ခေါင်းစဉ်က "အမျိုးသား ကျောင်းဆရာ" ဆိုတော့ အမျိုးသားပညာဝန် ဦးဖိုးကျားတို့ အမျိုးသားကျောင်း ကျောင်းအုပ်ဆရာကြီး ဦးရာဇတ်တို့ရဲ့ National School တွေက ကျောင်းဆရာလို့ ထင်သူက ထင်ကြမယ်။

 ပြောချင်တာက အမျိုးသမီး ဆရာမ မဟုတ်သော အမျိုးသား ကျောင်းဆရာ male teacher အကြောင်းပါ။

 ဂျက်မြသောင်းရဲ့ သီချင်းထဲကလို ခုခေတ်အခါမှာ ရွှေလို ရှားသူတွေအကြောင်း။

 ဆရာမတွေ ရာဂဏန်း ရှိနေတဲ့ ကျောင်းတွေမှာ အားငယ်စရာ လက်တစ်ဖက်စာ မပြည့်ကြသူတွေ ... တစ်ချို့ကျောင်းတွေမှာ ပြစရာတောင် မရှိကြသူတွေ ... မကြာခင် ပြတိုက်မှာ ဖယောင်းရုပ်ထုနဲ့ ထားပြီး "ကလေးတို့ရေ ... ဟိုးရှေးရှေးတုန်းက အမျိုးသား ကျောင်းဆရာ ဆိုတာတွေလည်း ရှိသကွဲ့ ... ကလေးတို့ရဲ့ ဆရာမတွေလိုပဲ သူတို့လည်း စာသင်ကြသပေါ့ကွယ်" လို့ ပြောလာရကောင်း ပြောလာရနိုင်တဲ့ endangered species မျိုးသုဉ်းခါနီး မျိုးစိတ် တစ်ခုအကြောင်းပါ။

 

 

မြန်မာပြည်ရဲ့ ဆရာလောကထဲမှာ အမျိုးသမီးတွေ ဘယ်လောက်ထိ ကြီးစိုးတယ် မကြီးစိုးတယ်ဆိုတာ အားလုံးကိုယ်တွေ့ပါ။

 တစ်ခါက မိတ်ဆွေတွေနဲ့ အိမ်တစ်အိမ် အလည်သွားတာ အဲဒီအိမ်ရှင်က မူကြိုတက်နေတဲ့ သူ့သားကို ကျွန်တော်နဲ့ မိတ်ဆက်ပေးပါတယ်။ သားရေ အဲဒါ သားတို့ကျောင်းက ကလေးကြီးတွေကို သင်တဲ့ teacher ဆိုတော့ ကလေးက ... ဟင် teacher ကလည်း ယောက်ျားကြီး ဘယ်လိုကြီးလဲ အခြောက်လား ဆိုပြီး ကလေးက ပြန်မေးတာ ခံခဲ့ရဖူးပါတယ်။

 ထားတော့ ... ဒါက မူကြိုအရွယ်မို့လို့ ဆိုရင်လည်း မူလတန်း အလယ်တန်း အထက်တန်းတွေမှာရော အများကြီးတော့ မထူးလှပါဘူး။ အမျိုးသား ကျောင်းဆရာ ဆိုတာ ရှားပါးကုန်ပါ။

 teacher = ဆရာမ ရယ်လို့ အဓိပ္ပါယ် ဆောင်လာမှာတောင် စိုးရပါရဲ့။

 ဒီအကြောင်း ရေးတော့ ဆရာမတစ်ချို့က ကြိုက်ချင်မှကြိုက်မယ်။

 ကျွန်တော် မဟာပုရိသဝါဒီ မဟုတ်ပါ။

 ဒါပေမယ့် အမျိုးသား နှင့် အမျိုးသမီးများကြား ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာရော ပေါငိးသင်းဆက်ဆံနေထိုင်ပုံတွေမှာပါ သိသာထင်ရှားတဲ့ ကွဲပြားမှု distinctive feature ရှိတယ်လို့လည်း အခိုင်အမာ ခံယူထားပါတယ်။

 

ဖတ်ဖူးကြားဖူးတဲ့ ဟာသတစ်ခုကိုပဲ မျှဝေပါရစေ။

 

ငယ်လင် ငယ်မယားနှစ်ယောက် အသက်ကြီးကြတဲ့အထိ ချစ်ချစ်ခင်ခင် ရှိတဲ့အတွက် ဘာ နည်းလမ်းကောင်းများ ရှိသလဲ ယောက်ျားလုပ်သူကို မေးကြသတဲ့။

ယောက်ျားက ဖြေပုံက ကျွန်တော်တို့ကြား နားလည်မှု ယူထားလို့ပါ။ အသေးအဖွဲ ကိစ္စမှန်သမျှ သူ ဆုံးဖြတ် အရေးကြီးတာတွေဆို ကျွန်တော် ဆုံးဖြတ်မယ် ဆိုတဲ့အချက်ပါတဲ့။

ဒီတော့ ဆက် မေးကြတာပေါ့ ... ဘယ်ဟာ အရေးကြီးလဲ မကြီးဘူးလဲ ဘယ်လိုခွဲလဲဆိုတော့ .... အိမ်အတွက် ဘာဝယ်မယ် ... ဘာလုပ်မယ် စတဲ့ အသေးအဖွဲတွေ သူက ဆုံးဖြတ် ... အရေးကြီးတဲ့ ဘယ်သူက သမ္မတ ဖြစ်သင့်တယ် အခွန်ကို ဘယ်လိုတွေကောက်သင့်တယ် ကုလသမ္မဂ္ဂက ဒီနှစ်ထဲ ဘာတွေလုပ်သင့်တယ်ဆိုတာမျိုးကို ကျွန်တော်က ဆုံးဖြတ်တယ် တဲ့။

 

ဟာသပေမယ့် အမျိုးသားနဲ့ အမျိုးသမီးကြား မတူညီတဲ့ ကွာခြားချက်တစ်ချို့ကိုလည်း ခပ်ပါးပါး ပြနေသလိုပါပဲ။

 

အဲဒီကွာခြားချက်က အမျိုးသမီး ဆရာမနဲ့ အမျိုးသား ကျောင်းဆရာ ကြားမှာလည်း ရှိနေပါရဲ့။

 

အမျိုးသမီးတို့ရဲ့ မွေးရာပါ ဗီဇကိုက motherly မိခင်စိတ်ပြည့်ဝတတ် ကြင်နာသနား စောင့်ရှောက်တတ်တာပါ။ ဒီအခြေခံစိတ်က မူကြိုနဲ့ မူလတန်းအရွယ် ဆရာမများအတွက် အလွန်အရေးပါလှပါတယ်။

 

ရင်သွေးငယ်လေးတွေအတွက်ပဲ စဉ်းစားကြည့်ရအောင်။

 

မိခင်တစ်ယောက်ရဲ့ ရင်အုပ်မကွာ စောင့်ရှောက်မှုမျိုး လိုသလို ဖခင်တစ်ယောက်ရဲ့ လက်နှစ်ဖက်က ချီမြှောက်ပြီး အပေါ်ကို မြှောက်ပစ်သလိုမျိုး ကြမ်းကြမ်းတန်းတမ်း မြှူချော့တာမျိုးကိုလည်း ကလေးငယ်များ တခစ်ခစ် ရယ်မောရင်း သဘောကျကြတယ်လေ။ ဖခင်တို့နဲ့ အနီးကပ်နေရင်း စွန့်စားရတာ စူးစမ်းရတာကလည်း ကလေးတို့အတွက် သင်ယူစရာတွေပေါ့။

 

ယောက်ျားတို့ရဲ့ ဗီဇ သဘာဝအရ ပတ်ဝန်းကျင်ကို မတူတဲ့ ရှုထောင့်ကနေ စဉ်းစားသုံးသပ် အဖြေရှာတတ်တာ ... ဆုံးဖြတ်ချက် လတ်တလော ချတတ်တာ ... ရဲရင့်ဖြတ်လတ်တာ ... စိတ်ဆတ်တာ ... စွန့်စားတတ်တာ .... စတဲ့ စတဲ့ မွေးရာပါ အားသာချက် အားနည်းချက်တွေကလည်း ကလေးများအပေါ် သက်ရောက်မှု ရှိပါတယ်။

 

ဆရာနဲ့ ဆရာမတို့အကြား သက်ရောက်မှု ကွာခြားခြင်း ရှိမရှိ အရှေ့တိုင်းရော အနောက်တိုင်းကပါ လုပ်ထားကြတဲ့ လက်ရှိ သုတေသနတွေရဲ့ ရလဒ်တွေ လိုက်ရှာဖတ်ကြည့်ဖြစ်ပါတယ်။

 

အတန်းတွင်းသက်ရောက်မှုက အခြေအနေအလိုက် အနည်းငယ် ကွာခြားချက် ရှိပေမယ့် သင်ခန်းစာတတ်မြောက်မှုမှာ ပြောပလောက်တဲ့ ကွာခြားမှု မရှိပါဘူးဆိုတဲ့ အဖြေက အများစုပါ။

 

ဒါပေမယ့် ပညာရေးဆိုတာ စာသင်ခန်းထဲက သင်ပေးလိုက်တဲ့ သင်ခန်းစာသက်သက်မှ မကတာလေ။ ကျောင်းကနေ နောက်ထပ် တတ်သိလာတာတွေ အများကြီး ကျန်သေးတယ်။

 

Social Learning Theory ဆိုတဲ့ ပညာရေးစိတ်ပညာ သီအိုရီ တစ်ခုရဲ့ အဆိုအရ လူတွေဟာ ကိုယ့်ပတ်ဝန်းကျင်မှာ မြင်ရတွေ့ရ ကြားသိရသမျှကို အတုခိုး ပြုမူတတ်ပါတယ်တဲ့။ ကျောင်းသားတွေဟာ သင်ခန်းစာထဲ ပါတာသက်သက် မဟုတ်ဘဲ ပတ်ဝန်းကျင်ကနေလည်း လေ့လာသင်ယူရဦးမှာလေ။

 

ကျောင်းသားများ အတုယူစရာ model တွေအနေနဲ့ မိန်းမသား ဆရာမတွေ ကျောင်းသားတွေရဲ့ အနီးအနား ရှိကြပါတယ် ... ယောက်ျားသား ဆရာတွေရဲ့ အတုယူစရာတွေရော ဘယ်လို ဖြည့်ပေးမှာလဲ။

 

 

ပြီးခဲ့တဲ့ရက်ပိုင်းက နယ်မြို့လေး တစ်မြို့က ပုဂ္ဂလိက ကျောင်းတစ်ကျောင်း ခဏရောက်တုန်း ကျောင်းက မြန်မာစာဆရာ စာသင်နေတာကို ရုံးခန်းတွင်းက နားထောင် လေ့လာမိပါတယ်။ ဆရာကတော့ ကျွန်တော်ရှိနေမှန်း နားထောင်နေမှန်း မသိနိုင်ပါ။

 

သူသင်နေတာက မြစ်ညီနောင် ကဗျာ။

 

အဲဒီကဗျာကို သီချင်းတစ်ပုဒ်အဖြစ် အသံဝါဝါနဲ့ ဆိုပြသွားပြီး ကလေးတွေကိုလည်း ကာရန် အသံ သဘောကို သိနားလည်အောင် ရှင်းပြရင်း လိုက်ဆိုစေပါတယ်။ သီချင်းအနေနဲ့ မဟုတ် ကာရန်ညီ ကဗျာတစ်ပုဒ်အနေနဲ့ ဆိုရင်လည်း ဘယ်လိုဖတ်ရကြောင်း ဖတ်ပြ လိုက်ဆိုစေပါတယ်။

 

 

ကဗျာနဲ့ နွယ်တဲ့ မြန်မာပြည်က မြစ်များရဲ့ ပထဝီ သမိုင်း မြေမျက်နှာသွင်ပြင် အနေအထားတွေ ရှင်းပြတယ် ။ ဒီမြစ်တွေကို နာမည် ပေးထားပုံ ... တိုင်းရင်းသား ဘာသာစကားများက ဘယ်လို ခေါ်ပုံ ... သံလွင်မြစ်ရဲ့ မဲခေါင်ဒေသတလျောက် အရေးပါပုံ ... ဟေမဝန်ဆိုတာ ဟိမဝန္တာကို ဆိုလိုကြောင်း အင်္ဂလိပ်လို The Himalayas လို့ခေါ်ကြောင်း ... မြန်မာ့ မြေပုံကို အိမ်နီးခြင်း နိုင်ငံများနဲ့ ချိတ်ဆက် ပုံဖော် ရှင်းလင်းသွားပါတယ်။ မြစ်တို့ရဲ့ ရေစီးဆင်းခြင်းဟာ ကမ္ဘာ့ စွဲငင်အားနဲ့ ဆက်စပ်မှုရှိကြောင်း ... နောက်ဆုံး ပင်လယ်ဝ ရေခြင်းဆက်စပ် ပေါင်းစုံရာပုံကိုလည်း Newton's Laws of Motion အရ ရှင်းပြရင်း ဘာကြောင့် ဒီဒေသတွေမှာ ရေကြီးရကြောင်း ... မြေလွှာတိုက်စားမှုအကြောင်း ... မြစ်ကြောင်းတလျှောက် လက်ရှိ ကြုံနေရတဲ့ သဘာဝဘေးများအကြောင်း ... မြစ်ချောင်းတို့မည်သည် မူလက တကွဲတပြား ရှိပေမယ့် နောက်ဆုံး ပေါင်းစုံ စီးဆင်းကြတဲ့အတိုင်း တို့တွေလည်း လူမျိုး ဘာသာ ကွဲနေကြလည်း ပြည်ထောင်စုတွင်းက ညီနောင်များအဖြစ် ပေါင်းစုံနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပြီး အဲလိုအချိန်တွေမှာ ရှိနိုင်မယ့် action and reaction တွေ inertia သဘောအရ လက်မခံလိုတဲ့သူတွေ ဘာတွေ ကြုံတွေ့ရနိုင်ကြောင်း တွေကို အာဝိဇ္ဇန်း ရွှင်ရွှင် ရှုထောင့်စုံစုံကနေ ပြောသွား ဆွေးနွေးသွားတာ သတိပြုလိုက်မိပါတယ်။

 

ဒီဆရာ သင်သွားတဲ့ထဲက အချက် တစ်ချို့သည် ဆရာကိုင်လမ်းညွှန်မှာ ပါနိုင်သလို တစ်ချို့သော အချက်တွေကလည်း သူ့အမြင် သူ့အတွေ့အကြုံတွေကို အခြေခံပါတယ်။

ဆရာ ဦးတင်ဦး (ကျူရှင်) ရေးဖူးတဲ့ "တယ် ... တဲ့" ဆရာ မဟုတ်သူပေါ့။ (တယ် .... တဲ့ ဆရာ ဆိုတာက စာအုပ်ထဲက အကြောင်းအရာ ဖတ်ပြပြီး အဲဒီလိုဖြစ်တယ် တဲ့ ဆိုပြီး စာအုပ်ကို သင်တယ် ... စာတွ့ပဲ ငါတွေ့ မပါဘူး ဆိုတာမျိုးကို ဆိုလိုတာပါ။)

 

Gender discrimination လုပ်လိုတာ မဟုတ်ပေမယ့် ... ဒီလို ရှုထောင့်စုံက ဆက်စပ် ပြောဆိုနိုင်စွမ်းမှာတော့ တင်္ခနုပ္ပတ္တိဥာက် အသုံးချနိုင်စွမ်းမှာကတော့ ယေဘုယျအားဖြင့် အမျိုးသားများက အမျိုးသမီးများထက် ပိုပါတယ်။

 

ပြသနာတစ်ရပ်ရဲ့ အဖြေကို ရှုထောင့်စုံက ချဉ်းကပ် ရှာဖွေတင်ပြပုံ ... လက်တွေ့ဥပမာ ပေးကြပုံ ... လက်တွေလောကနဲ့ ချိတ်ဆက်ကြပုံ ... စတာ စတာတွေမှာ အမျိုးသားဆရာများက သူတို့ရဲ့ သဘာဝအရ ပိုပါမယ်။

 

အမျိုးသား ဆရာတိုင်း ဒီလိုဖြစ်တယ် ... အမျိုးသမီး ဆရာမများ ဒီလို မသင်ကြရယ်လို့ ဆိုလိုချင်တာ မဟုတ်ပါ ... ယေဘုယျ အများစုကို ပြောတာပါ။

ဒီအတွက်ကြောင့် လက်ရှိအောင်မြင်နေကြတဲ့... အလယ်တန်း အထက်တန်းကျောင်းသားများအတွက် ကျူရှင်ဆရာ အများစုက အမျိုးသားဆရာများ ဖြစ်နေရခြင်း အချက်တစ်ချက်ပါ။

 

အမျိုးသားဆိုတာ အိမ်ထောင်တစ်ခုရဲ့ ဦးစီးရှေ့ဆောင်ပါ။ မိသားစု စားဝတ်နေရေးအတွက် တာဝန်ယူရသူပါ။

 

ဆရာတစ်ယောက်ဟာ ဝါသနာ စေတနာ အနစ်နာ ကရုဏာ ဆိုတဲ့ နာသုံးနာ ဏာတစ်ဏာအပြင် လူသားဖြစ်တဲ့အတွက် နောက်ထပ် အရေးကြီးလှတဲ့ ခါနာ (ဟင်ဒီစကား - ထမင်း) ကလည်း အရေးပါတယ်လေ။ တပည့်မရှားတာကတော့ အလွန်ကောင်းပေါ့။ ပီတိကိုစား (စိတ်ဓာတ်ရေးရာ) အားရှိပေမယ့် တပြားမရှိလို့ မိသားစု ခါးချည့်ဖို့ဆိုတာကလည်း မဖြစ်လေတော့ ... ကျောင်းဆရာအဖြစ် မိသားစုကို ဦးဆောင်ရာမှာ အခက်အခဲ အများကြီး ကြုံကြရနိုင်တော့ ... အူမတောင့် သီလစောင့်နိုင်ရေးအတွက် ဝါသနာ ပါသော်လည်း အခြားအလုပ် လုပ်နေကြရတဲ့ ကျောင်းဆရာ မဟုတ်တော့သော ကျောင်းဆရာများ ... ကျောင်းဆရာမလုပ်သော ဆရာကောင်းဖြစ်နိုင်သူများ ဆုံးရှုံးရလှပါတယ်။

 

အထက်ပါအချက်ရယ် ... ကျွန်တော် မစဉ်းစားမိတဲ့ အခြားသော အကြောင်းရင်းများရယ်ကြောင့် ရှိ ကာလ မြန်မာ့ ကျောင်းတွေမှာ အမျိုးသား ကျောင်းဆရာဆိုတာ ရှာမှရှား ဖြစ်နေပါတယ်။

 

မြန်မာ့ပညာရေး နိမ့်နေတယ် ပြောကြတယ် .... အမျိုးသားဆရာများ ရှားပါးလွန်းခြင်းဆိုတဲ့ အချက်ကရော ကျောင်းသားကျောင်းသူများ ဘက်စုံ ဖွံ့ဖြိုးရေးအတွက် နှောင့်နှေးစရာ အချက်တစ်ချက်များ ဖြစ်နေလေသလား။

 

တွေးမိတာပါ ... ဘယ်လောက်ရာခိုင်နှုန်းထိ သက်ရောက်မှုရှိမရှိတော့ စနစ်တကျ သုတေသနပြုလေ့လာသင့်တယ်လို့ ယူဆမိပါတယ်။

Views: 1545

Reply to This

Replies to This Discussion

80

၁။ ဆရာနည်းတာ အမှားတစ်ခု အမှန်ပါ

၂။ လမ်းပန်းဆက်သွယ်ရေးမကောင်းတော့ ကျောင်းတွေ အများကြီးဖြစ်နေတာ မပံ့ပိုးနိုင်တာ အမှားတစ်ခု

၃။ ဘာသာရပ်ကိုတစ်ဘက်ကမ်းခပ် မတတ်သူများ က အမှားတစ်ခု

၎။ နားလည်စွဲမြဲရမည့် ဘာသာရပ်များကို မိခင်ဘာသာနှင့် မသင်တာအမှားတစ်ခု(အခြေခံပညာအဆင့်)

၅၊ ဦးဆောင်သူ ပညာရေးသမားများမဟုတ်ခြင်းက အမှားတစ်ခု (ဆရာပေမဲ့ ဆရာအတတ်ပညာရှိမှ)

ကျွန်တော့်အမြင်ပြောတာပါ

ညီလေးအမြင်က စာရေးသူအမြင်ထက် ကောင်းပါတယ်။ လက်တွေ့ဆန်တယ်။ ရိုးရှင်းတယ်။ မှန်ပါတယ်။

Thanks a lot

ရေးထားတာ သ​ဘောကျပါတယ်​။ဆရာ​ကျော်​မိုး​အောင်​:):)

advocate 1000 times

I like your article.
Earnings is the one of the most important
features in the development of a family as
well as a country.

အလယ်တန်းဘ၀ က ဆရာတွေကို သတိရတယ်။ အခုတော့ တစ်ယောက်က လောက ကြီးမှာတောင် မရှိတော့ပါဘူး။ (၇)တန်းက တစ်နှစ်လုံး စာစီ စာကုံး တစ်ပုဒ်ပဲသင်တယ်။ ဒါပေမယ့် နောက်ထပ်စာစီစာကုံးတွေ အများကြီး ရေးတတ်အောင် စကားပြောနဲ့ ရှင်းပြရင်း သင်ကြားပေးတယ်ဆိုတာ အတန်းကြီးမှ သိရတယ်။ ကျေးဇူးတင်ပါတယ်ရှင်

အထူး သဖြင့် ကျနော်တို့ အထက်တန်းကျောင်းသား ဘဝတုန်းကဆိုရင် ဆရာ အချိန်ဆို သိပ်ပျော်ပါတယ် ဆရာဆောင်းပါးထဲ ပါသလို ဆရာ များက စာသင် ရင် သူ့ အတွေ့အကြုံ ဗဟုသုတနဲ့ ပေါင်းစပ်သင်ကြားတတ်လေကြတော့ အလွန်စိတ်ဝင်စားစရာကောင်း အလွန် ပျော်စရာကောင်းလို့ပါ ဆရာမတွေသင်တာ မကောင်းဘူး ပြောချင်တာတော့မဟုတ်ပါဘူး ဆရာမတွေက များသောအားဖြင့် စာသင်ရင် စကားကို သိပ် ချဲ့ချဲ့ ထွင်ထွင် မပြောကြပါဘူး အဲတာကလည်း အရွယ်ရောက်လာတဲ့ ကျောင်းသား ဟော့ဟော့ ရမ်းရမ်းတွေရှေ့ အိဒြေနဲ့ အဟန့်အတားဖြစ်စေချင်တဲ့ သဘောမျိုးဖြစ်မယ်ထင်ပါတယ်
thank

Thanks

RSS

Featured Discussions

© 2020   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service