အလုပ်ရှင်နဲ့ဝန်ထမ်းဆိုတာ

အလုပ်ရှင်နဲ့ ဝန်ထမ်းဆိုတာ "ကိုင်း ကျွန်းမှီ၊ ကျွန်းကိုင်းမှီ"ဆိုတာကို တချို့ အလုပ်ရှင်တွေအနေနဲ့ နားလည်သဘော ပေါက်ထားဖို့လိုအပ်ပါလိမ့်မယ်။ ပိုက်ဆံရှိ ရင်ဝန်ထမ်းဆိုတာ အချိန်မရွေးခန့်လို့ ရတယ်ဆိုတဲ့အတွေးမျိုးကို တွေးကြတာ များပါတယ်။ ဒါပေမဲ့ ပိုက်ဆံရှိတိုင်း ဝန်ထမ်းတွေကို ထပ်ခန့်ကောင်းခန့်လို့ရနိုင် ပေမဲ့ ဝန်ထမ်းကောင်းတွေကိုတော့ ပိုက်ဆံရှိတိုင်းခန့်လို့မရနိုင်ဘူးဆိုတာကို တော့မေ့လျော့နေပုံရပါတယ်။


ဝန်ထမ်းကောင်းနဲ့ သာမန်ဝန်ထမ်း
    ဒီနေရာမှာဝန်ထမ်းကောင်းနဲ့သာမန်ဝန်ထမ်း ခွဲခြားပြီးပြောချင်ပါတယ်။ သာမန်ဝန်ထမ်းဆိုတာ မလုပ်၊ မရှုပ်၊ မပြုတ်သဘောလောက်ပဲ အလုပ်လုပ်တာ ဖြစ်ပြီး ဝန်ထမ်းကောင်းဆိုတာကတော့ ကုမ္ပဏီအတွက် ကိုယ့်စီးပွားရေးတစ်ခုလိုပဲ စဉ်းစားလုပ်ကိုင်ပေးတာကို ဆိုလိုတာပါ။ အလုပ်ချိန်ပြင်ပမှာတောင် အလုပ်အ ကြောင်းစဉ်းစားပြီး အကြံÓဏ်ထုတ်၊ စဉ်းစားပေးတတ်တဲ့ ဝန်ထမ်းမျိုးတွေပါ။        "မလုပ်ချင်ရင် ထွက်သွားကြ၊ အချိန် မရွေး ဝန်ထမ်းထပ်ခေါ်လို့ရတယ်"ဆိုတဲ့ အပြောမျိုးတွေနဲ့ ဝန်ထမ်းတွေရဲ့ကြိုးစား ချင်စိတ်၊ အားထုတ်ချင်စိတ်တွေကို မသတ်လိုက်ပါနဲ့။ ကိုယ့်ရဲ့စကားတစ်ခွန်း ကြောင့် ဝန်ထမ်းတွေရဲ့လုပ်ငန်းစွမ်း ဆောင်ရည်တွေကို ကျဆင်းစေနိုင်တယ်ဆို တာသတိပြုပါ။ အကြီးအကဲတစ်ယောက် ရဲ့စကားတစ်ခွန်းက ဝန်ထမ်းတွေအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေနိုင်သလို၊ စိတ် ဓာတ်ကျစရာလည်းဖြစ်စေနိုင်ပါတယ်။


ခေါင်းဆောင်မှုအရည်အသွေးဆိုတာ
    စီမံခန့်ခွဲမှုတွေလုပ်ဆောင်နေရတဲ့ ခေါင်းဆောင်ပိုင်းတွေအနေနဲ့ ဝန်ထမ်းတွေ ကို စိတ်ဓာတ်တက်ြွကအောင် ဘယ်လို Motivate လုပ်နိုင်မလဲဆိုတဲ့အချက်နဲ့ ခေါင်းဆောင်မှုအရည်အသွေးကိုဆန်းစစ် ကြရမှာပါ။ ဒီအချက်ရဲ့တန်ဖိုးကိုသိရှိနား လည်ပြီး လိုက်နာဆောင်ရွက်တဲ့အလုပ်ရှင် မျိုးရှိသလို၊ တချို့အလုပ်ရှင်တွေကျတော့ လည်း ဒီအချက်ကိုတန်ဖိုးထားမှုအားနည်း နေတုန်းပါပဲ။ 
Motivate လုပ်နိုင်တဲ့ခေါင်းဆောင်လား
    ဒီနေရာမှာ ဝန်ထမ်းတွေကိုစိတ်ဓာတ် ခွန်အားဖြစ်အောင် Motivate လုပ်နိုင်တဲ့ ခေါင်းဆောင်လက်အောက်မှာရှိတဲ့ဝန်ထမ်း နဲ့ ကိုယ့်ရဲ့ဝန်ထမ်းကို Motivate မလုပ်တဲ့ ခေါင်းဆောင်လက်အောက်မှာရှိတဲ့ဝန်ထမ်း လုပ်ငန်းစွမ်းဆောင်ရည်ပိုင်းမှာမတူညီကြပါ ဘူး။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုင်းမှာ လည်းမတူညီကြပါဘူး။ ကိုယ့်ရဲ့တန်ဖိုးကို သိရှိနားလည်မှုပိုင်းမှာလည်း မတူညီကြပါ ဘူး။ သင်က ဘယ်လိုခေါင်းဆောင်မျိုးဖြစ်ပါသလဲ။


ပိုက်ဆံမကုန်တဲ့ ချီးမြှောက်မှုဆိုတာ
    ဂုဏ်ပြုချီးမြှောက်မှုဆိုတာ ပိုက်ဆံ မကုန်ဘဲနဲ့လည်း ရနိုင်ပါတယ်။ အဲဒါက တော့ကိုယ့်ဝန်ထမ်းရဲ့အောင်မြင်တဲ့လုပ်ရပ် တိုင်းအတွက် ချီးကျူးစကားပြောပေးတာ ပါပဲ။ ချီးမြှောက်မှုဆိုတာနဲ့ တချို့တွေက ပိုက်ဆံကုန်မှပဲချီးမြှောက်မှုလုပ်နိုင်မယ်လို့ တွေးထင်ကြပါတယ်။ ပိုက်ဆံမကုန်တဲ့ချီး မြှောက်မှုဆိုတာ ခေါင်းဆောင်အကြီးအကဲ ရဲ့ကောင်းမွန်တဲ့နှုတ်ထွက်စကားပါပဲ။ ဒီစကားကိုတောင် တွန့်တိုနေတတ်တဲ့ ခေါင်းဆောင်ဆိုရင်တော့ အဲဒီလုပ်ငန်းခွင် ကစွန့်ခွာဖို့စဉ်းစားသင့်နေပါပြီ။


နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေဆိုသလို မဖြစ်စေလို
    "နှုတ်ကောင်းရင် ပြည်စိုး" ဆိုတဲ့စကား ရှိပါတယ်။ အကြီးအကဲတစ်ယောက်ရဲ့ နှုတ်ထွက်စကားက သိပ်ကိုအရေးကြီးပါ တယ်။ သူ့ရဲ့နှုတ်ထွက်စကားက ကောင်း တာဖြစ်စေနိုင်သလို၊ အဆိုးဘက်ကိုလည်း ရောက်သွားစေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းဆောင်တွေက စကားပြောဆိုရာမှာ ဆင်ခြင်သင့်ပါတယ်။ "နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ" ဆိုသလိုမဖြစ်ရအောင် ဂရုပြုသင့်ပါတယ်။
    ဝန်ထမ်းတွေကိုအလုပ်လုပ်ချင်စိတ်၊ စိတ်အားတက်ြွကမှုရှိစေမယ့်စကားအစား အားကြိုးမာန်တက်လုပ်ကိုင်ချင်စိတ်တွေကို ပါပျောက်ပျက်သွားစေမယ့်စကားမျိုး မပြောမိစေဖို့ ရှောင်သင့်ပါတယ်။ ကယ်လီ ဖိုးနီးယားမှာ ဒီဇိုင်းပညာရပ်နဲ့ အလုပ်လုပ် နေတဲ့ မြန်မာမိန်းကလေးတစ်ယောက်က သူ့ရဲ့ Facebook မှာအလုပ်ရှင်နဲ့ပတ် သက်ပြီး စာတစ်ကြောင်းတင်ထားပါတယ်။
    အဲဒါကတော့ "သူဌေးတချို့ရဲ့စိတ်ထဲ မှာ ငါရှိလို့ မင်းတို့တွေ ထမင်းမငတ်တာ လို့တွေးတာများတယ်။ အလုပ်သမား၊ အတတ်ပညာရှင်တွေမရှိရင် ဆီမရှိတဲ့ကားလိုပဲ ဘယ်မှခရီးရောက်မှာမဟုတ်ဘူးလို့ တွေးတာနည်းတယ်" ဆိုတဲ့စာကြောင်းလေးပါ။ သူကတော့အရှည်ကြီးရေးထားပါတယ်။ ဒီစာသားကလေးကိုပဲ ဥပမာအနေ နဲ့တင်ပြချင်တာပါ။ သူတို့နိုင်ငံက အလုပ်ရှင်တချို့လည်း ကိုယ်တွေနိုင်ငံကအလုပ်ရှင်တချို့နဲ့ အတွေးအခေါ်ချင်းတူပါသလားဆိုတာကိုစဉ်းစားမိစေပါတယ်။ ဝန်ထမ်းတွေအပေါ်ထားတဲ့ အလုပ်ရှင် တွေရဲ့သဘောထားမျိုးကိုမြန်မာပြည်က ဝန်ထမ်းတွေတင်ခံစားရတာမဟုတ်ပါဘူး၊ အမေရိကားလိုတိုင်း ပြည်ကြီးကဝန်ထမ်း တချို့တွေလည်း ဒီလိုကြုံတွေ့ခံစားနေရ တယ်ဆိုတာ သူ့ရဲ့ရင်ဖွင့်သံကသက်သေပါပဲ။


တန်ဖိုးထားမှုဆိုတာ
    အလုပ်ရှင်တွေအနေနဲ့ ဝန်ထမ်းတွေ ရှိလို့လုပ်ငန်းတွေပြီးမြောက်အောင်မြင်တယ်ဆိုတာကို လက်ခံသင့်သလို၊ ဝန်ထမ်းတွေအနေနဲ့လည်း ကိုယ့်အလုပ်ရှင်ရဲ့ကောင်း မွန်တဲ့စီမံခန့်ခွဲမှုတွေနဲ့၊ အမြော်အမြင်ကြီး မားမှုတွေကြောင့် လုပ်ငန်းတွေတိုးတက် အောင်မြင်နေတယ်ဆိုတာကိုနားလည်လက် ခံထားရပါမယ်။ ဒါက အပြန်အလှန်တန်ဖိုး ထားမှုပါပဲ။ အလုပ်ရှင်မရှိရင် ဝန်ထမ်းဆို တာလည်းမရှိနိုင်သလို၊ ဝန်ထမ်းမရှိရင် အလုပ်ရှင်ဆိုတာလည်း မရှိနိုင်ပါဘူး။
    အခုခေတ်မှာ ပိုက်ဆံရှိတိုင်းဝန်ထမ်း ထပ်ခန့်လို့ရပေမဲ့ ဝန်ထမ်းကောင်းတွေရရှိ ဖို့ကတော့ အခွင့်အလမ်းနည်းသွားပါပြီ။ ဝန်ထမ်းကောင်းတွေကို တန်ဖိုးထားမှုအား နည်းနေမယ်ဆိုရင် ကိုယ့်မှာရှိတဲ့ဝန်ထမ်း ကောင်းတွေ ဆုံးရှုံးရမှာပဲဖြစ်ပါတယ်။ ဒီနေရာမှာအလုပ်ရှင်နဲ့ဝန်ထမ်းအပြန်အလှန် တန်ဖိုးထားမှုဆိုတာအရေးကြီးလာပါတယ်။ 
    ဒီလူကတော့အလုပ်မှာအားကိုးရ တယ်၊ မျက်နှာလွှဲလို့ရတယ်ဆိုပြီး ထိုက်သင့်တဲ့လစာခံစားခွင့်မျိုး မပေးထားနိုင်ရင်လည်း တစ်နေ့မဟုတ်တစ်နေ့တော့ ဒီအလုပ်ကိုစွန့်ခွာသွားမှာအသေအချာပါပဲ။  ဝန်ထမ်းတွေဘက်ကလည်း ကိုယ့်ရဲ့အလုပ် ရှင်က ဝန်ထမ်းတွေအပေါ်ကောင်းသ လောက်၊ စေတနာထားသလောက် ကိုယ့် ဘက်ကလည်းအလုပ်အပေါ်မှာ စေတနာ ထားပြီးလုပ်ပေးကြဖို့လိုပါတယ်။ အလုပ် ရှင်ကောင်း၊ ဝန်ထမ်းကောင်းတွေကိုအပြန် အလှန်တန်ဖိုးထားကြမှသာ ဟန်ချက်ညီ တဲ့အလုပ်ပတ်ဝန်းကျင်တစ်ခုဖြစ်လာနိုင် မှာဖြစ်ပါတယ်။
    
    အနှစ်ချုပ်ဆိုရရင် အလုပ်ရှင်နဲ့ဝန် ထမ်းဆိုတာ တစ်ဦးကိုတစ်ဦးမှီတည်နေရ တာမျိုးပါ။ အလုပ်ရှင်ချည်းပဲလည်းမရပ် တည်နိုင်သလို၊ ဝန်ထမ်းတွေချည်းပဲလည်း မရပ်တည်နိုင်ပါဘူး။ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းနဲ့ လုပ်ငန်းတစ်ခုကို အောင်မြင်အောင်မတည်ဆောက်နိုင်ပါဘူး။ အားလုံးပေါင်းစုမှသာ လုပ်ငန်းတစ်ခုကို အောင်အောင်မြင်မြင်လည်ပတ်နိုင်မှာဖြစ်ပါ တယ်။ ဒါကြောင့်လုပ်ငန်းခွင်အတွင်းမှာ "I"လို့သုံးမယ့်အစား "We"လို့ ပြောဆိုသုံးနှုန်းဖို့ အလုပ်ရှင်မှာရော၊ ဝန်ထမ်းမှာရော တာဝန်ရှိကြောင်းပါ။ 

ကျော့ကေခိုင်

Views: 130

Reply to This

Replies to This Discussion

မှန်ပါတယ်ဗျာ လက်ရှိအပြင်မှာလည်း အဲ့ဒီလိုမျိုး အလုပ်ရှင်တွေလည်း မြင်ဖူး ကြုံဖူးပါတယ်
အလုပ်ရှင်နဲ့ ရင်းနှီးကျွမ်းဝင်သော လူတွေရဲ့ ဆုံးဖြတ်မှုကြောင့်လည်း ဝန်ထမ်းကောင်းတွေ ဆုံးရှုံးနစ်နာခဲ့ရတာတွေကိုလည်း တစ်ချို့အလုပ်ရှင်တွေ သိမသွားဘူး
:)

ဟုတ်ကဲ့။ အခုလိုစိတ်ဝင်တစား ဖတ်ရှုဝေဖန်ပေးတာ ကျေးဇူးပါ။ :)

RSS

Featured Discussions

© 2017   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service