“အစ်မရေ ကုလသမဂ္ဂအဖွဲ့အစည်းတွေမှာ အလုပ်လုပ်ဖို့ဘာတွေလိုမလဲ” တဲ့
ဒီမေးခွန်းကို သူငယ်ချင်းတချို့က ကျမကို မေးကြတယ်။
ကျမအမြင်ကတော့ ကုလသမဂ္ဂအဖွဲ့အစည်း United Nations၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေ NGOs (INGOs/LNGOs) တွေမှာ အလုပ်လုပ်သည်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ပုဂ္ဂလိကပိုင်ကုမ္ပဏီတွေ Business/ Private Sector တွေမှာ ဝန်ထမ်းအဖြစ်နဲ့ သို့မဟုတ် လုပ်ငန်းရှင်တွေအဖြစ်နဲ့ အလုပ်လုပ်နေသည်ဖြစ်စေ၊ အစိုးရ ဝန်ကြီးဌာန Public Sector တွေရဲ့ ရာထူအဆင့်ဆင့်မှာ နိုင့်ငံ့တာဝန်ကို စွမ်းစွမ်းတမံထမ်းဆောင်နေကြတဲ့ ပြည်သူ့ဝန်ထမ်းတွေအဖြစ်နဲ့ အလုပ်လုပ်သည်ဖြစ်စေ ဘယ်နေရာမှာလုပ်လုပ် အောက်ပါအခြေခံချက်တွေကတာ့လိုအပ်နေမှာလို့ ကျမယုံကြည်တယ်။
၁။ စိတ်ကောင်းထားခြင်း
“စိတ်ကောင်းရှိဖို့ ပထမ”
ဒီဆောင်ပုဒ်လေးကို မန္တလေး မဟာဂန္ဓာရုံကျောင်းတိုက်မှာ တွေ့မြင်ရတယ်။ မူလမဟာဂန္ဓာရုံဆရာတော်ဘုရားကြီး က ချမှတ်ခဲ့သော ကျောင်းတိုက်မှာ သတင်းသုံးကြသော ကိုယ်တော်တွေလိုက်နာရမယ့် စည်းကမ်းတွေထဲမှ ပထမဆုံးတစ်ခု။ ဆရာတော်ကြီးက သူ့ကျောင်းတိုက်မှာရှိတဲ့ ကိုယ်တော်တွေကို မှာကြားတာက စာတတ်ဖို့ထက် စိတ်ကောင်းရှိဖို့က ပထမဦးစားပေးတဲ့။ ကျမ ဒီအချက်လေးကို အရမ်းသဘောကျတယ်။ ရဟန်းသံဃာတွေသာမက ကျမတို့လူပုဂ္ဂိုလ်တွေပါ လိုက်နာကျင့်သုံးအပ်သော အခြေခံကျင့်ဝတ်တစ်ခုပါပေ။ ဘယ်အလုပ်မှာလုပ်လုပ် ကိုယ့်ရဲ့ ဂျူနီယာတွေကို သူတို့ လိုအပ်တဲ့အကူအညီတွေကို တတ်နိုင်သလောက်ပေး၊ လုပ်ငန်းသဘောသဘာဝကို ရှင်းပြကူညီလမ်းပြပေးခြင်း၊ ကိုယ့်ထက် ဝါကြီးသူတွေကို လေးစားခြင်း၊ အပေါ်ဖားအောက်ဖိခြင်းမျိုးမလုပ်ခြင်းမျိုးဖြစ်တယ်။ သူများ အခက်အခဲကြုံနေချိန် အကူအညီပေးတဲ့ စိတ်ထားက ချစ်စရာကောင်းတဲ့အပြုအမှုပါ။ “စိတ်ထားကောင်းရင် ကံကောင်းတယ်” ဆိုတာ ဘယ်အချိန်မျိုးမှာဖြစ်စေ၊ ဘယ်နေရာမှာဖြစ်စေအမှန်တရားဖြစ်ပြီး ကောင်းကျိုးပေးတာကတော့ အသေအချာပါ။ Intelligence Quotientလို့ဆိုတဲ့ ဥာဏ်ရည်ဥာဏ်သွေး မြင့်ရင်လုပ်ငန်းခွင်မှာ တာသွားသလို Emotional Quotient ဖြစ်တဲ့ ကိုယ်ရည်ကိုယ်သွေး၊ စိတ်နေသဘောထား မနိမ့်ဖို့လည်းအရေးကြီးပါတယ်။
၂။ အလုပ်ကိုချစ်မြတ်နိုးခြင်း
ကျမတို့ စား ဝတ် နေရေးအတွက် အလုပ် လုပ်နေကြရတယ်။ ဘယ်လိုဘဲဖြစ်စေ ကိုယ့် ဘဝဆက်ရှင်သန်ဖို့ ကျမတို့တွေ အလုပ်တစ်ခုခုကို ကျန်းမာနေသရွေ့ လုပ်နေကြရဦးမှာ။ ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာ ချစ်မြတ်နိုးစိတ်လေးရှိဖို့တော့ လိုပါတယ်။ တာဝန်အရ၊ ပိုက်ဆံအရ လုပ်နေတာထက်ပိုပြီး ကိုယ့်အလုပ်ပေါ်မှာ မြတ်နိုးစိတ်နှစ်ပြီး အလုပ်လုပ်မယ်ဆို ကျမတို့ရဲ့ ပရော်ဖက်ရှင်နယ်လမ်းကြောင်းမှာ တိုးတက်မှုရှိမှာ အသေအချာပါ။
၃။ အလုပ်ကျွမ်းကျင်မှုရှိခြင်း
အလုပ်ကျွမ်းကျင်မှုဟာ ပြိုင်ဆိုင်မှုများတဲ့ အခုခေတ်ကြီးမှာ အရေးကြီးဆုံးပါ။ ကိုယ့်အလုပ်မှာ ကျွမ်းကျင်နေအောင် ကိုယ့်ဘက်က ပြင်ဆင်မှု၊ ကြိုးစားအားထုတ်မှုတွေက အမြဲလိုအပ်နေမှာ။ တချို့လုပ်ငန်းခွင်တွေမှာ လုပ်ငန်းသဘောအရ ကျွမ်းကျင်မှု အဆင့်တစ်ခုရောက်နေသူတွေကိုသာ ရွေးချယ်တတ်ကြတယ်။ ဒါကြောင့် ကိုယ့်ရဲ့အရည်အသွေးတွေ တိုးတက်နေအောင်အမြဲ ကြိုးစားနေရမှာက ကိုယ်ကိုယ်တိုင်ရဲ့ တာဝန်ပါ။
၎။ လေ့လာသင်ယူလိုစိတ်ရှိခြင်း
ဘယ်လိုရာထူးအဆင့်မှာ အလုပ်လုပ်နေသည်ဖြစ်စေ ၊ ဘယ်အသက်အရွယ်အပိုင်းအခြား ရောက်နေသည်ဖြစ်စေ ကိုယ့်ရဲ့လေ့လာသင်ယူလိုစိတ်ကို အမြဲ နှိုးဆွထားရပါ့မယ်။ သင်ယူမှုတွေ ရပ်ဆိုင်းသွားချိန်ဟာ တိုးတက်မှုတွေ ရပ်တန့်သွားချိန်ပါ။ သင်ယူလိုစိတ်ရှိဖို့ အရေးကြီးဆုံးက ပွင့်လင်းမှု၊ ရိုးသားမှု၊ ကိုယ့်ကိုယ်ကို နှိမ့်ချမှုတို့ပါဘဲ။ “ငါသိ၊ ငါတတ်"ဆိုတဲ့ စိတ်ထားမျိုးနဲ့လက်မထောင်နေမယ်ဆိုရင် သင်ယူလိုစိတ်ဆိုတာ ဖြစ်လာမှာမဟုတ်ပါဘူး။ လောကကြီးမှာ အရာခပ်သိမ်းကို ကိုယ်တစ်ယောက်တည်း အကုန်မသိနိုင်ပါဘူး။
၅။ သွက်လက်တက်ကြွခြင်း
ပျင်းရိ၊ လေးလ၊ံ ထိုင်းမှိုင်း၊ မှိုင်တွေနေသူကို မည်သည့်အထက်လူကြီးမှ သဘောကျနှစ်ခြိုက်မှာ မဟုတ်ပါဘူး။ သွက်သွက်လက်လက်တက်တက်ကြွကြွနေခြင်းဟာ ကိုယ့်ကိုယ်တိုင်ကိုလည်း ရွှင်လန်းစေသလို၊ လုပ်ငန်းခွင်မှ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုပါ ကူးစက်စေပြီး သူတို့ကိုပါ စိတ်ဓါတ်တက်ကြွစေမှာဖြစ်တယ်။ တခါတလေ စိတ်ညစ်ညူးစရာတွေနဲ့ကြုံတွေ့နိုင်သော်လည်း ကိုယ့်ရဲ့အကြည်ဓါတ်လေးကို အကြာကြီး မပျောက်ဆုံးစေပါစေနဲ့။
၆။ အချိန်လေးစားခြင်း
အချိန်အကြောင်းပြောရင် မြန်မာလူမျိုးတွေပါလာရလိမ့်မယ်။” မြန်မာစံတော်ချိန်ဆိုတာ” သတ်မှတ်ထားတဲ့ သဘောတူထားတဲ့ အချိန်ထက်နောက်ကျနေတာမျိုးလား။ စာသင်ခန်းထဲ အချိန်မီမရောက်ခြင်း၊ စာသင်ချိန်စတာ နောက်ကျခြင်း၊ အစည်းအဝေးကို နောက်ကျမှရောက်ခြင်း၊ ချိန်းဆိုထားတဲ့ နေရာဆုံရပ်ကို နောက်ကျမှရောက်ခြင်း စတာတွေဟာ ကျမတို့ရဲ့ အချိန်စီမံခန့်ခွဲမှုလိုအပ်နေသည်ကို ပြသနေတာပါ။ အခုခေတ်မှာတော့ ကားလမ်းပိတ်ခြင်းက နောက်ကျရခြင်းရဲ့ ရိုးရာအကြောင်းပြချက် တစ်ခုဖြစ်နေပြီ။ ကားလမ်းးပိတ်ချိန်တွေကိုပါ ထည့်တွက်ကြဖို့ လိုနေပါပြီ။ ကိုယ်နောက်ကျခြင်းဟာ အချိန်မီအရောက်လာကြတဲ့ သူတွေကိုမလေးစားရာရောက်သလို သူများအချိန်ကို မလေးစားရာလည်းကျပါတယ်။ ကိုယ်နဲ့ဆက်စပ်ပတ်သက်နေတဲ့ နိုင်ငံခြားသားတွေကို အရာခပ်သိမ်းမှာ လေးစားတာမဟုတ်ပေမယ့် သူတို့တွေ အချိန်ကိုတန်ဖိုးထားမှုကိုတော့ ကျမတကယ်လေးစားမိတယ်။
၇။ ရင့်ကျက်ခြင်း
အလုပ်ခွင်ဝင်နေကြသူတွေဟာ အနည်းဆုံးတော့ အသက်၁၈ နှစ်ပြည့် အရွယ်ရောက်ပြီးသားသူတွေပါ။ (ဒီနေရာမှာ child labour တွေမပါဘူးပေါ့လေ)။ အရွယ်ရောက်လို့ လုပ်ငန်းခွင်ထဲရောက်နေသူတွေရဲ့ စိတ်သဘောထား ရင့်ကျက်မှုဟာ အရမ်းအရေးကြီးပါတယ်။ စိတ်ထင်တိုင်း မလုပ်ဖို့ မပြောဖို့ စောင့်ထိန်းစရာရှိတာတွေကို စောင့်ထိန်းဖို့ လိုအပ်ပါတယ်။ ရင့်ကျက်ခြင်းဟာ ဖြစ်ပေါ်လာတဲ့ကိစ္စရပ်တွေပေါ် ကိုယ့်ရဲ့သဘောထားခံယူချက်၊ အကောင်းမြင်စိတ် အပေါ်မှာ အများကြီးမူတည်ပါတယ်။
၈။ အဆိုးလောကဓံကိုကြံ့ကြံ့ခံနိုင်ခြင်း
လုပ်ငန်းခွင်မှာ ဝေဖန်ခံရမှု၊ အပြစ်ပြောဆိုခံရမှု၊ အသိအမှတ်ပြုမခံရခြင်း၊ ဘက်လိုက်မှု ရှိခြင်းစတာတွေနဲ့ ကြုံတွေ့နိုင်ပါတယ်။ လူတွေနဲ့ ဖွဲ့စည်းထားတဲ့ လုပ်ငန်းခွင်မှာ ဒါမျိုးတွေနဲ့ ကြုံတွေ့ရတာ မဆန်းပါဘူး။ ဒါမျိုး အဆိုးလောကဓံကို ကြံ့ကြံ့ခံနိုင်ဖို့ ကိုယ့်စိတ်ဓါတ်ကိုပြင်ဆင်ထားဖို့တော့လိုပါတယ်။ အကောင်းအဆိုး လောကဓံတွေဟာ လူတိုင်းကြုံတွေ့နိုင်တဲ့ အရာတွေလို့ ခံယူရမှာ။ ဒါမျိုးတွေနဲ့ ကြုံတွေ့လာတဲ့အခါ နှလုံသွင်းမမှန်၊ စိတ်ဖိစီးမှုများလာရင် အလုပ်လုပ်ရတာ မပျော်တော့ဘဲ နောက်ဆုံးကျန်းမာရေးကို ထိခိုက်လာနိုင်တော့ ကိုယ်ရဲ့ခံနိုင်ရည်စွမ်းအားကို မြှင့်တင်ထားမှ တော်ကာကျပါလိမ့်မယ်။
၉။ ဘာသာစကားနဲ့နည်းပညာကျွမ်းကျင်မှု
မျက်မှောက်ခေတ်မှာ ကိုယ့်ရဲ့မိခင်ဘာသာစကားအပြင် လုပ်ငန်းခွင်မှာ အသုံးဝင်တဲ့ ဘာသာစကားတစ်ခုခုကို ကျွမ်းကျင်ဖို့လိုအပ်ပါတယ်။ ဘာသာစကားအမျိုးမျိုးထဲမှ အင်္ဂလိပ်ဘာသာစကားဟာ လူသုံးများတွင်ကျယ်တဲ့ ဘာသာစကားတစ်ခုပါ။ ဒီဘာသာစကားကို တတ်မြောက်ကျွမ်းကျင်ထားမယ်ဆို ကျမတို့ရဲ့ career မှာ များစွာအထောက်အကူပြုမှာဖြစ်တယ်။ ဒီခေတ်မှာ လုပ်ငန်းတော်တော်များများမှာ လုပ်ငန်းသဘောနားလည်သည်သာမက ဘာသာစကားကို ကျွမ်းကျင်စွာနဲ့ ပြောဆိုရေးသားနိုင်သူတွေကို အလိုရှိနေကြတာပါ။ ဘာသာစကားကျွမ်းကျင်အောင် ပြင်ဆင်လေ့ကျင့်ထားခြင်းဟာ ဘယ်တော့မှ အချည်းနှီးမဖြစ်သလို ကိုယ့်ရဲ့အားသာချက်တစ်ခုဖြစ်လာမှာ။ ဒါ့အပြင် ခေတ်သစ်လုပ်ငန်းခွင်တွေမှာ နေ့စဉ် ကွန်ပြူတာတွေနဲ့ အလုပ်လုပ်နေကြရတာမို့ အိုင်တီနည်းပညာတွေနဲ့ အကျွမ်းတဝင်ရှိဖို့လိုသလို ကွန်ပြူတာကို ကျွမ်းကျင်စွာအသုံးချလုပ်ကိုင်တတ်ဖို့လည်း လိုပါတယ်။
၁၀။ အလုပ်ကြိုးစားခြင်း
အလုပ်ရေသာခိုသူနဲ့ အလုပ်ကြိုးစားလုပ်သူဟာ အချိန်ကာလတစ်ခုမှာ လုံးဝအပြတ်အသတ်ကွားခြားသွားတာပါ။ အလုပ်ကြိုးစားခြင်းက သူများက ကိုယ့်ကိုသဘောကျခြင်းထက် ကိုယ့်ကိုယ်ကို လေးစားမှု ပိုရပါတယ်။ လစာယူပြီး အလုပ်ကိုရေသာခိုသူဟာ သူများပိုက်ဆံကို ခိုးယူနေခြင်းလို့ ဆရာတစ်ယောက်က ကျမတို့ကို သတိပေးဖူးတယ်။ ခိုးယူထားတဲ့အရာတွေဟာ လက်ထဲမမြဲ လွယ်လွယ်နဲ့ ဆုံးရှုံးရတတ်တယ်။
၁၁။ အလုပ်နဲ့ဘဝ အချိုးမျှတအောင်စီမံနေထိုင်ခြင်း
ဒီခေတ်ကြီးမှာ အလုပ်နဲ့ ဘဝ အချိုးမျှတအောင် (work- life balance)ဖြစ်အောင် စီမံရတာမလွယ်လှပါဘူး။ ယူထားရတဲ့ တာဝန်တွေ များတဲ့သူတွေဆို ပိုခက်ခဲမှာပါ။ တာဝန်တွေအမျိုးမျိုးကြား နေ့စဉ်ဘဝထဲရုန်းကန်ရင်း ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်တွေလျော့နည်းလာနိုင်သလို၊ ကိုယ်ဝါသနာပါရာတွေကို လုပ်ဖို့လည်း အချိန်ရှားလာနိုင်တယ်။ အလုပ်တာဝန်တွေနဲ့ နေရောညပါ ပိတ်မိနေသူတွေ၊ အားလပ်ရက်မရှိသူတွေရဲ့ ဘဝတွေမှာ တခါတခါ မွန်းကျပ်စရာကောင်းလာမှာပါ။ အလုပ်တာဝန်တွေများလာရင် စိတ်ဖိစီးမှုတွေများတတ်သလို၊ အလုပ်လက်မဲ့ဖြစ်နေရင်လည်း စိတ်ကျဝေဒနာဖြစ်တတ်ပြန်တယ်။ မည်သို့ပင်ဆိုစေ (အဓိက ရာထူးကြီးသူတွေ၊ ကြီးလေးတဲ့တာဝန်တွေယူထားရသူတွေ) အလုပ်နဲ့ဘဝ မျှတအောင် နေနိုင်မှ ဘဝဟာ အသက်ရှင်နေစဉ်ကာလမှာ နေပျော်စရာကောင်းမှာပါ။ ကိုယ်ကျန်းမာလို့ စိတ်ချမ်းသာကြမှာပါ။
လုပ်ငန်းခွင်မှာပျော်ရွှင်အောင်မြင်ကြပါစေ…
ပန်းဝေဝေ
ဇွန်လ ၄ ရက်၊ ၂၀၁၇ ခုနှစ်
Tags:
ဒီ post ကို select လုပ် ပြီး copy ကူးပြီးသိမ်းချင်လို့ မရဘူးဖြစ်နေတယ်။
ဘယ်လို လုပ်ရမလဲ သိချင်ပါတယ်
ဒီမှာ ကူးမရရင် ကျွန်မရဲ့ Facebook မှာ သွားကူးလိုက်ပါနော်
https://www.facebook.com/khin.wai.58/posts/10213041504137536
ကျေးဇူးပါမမ :)
© 2019 Created by Myanmar Network.
Powered by
![]() |
Find us on Google map | Share us on Facebook | Follow us on Twitter | Terms of use | Tips for account security | Number of page views:
This site is best viewed with Google Chrome and you will need to download and install Zawgyi One font to see Myanmar characters. British Council is the United Kingdom’s international organisation for cultural relations and educational opportunities. A registered charity: 209131 (England and Wales) SC037733 (Scotland). Privacy and cookies. Our commitment to freedom of information. © Copyright 2018 Myanmar Network |