သားကောင်းရတနာ

            သားကောင်းရတနာဟူသည် နိုင်ငံနှင့်ချီ၍ပြောမည်ဆိုလျှင် အမျိုးသားလည်းပါသည်၊ အမျိုးသမီးလည်း ပါသည်။ ကလေးသူငယ်လည်း ပါသည်။ လူငယ် လူရွယ်လည်း ပါသည်။ လူကြီးသူကြီးများလည်း ပါသည်။ အရိုးရှင်းဆုံး ပြောရမည်ဆိုလျှင် နိုင်ငံအတွင်း မှီတင်းနေထိုင်ပြီး နိုင်ငံချစ်စိတ်နှင့် နိုင်ငံ့ကောင်းကျိုး သယ်ပိုးထမ်းရွက်နေသူများကို သားကောင်းရတနာဟု ဆိုလိုခြင်းဖြစ်သည်။

            အခြေအနေနှင့် အကြောင်းအရာအမျိုးမျိုးတို့ကြောင့် တိုင်းခြားပြည်ပသို့ရောက်နေသည့်တိုင် မိမိနိုင်ငံ၊ မိမိလူမျိုး၏ ဂုဏ်သိက္ခာကို မြှင့်တင်ရင်း၊ မမြှင့်တင်နိုင်သည့်တိုင် ဂုဏ်သိက္ခာကို ထိမ်းသိမ်းနေကြသည့် အမျိုးသား၊ အမျိုးသမီး ကြီးငယ်မဟူသည် သားကောင်းရတနာသာ ဖြစ်သည်။ ပမာဆိုရလျှင် တိုင်းရင်းသား(၁၃၅)မျိုးထဲမှ မည်သည့်လူမျိုးမဆို အမိနိုင်ငံကောင်းကျိုးအတွက် အားထုတ်ကြိုးပမ်းနေသူ အားလုံးတို့သည် သားကောင်းရတနာဟု သတ်မှတ်ရမည် ဖြစ်သည်။

            သည်နိုင်ငံမှာမွေး၊ သည်နိုင်ငံမှာကြီး၍ နိုင်ငံ့အကျိုးသယ်ပိုးဆောင်ရွက်ခြင်းမရှိဘဲ နေသာသလို လစ်လျူရှုနေသူတို့သည် နိုင်ငံသားပင်ဖြစ်သော်လည်း နိုင်ငံ့သားကောင်းတစ်ယောက်၊ သားကောင်းရတနာ တစ်ယောက်အဖြစ် သတ်မှတ်နိုင်မည် မဟုတ်ပေ။ ပဒေသရာဇ်ခေတ်မှသည် ယနေ့ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေသည့် ခေတ်တိုင်အောင် ကျွန်တော်တို့နိုင်ငံသည် သူရဲကောင်း(သားကောင်းရတနာ) များ ပေါ်ထွန်းခဲ့သည်။ ထွက်ပေါ်ခဲ့သည်။ နောင်တွင်လည်း ပေါ်ထွန်းထွက်ပေါ်ဦးမည်သာ ဖြစ်သည်။ သို့သော် ခေတ်တိုင်းတွင် အားနည်းချို့ယွင်းချက် အနည်းငယ် ရှိနေကြသည်။ ဟိုရှေးယခင်က သူရဲကောင်းကို အားကိုးလွန်းခြင်း၊ ကိုးကွယ်လွန်းခြင်း ဖြစ်သည်။ ယနေ့ခေတ်မှာတော့ သူရဲကောင်းတွေ များလွန်းခြင်း ဖြစ်သည်။ သူရဲကောင်းများခြင်းမှာ ကောင်းမွန်သောအချက်ဖြစ်သော်လည်း ထိုသူရဲကောင်းများ အချင်းချင်းစုစည်းကာ စည်းလုံးညီညွတ်စွာဖြင့် တိုင်းပြည်ကောင်းကျိုးကို မဆောင်ရွက်နိုင်ခြင်းက ဝမ်းနည်းဖွယ်ရာ ဖြစ်သည်။

           သူရဲကောင်းကို ကိုးစားသည့်ခေတ်က လူတို့သည် မိမိကိုယ်တိုင် သူရဲကောင်းအဖြစ် ပါဝင်နိုင်သည့် သမိုင်းစာမျက်နှာကို မေ့နေခဲ့ကြသည်။ ယနေ့ခေတ်တွင်တော့ လူအများစုသည် သူရဲကောင်းအဖြစ် တိုင်းပြည်ကောင်းစားရေးအတွက် ရှေ့ထွက်လာခဲ့ကြပြီဖြစ်သည်။ သူတို့ မေ့နေကြသည်မှာ စုစည်းမှုဖြစ်သည်။ စည်းလုံးမှုဖြစ်သည်။ စည်းလုံးမှု၊ စုစည်းမှုမှရလာမည့်အားကို၊ အစွမ်းကို မေ့နေကြသည်။ သို့မဟုတ် စည်းလုံးမှု၏ အင်အားကို အသုံးမချနိုင်သေးချိန်ဖြစ်သည်။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်ဆိုသော ပုံပြင်ကို မေ့နေကြသည်။ ထိုပုံပြင်ကို သတိရ၍ တွန်းနေကြပါသည်ဆိုလျှင် ဦးတည်ရာအရပ် လွဲနေခြင်းသာ ဖြစ်သည်။ တချို့က ရွှံ့ညွန်ထဲမှ လွတ်မြောက်ရန်အတွက်ဆိုကာ ရှေ့သို့တွန်းသည်။ တချို့က မည်သည့်နည်းဖြင့်ပင် လွတ်လွတ် နွံနစ်နေခြင်းကလွတ်ရန်ဆို၍ နောက်သို့ပြန်တွန်းနေကြ၍ ဖြစ်သည်။ တပြိုင်ထဲလည်း တွန်းနေကြသည်။ နွံဗွက်အတွင်းမှ လွတ်စေလိုသည့် စေတနာရည်ရွယ်ချက် အပြည့်နှင့်ဖြစ်သည်။ သို့သော် ပန်းတိုင်ရှိရာသို့ တွန်းနိုင်ကြမည်ဆိုလျှင် အကောင်းဆုံးဖြစ်သည်။ အလွန်နည်းသည့် တချို့တွေကမူ လှည်းဖြတ်သန်းခရီးနှင်ခဲ့ရာလမ်းတလျှောက် မျှော်ကြည့်ရင်း လှည်းမောင်းသူကို အပြစ်တင်နေကြသည်။

             လူတိုင်းတွင် အားသာချက်၊ အားနည်းချက် ကိုယ်စီ ရှိကြပါသည်။ တချို့တွေက မိမိ၏ အားသာချက်၊ အားနည်းချက်ကို သိသည်။ တချို့တွေကတော့ မသိကြ။ တချို့တချို့တွေက မိမိ၏ အားနည်းချက်ကို ကွယ်ဝှက်ရင်း မိမိတွင် အားနည်းချက်ပင်မရှိဟု ထင်မြင်လာကြသည်။ မိမိအားနည်းချက်ကို မဖြည့်စွမ်းဘဲ သူတပါးအားနည်းချက်ကို ထောက်ပြရင်း၊ သူတပါးအားသာချက်ကို ဖျက်ဆီးရင်း ခရီးရှေ့မရောက်ဖြစ်ရန် ကြံစည်နေကြသည်။ နိုင်ငံချစ်သည့်တိုင် အချင်းချင်းစိတ်ဝမ်းကွဲ၍ အားပြိုင်နေကြသဖြင့် နိုင်ငံ့ကောင်းကျိုး ဆောင်ရွက်နိုင်မည့် အချိန်၊ စွမ်းအားတို့ကို ဖြုန်းတီးနေကြသည်။ ပြုန်းတီးနေကြသည်က စိတ်မကောင်းစရာ ဖြစ်သည်။

သမိုင်းဆိုသည်မှာ ခေတ်စနစ်တိုင်းတွင် ဖြစ်ပေါ်ခဲ့သည့်အကြောင်းခြင်းရာတို့ကို နှောင်းလူတို့က အတုယူရန်၊ ဆင်ခြင်ရန်၊ မှတ်သားရန်အတွက် ရေးမှတ်ရသည့် မှတ်တမ်းဖြစ်သည်။ ကိုယ့်သမိုင်း ကိုယ်ရေးဆိုသော်လည်း ထိုသမိုင်းကို ကိုယ်တိုင်ရေးမှတ်၍ မရ။ တိုင်းပြည်အတွက်၊ အများအကျိုးအတွက် ကိုယ်တိုင်ပြုမှုဆောင်ရွက်ချက်များဖြင့်သာ ရေးမှတ်၍ ရသည်။ နာမည်လိုချင်စိတ်ဖြင့် ပြုမှုဆောင်ရွက်ခဲ့သူတို့ ကိုယ်တိုင်ရေးမှတ်တမ်းတို့သည် မိုး၊ ဆောင်း၊ နွေ ဥတုသုံးမျိုးကိုပင် မဖြတ်သန်းနိုင်ဘဲ ပျောက်ကွယ်သွားကြ သည်က များသည်။ ကျောက်စာကို ခဲဖျက်ဖြင့် ဖျက်မရသည့်နည်းတူ သမိုင်းတွင် စွမ်းဆောင်ခဲ့သူတို့၏ ဂုဏ်သတင်းကို မည်သည့်အမှိုက်သရိုက်ဖြင့်မှ ဖုံးကွယ်၍ မရသည်က သေချာသည်။

               ထို့ကြောင့် ကိုယ်ရောက်နေသည့်နေရာ၊ ရှိနေသည့် အရပ်မှနေ၍ တိုင်းပြည်အရေးအတွက် ကြိုးစားရမည် ဖြစ်သည်။ ခေါင်းဆောင်ရမှ၊ ရှေ့မှ သွားခွင့်ရမှ နိုင်ငံ့သားကောင်းရတနာ ဖြစ်ခွင့်ရသည် မဟုတ်ပါ။ ထို့ကြောင့်ပင် အာဇာနည်(၉)ဦးထဲမှ ရဲဘော်ကိုထွေးကို မေ့မရနိုင်ခြင်း ဖြစ်သည်။ ရှေ့မှနေ၍ ဦးဆောင်ခွင့်ရတိုင်း ခေါင်းဆောင်ကောင်း ဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်။ ငါးရာ့ငါးဆယ်ဇာတ်တော်လာထဲမှ မိုက်သောလှည်းကုန်သည်ကို သတိရမိကြဦးမည် ထင်ပါသည်။ ဦးစီးဦးဆောင် မလုပ်ရ၍ ဦးခေါင်းနေရာ မဟုတ်သော်လည်း မိမိကျရောက်သည့်နေရာ ခြေ၊ လက်တို့မှ တိုင်းပြည်အတွက် တာဝန်ကျေမည်ဆိုလျှင် နိုင်ငံ့သားကောင်းတစ်ဦးအဖြစ် ဂုဏ်ယူနိုင်မည် ဖြစ်သည်။

              လူဆိုသည်မှာ မိမိထက် အသက်ဝါကြီးသူ၊ ဂုဏ်သိက္ခာကြီးမြင့်သူများကို လေးစားကြည်ညိုနိုင် သော်လည်း မိမိကိုယ်ကိုယ် ကြည်ညိုနိုင်ရန် လွန်စွာခဲယဉ်းပါသည်။ မိမိလမ်းလွဲသွားလျှင်၊ မလုပ်သင့်သော အရာကို လုပ်ခဲ့မိလျှင် တခြားသူများမသိအောင် ကွယ်ဝှက်နိုင်သည့်အခါ ဖုံးကွယ်နိုင်မည်ဖြစ်သော်လည်း မိမိကိုယ်တိုင်ကိုတော့ ဘယ်သောအခါမျှ လိမ်ညာလှည့်စားနိုင်မည် မဟုတ်ချေ။ မိမိကိုယ်ကိုယ် ကြည်ညိုလေးစားနိုင်ခြင်းသည် နိုင်ငံသားကောင်းတစ်ယောက်အတွက် အရေးကြီးဆုံး အချက်ဖြစ်သည်။ သို့မှသာ နိုင်ငံ့ကောင်းကျိုးသယ်ပိုးထမ်းရွက်ရာတွင် တော်တည့်မှန်ကန်သည့်စိတ်၊ ရဲဝင့်ဖြောင့်မတ်သည့် စိတ်ဖြင့် တွေဝေမှုကင်းစွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

              နိုင်ငံသားကောင်းတစ်ယောက်၊ သားကောင်းရတနာတစ်ယောက်ဖြစ်စေရန်အတွက် နေရာမလို၊ နာမည် မလိုသော်လည်း တိုင်းပြည်ချစ်စိတ်ဖြင့် နိုင်ငံအကျိုးကို သယ်ပိုးဆောင်ရွက်လိုစိတ်သည်သာ အဓိက ဖြစ်သည်။ သားကောင်းရတနာအချင်းချင်း စုစည်းဆောင်ရွက်ကြခြင်းသည်သာ လိုရင်းဖြစ်သည်။

             သားကောင်းရတနာဟူသည် ခင်ဗျားလည်း ဖြစ်နိုင်သည်။ ကျွန်တော်လည်း ဖြစ်နိုင်သည်။ မိန်းကလေးလည်း ဖြစ်နိုင်သည်။ ယောက်ျားလေးလည်း ဖြစ်နိုင်သည်။ တိုင်းပြည်အကျိုး၊ လူမျိုးအကျိုး၊ အများအကျိုးအတွက် တူညီသောခြေလှမ်းများ၊ တူညီသောပန်းတိုင်ရှိရာသို့ သယ်ပိုးထမ်းရွက်နေသူတိုင်းသည် နိုင်ငံ၏ သားကောင်းရတနာသာ ဖြစ်တော့သည်။

 

လေးစားစွာဖြင့်

ထူးအောင်ဝင့်

Views: 62

Reply to This

Featured Discussions

© 2018   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service