks for your post!

Hi... Ko Zarni, very effective post and thanks for sharing your knowledge.

thanks for ur sharing
thank

Thanks a lot for your great post !

Excellent data for beginner of language and teacher.

It's a valuable present everyone who it had been read.

You make your member to get so many knowledge.

Have a good idea to share some more .

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service