သန်းခြောက်ဆယ်ထဲက စာမဖတ်သူတို့ အကြောင်း

မိတ်ဆွေ စာရေးဆရာ တစ်ယောက်ရဲ့စာအုပ် ရုပ်သံတစ်ခုရဲ့ အရောင်းရဆုံး Top Ten စာအုပ်စာရင်းမှာ ပါလာတာ တွေ့ရလို့ သူ့ကို ဝမ်းသာတဲ့ အကြောင်း မုဒိတာစကား ပြောလိုက်တော့ သူက ပြုံးပဲနေတယ်။  သူပြုံးနေတဲ့ပုံက အသက်မပါသလို ဖြစ်နေတဲ့အတွက်  ကျေးဇူးတင်ပါတယ်ဆိုတဲ့ တုံ့ပြန် စကားလေးတောင် ပြောမလာတဲ့ သူ့ကိုကြည့်ပြီး စာရေးသူမှာ အံ့သြသွားရပါတယ်။ ကိုယ့်ဆရာ ဘယ်လို ဖြစ်နေတာပါလိမ့် လို့လည်း  တွေးလိုက်မိတယ်။ “စကားလေးလည်း ပြန်ပြောစမ်းပါဦး ဆရာရယ်။ ဆရာ့ကို ကြည့်ရတာ ဝမ်းသာစရာ ပြောတာတောင် ဝမ်းမသာသလို ဖြစ်နေတယ်” လို့ စာရေးသူ ဆိုလိုက်တော့ သူကအားမပါတဲ့ လေသံနဲ့ ခပ်တိုးတိုးလေးပဲ ပြန်ပြောတယ်။  “အထင်မကြီးစမ်းပါနဲ့ဗျာ၊ ပြောရမှာတောင် ရှက်ပါတယ်” လို့ဆိုတယ်။

 

ဆက်ပြီးတော့ သူက  “ဆရာလည်း စာအုပ်တွေရေးနေ၊ ကိုယ်တိုင်လည်း ထုတ်နေတာပဲ။ သိမှာပေါ့။ အရင်က စာအုပ်ဈေးကွက်နဲ့ ဒီကနေ့ စာအုပ်ဈေးကွက် အနေအထားကို”  လို့ ပြောလိုက်တော့မှာပဲ စာရေးသူ သဘော ပေါက်သွားရတယ်။ ဒါကိုတော့ စာရေးသူ သိသလို စာအုပ် ထုတ်ဝေသူတွေလည်း သိပါတယ်။ စာအုပ်တွေ တစ်နှစ်ထက်တစ်နှစ် ရောင်းအား ကျလာတယ် ဆိုတာကို။ တချို့ဆို စာအုပ်တွေကို လျှော့ထုတ် လာကြတယ်။ ဖြစ်နိုင်မယ်လို့ ထင်တဲ့ စာအုပ်လောက်ကိုပဲ ရွေးပြီး ထုတ်ကြတယ်။ ရသလိုင်းကိုပဲ ကြည့်ကြည့်၊သုတလိုင်းကိုပဲ ကြည့်ကြည့်၊ စာအုပ် ထုတ်ဝေသူက ညည်းနေသလို စာအုပ် အငှားဆိုင်တွေလည်း တစ်ဆိုင်ပြီးတစ်ဆိုင် ဆက်မရပ်နိုင်တော့လို့ နိဋ္ဌိတံ လိုက်ရတာတွေ၊ စာအုပ်ရောင်းဆိုင် တချို့နဲ့ စာအုပ်မျိုးစုံ ဖြန့်နေတဲ့ စာအုပ် ဆိုင်ကြီးတွေပါ ရပ်သွား၊ နား သွားရတာတွေ စိတ်မကောင်းစရာ တွေ့နေမြင်နေတော့၊ မိတ်ဆွေ စာရေးဆရာကိုတော့ ဘာမှမပြောတော့ဘဲ ကိုယ့်အတွေးနဲ့ကိုယ်သာ စာရေးသူ ငြိမ်နေမိပါတော့တယ်။ အဲဒီနောက်သူက ဒီအကြောင်းကို ဆက်မပြောတော့ဘဲ တခြားအကြောင်းတွေကို ပြောင်းပြီး ပြောနေတဲ့အတွက် စာရေးသူလည်း သူပြောတာ နားထောင်ပြီး ပြန်ပြောနေရပါတယ်။ ဒါပေမဲ့ ခေါင်းထဲမှာတော့ စောစောက ပြောခဲ့ကြတဲ့ စာအုပ်ဈေးကွက်နဲ့ ပတ်သက်တာတွေကတော့ ပျောက်မသွားပါ။ သူနဲ့လမ်းခွဲလာပြီးတဲ့ နောက်မှာလည်း ဒီအကြောင်းတွေကိုပဲ ဆက်တွေးလို့မဆုံး ဖြစ်နေရပါတယ်။

 

ဟုတ်ပါတယ်။ ဒီကနေ့ စာရေးသူတို့ စာပေလောကရဲ့ အခြေအနေ၊စာအုပ်ဈေးကွက်ရဲ့ အနေအထား။ ပကတိအရှိကို အရှိအတိုင်း အမှန်ကို အမှန်တိုင်း ရေးရမယ်ဆိုရင်တော့ တော်တော်လေးကို စိတ်မကောင်းစရာ စိတ်မချမ်းသာစရာ တွေနဲ့ပါ။ ဂျာနယ်တွေမှာလည်း ဖတ်ခဲ့ရပြီးပါ ပြီ။ စာအုပ်ဆိုင်တွေကို လေ့လာချက်အရ စာအုပ် အရောင်းတွေ လေးဆယ် ရာခိုင်နှုန်းလောက် ကျသွားတယ်ဆိုတဲ့ သတင်းတွေ၊ ဆိုင်တော်တော် များများလည်း ဆိုင်ခန်းနဲ့ဝန်ထမ်းခ ကျေအောင်တောင် မနည်း လုပ်နေရတယ် ဆိုတာတွေ။ ဆရာလူထုစိန်ဝင်းကလည်း ပြီးခဲ့တဲ့ နှစ်တုန်းက ဂျာနယ်တစ်စောင်မှာ ရေးခဲ့ပါတယ်။ “စာအုပ်ရေနှစ်ရာ၊ သုံးရာကုန်အောင်တောင် အနိုင်နိုင် ရောင်းချနေတာကို စာပေခေတ် တစ်ခေတ် ဖြစ်ပြီလို့ မပြောသင့်ပါဘူး” ဆိုတဲ့ စာပေဆိုင်ရာ ဆောင်းပါး ဖြစ်ပါတယ်။ ရေးမယ်ဆိုရင် စာအုပ်တွေ ထွက်လာခဲ့ပေမယ့် ဆရာလူထုစိန်ဝင်း ရေးသလို အုပ်နှစ်ရာ၊ သုံးရာလောက်ပဲ ရောင်းရတဲ့ စာအုပ်တွေက  ရာခိုင်နှုန်းနဲ့ ကြည့်ရင် ကိုးဆယ် ရာခိုင်နှုန်းလောက် ရှိနေပါတယ်။ ဒီကနေ့ အချိန်မှာ အုပ်ရေကိုးရာ၊တစ်ထောင်လောက် ကုန်တဲ့စာအုပ်ဆိုရင် အောင်မြင်တယ်လို့ ဆိုရပါမယ်။ ရှားရှားပါးပါး အုပ် ထောင့်ငါးရာ၊ နှစ်ထောင်၊ နှစ်ထောင့်ငါးရာလောက် ကုန်သွားတဲ့ စာအုပ်ကိုရေးတဲ့ စာရေးဆရာ ကိုတော့  Best Seller လို့ ပြောရမှာ ဖြစ်နေပါပြီ။ သူများကြားရင် ရှက်စရာပါ။ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာဆို ထိုင်းစာရေးဆရာတွေ ရေးတဲ့ အောင်မြင်တဲ့စာအုပ်တွေက အနည်းဆုံး အုပ်နှစ်သောင်းလောက် ကုန်တယ်လို့ လေ့လာသိရှိ ရပါတယ်။ သူတို့ဆီမှာ သတင်းစာတွေ၊ ဂျာနယ်တွေကလည်း များတယ်။ စာအုပ်တွေကလည်း များတယ်။ ဒါပေမဲ့ သူတို့တွေက သူတို့ဘာသာနဲ့ ရေးတဲ့သူတို့ စာတွေကို ဖတ်ကြပါတယ်။ ဖတ်အား ကောင်းတယ်လို့ ပြောရပါမယ်။

 

ဒီကနေ့ နိုင်ငံလူဦးရေက သန်းခြောက်ဆယ်လောက် ရှိနေပါပြီ။ ရန်ကုန်တင် လူဦးရေက ခြောက်သန်းလောက် ရှိပါတယ်။ စာအုပ်တွေကို လူတစ်သိန်း တစ်ယောက်ပဲ ဖတ်တယ်ထားဦး။ အနည်းဆုံး အုပ်ခြောက်ရာ လောက်တော့ ကုန်ရမှာပေါ့။ အခုတော့ လူတစ်သိန်းမှာ တစ်ယောက်တောင် စာမဖတ်သလို ဖြစ်နေပြီ။ လူဦးရေသာ တိုးလာတယ်။ စာဖတ်တဲ့အားက တိုးမလာဘဲ ပိုပိုကျလာတယ်လို့ ပြောရမယ်။ ဒါဟာမြစေတီက စခဲ့တဲ့ ယဉ်ကျေးမှုကို ပေးတဲ့၊ အလိမ္မာကို ပေးတဲ့၊ အသိပညာ ကြွယ်ဝမှုကို ပေးခဲ့တဲ့ မြန်မာစာပေ လောကရဲ့ ရှေ့အနာဂတ် အတွက် တွေးကြည့်ရင် စိတ်မကောင်းစရာနဲ့ ရင်လေးစရာတွေ ဖြစ်နေပြီလို့သာ ပွင့်ပွင့်လင်းလင်း ဆိုပါရစေတော့။ နိုင်ငံတစ်နိုင်ငံမှာ စာပေက အသက်ပဲ။ အမျိုးသား ယဉ်ကျေးမှုမှာ  စာပေက ထိပ်ဆုံးကပဲ။ စာပေမြင့်မှ လူမျိုးမြင့်မှာ၊ စာပေမြင့်မှ လူမျိုးဂုဏ်တင့်မှာ၊ စာအုပ်တွေကသာ လူတွေကို အသိပညာ၊ အလိမ္မာနဲ့ လူ့ဦးနှောက် အဆင့်ကို မြှင့်တင်တဲ့ ကျိုးကြောင်း မြော်မြင်နှိုင်းချိန် နိုင်တဲ့မှန်ကန်တဲ့ အတွေးအမြင်ကို ပေးမယ်။ စာမဖတ်ကြတော့ ဘာဖြစ်ပါသလဲ။ သုတဆည်းပူး ဖြည့်မှုဆိုင်ရာ သညာသိရော၊ ထိုးထွင်း သိနိုင်တဲ့ ပညာသိရော မရှိတဲ့ နလပိန်းတုံးတွေ များသထက် များလာတာပေါ့။ စကားပြောကြည့်လိုက်ရင် ဘာမှမသိ၊ အပေါ်ယံသိတာ ကြားတာလေးလောက်ကိုပဲ အဟုတ်ထင်။ ဒီနေရာမှာ ကြုံရပုံလေး တစ်ခုကိုလည်း ရေးချင်ပါသေးတယ်။ တလောက မိတ်ဆွေ ပင်စင်စား တစ်ယောက်နဲ့ တွေ့ပါတယ်။ သူကအရာရှိဘဝနဲ့ ထွက်လာတာပါ။ သူကစာရေးသူ စုဖုရားလတ် မိဖုရားနဲ့ ပတ်သက်ပြီး စာအုပ်ရေးတာသိလို့ အဲဒီမိဖုရားအကြောင်းကို သူ့မိတ်ဆွေတွေ ရှေ့မှာ ပြောလာပါတယ်။ “ကျွန်တော် သိသလောက်ကတော့ စုဖုရားလတ်က မသေခင်မှာ တော်တော် ချို့တဲ့ဆင်းရဲတာပဲနော်။ သူ့ခြံထဲက ပန်းကလေးတွေကို ခူးပြီး၊ သူကိုယ်တိုင် ဗန်းကလေးနဲ့ ထွက်ရောင်း ရတယ်ဆိုပဲ” တဲ့လေ။ သူပြောလိုက်တာ အဲဒီလို ယုတ္တိမဲ့တဲ့ စကားတွေ။

 

ရှိပါသေးတယ်။ ရွေးကောက်ပွဲ မတိုင်ခင်ကာလက၊ ရန်ကုန်လိုမြို့မှာ နေနေတဲ့ ခေတ်လူငယ် တချို့ရဲ့ဖြစ်ပုံကို ပြောတာပါ။ ဂျာနယ်တစ်စောင်က လူငယ်ဂီတသမား တစ်ဦးကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူ့အမြင်ကို မေးတာပါ။ သူဖြေတာက ဒီလိုပါ။ “နိုင်ငံရေးတွေ ဘာတွေတော့ ကျွန်တော်မသိဘူး။ နားလည်း မလည်ဘူး။ ဒါပေမဲ့ ကျွန်တော် ပြောချင်တာက ကျွန်တော်တို့က ဂီတသမားဆိုတော့ သီချင်းတွေကို လွတ်လွတ်လပ်လပ် ရေးချင်တယ်။ ဆိုချင်တယ်။ အဲဒီလို ဖြစ်လာရင်တော့ ကောင်းမယ်လို့ ထင်တာပါပဲ” တဲ့။ ကျန်တဲ့ လူတချို့ကိုတော့ ရေးမပြတော့ပါဘူး။ သူတို့တွေဟာ အနာဂတ်ကို ဦးဆောင်ရမယ့် လူငယ်တွေပါ။ ဒါပေမဲ့ စာမဖတ်ကြဘူး ဆိုတာကတော့ လူတစ်ယောက် စကားပြောလိုက်တာနဲ့ သူ့အဆင့်က သိရသလို သိသာထင်ရှား နေပါတယ်။ နယ်တွေ ရောက်သွားလည်း  ဒီအတိုင်းပါပဲ။ တော်တော် များများ နာမည်ကြီး မဂ္ဂဇင်း၊ ဂျာနယ်တွေကတောင် မသိကြပါဘူး။ မကြားဖူးကြပါဘူး။ နိုင်ငံလူဦးရေ သန်းခြောကဆယ်နဲ့ ကြည့်ရင် အိမ်ထောင်စုတွေ အများကြီးပါ။ ဒါပေမဲ့ ဘယ်အိမ်၊ ဘယ်မိသားစုတွေ စာအုပ် ဝယ်ဖတ် ပါသလဲ။ စာအုပ် ဝယ်ဖတ်တယ်ဆိုတဲ့ အိမ်အလွန်ရှားပါတယ်။

 

စာအုပ်တွေ ဈေးကြီးလို့ ဝယ်မဖတ် နိုင်တာလည်း မဟုတ်ပါဘူး။ စာအုပ် အငှားဆိုင်တွေမှာ ငှားမဖတ်နိုင်တာလည်း မဟုတ်ပါဘူး။ စာအုပ် အရောင်းဆိုင်တွေ၊ အငှားဆိုင်တွေ မှာသာ လူမစည်တယ်။ ရုပ်ရှင်ရုံတွေ၊ ဗီဒီယိုရုံတွေ၊ ဖိုးချစ်တို့၊ ဟန်ဇာမိုးဝင်းတို့ ရုံတွေမှာတော့ လူတွေ စည်နေ ပါတော့တယ်။ လိုက်ဖ်ရှိုးပွဲတွေ သီချင်းဆိုတာတွေ ကျတော့ လက်မှတ်တစ်စောင် သောင်းချီလည်း ကြည့်ကြတာပါပဲ။ စာရေးသူတို့ လူမျိုးက ဆင်းရဲ ဆင်းရဲ၊ ချမ်းသာ ချမ်းသာ အပျော်ကတော့ အလွန်မက်ပါတယ်။ မဟုတ်တာဆို အကုန် အတုယူပါတယ်။ တလောက ကွယ်လွန်သွားပြီ ဖြစ်တဲ့ စာရေးဆရာကြီး တစ်ယောက် အတွက် အမှတ်တရပွဲ ကျင်းပတာမှာ အဲဒီပွဲကို ဦးဆောင် စီစဉ်တဲ့ စာရေးဆရာက ပြောပါတယ်။ သူ့ရပ်ကွက်ထဲမှာ သူအခမဲ့ စာကြည့်တိုက်လေး တစ်ခု ဖွင့်ထားတဲ့ အကြောင်း၊ ဒီကနေ့အချိန်မှာ စာမဖတ်သူတွေ များသထက် များလာတဲ့အတွက် လုပ်ရတာ ဖြစ်ကြောင်း၊ “စာမတတ်သူ ပပျောက်ရေး” လုပ်သလို၊ “စာမဖတ်သူ ပပျောက်ရေး” တွေကိုလည်း လုပ်ကြဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း ပြောသွားတဲ့ အတွက် အဲဒီပွဲကို တက်လာကြတဲ့ စာရေးသူ အပါအဝင် စာရေးဆရာတွေ အားလုံး စိတ်မကောင်း ဖြစ်ကြရပါတယ်။ မှန်ပါတယ်။ စာမဖတ်သူ ပပျောက်ရေးပါ။ ဒါသိပ်အရေးကြီးနေပါပြီ။

 

Reference: ဟိန်းဇေ (Popular Journal)

 


Peaceangel ပေးပို့လိုက်တဲ့ audio comment file ကိုအားလုံးနားထောင်နိုင်ရန်တင်ပေးလိုက်ပါတယ်။ အခြားအသင်းဝင်များမှ audio file များပေးပို့လိုပါက myanmarnetwork.net@gmail.com သို့ mp3 format ဖြင့်ပေးပို့နိုင်ပါသည်။ (Admin Team)

 

Audio comment file အား online မှနားထောင်လိုပါက မျှားအားနှိပ်၍ နားထောင်နိုင်ပြီး mp3 အနေဖြင့် download လုပ်လိုပါက ဤနေရာတွင် ဆွဲယူနိုင်ပါသည်။

 

 

Views: 791

Reply to This

Replies to This Discussion

အကို..  အကိုကောက်နုတ်ပြထားတဲ့ ညီမရဲ့အရေးအသားမှာ အောက်ခြေလူတန်းစားလို့ ညီမပြောထားတာမဟုတ်ပါဘူး... ဘာဖြစ်လို့လဲဆိုတော့ ညီမကိုယ်တိုင်ကလည်း လူကုံထံအထက်တန်းလွှာကဆင်းသက်လာတာမဟုတ်ပါဘူး...

 ဒီလို ဘယ်အဆင့်..ဘယ်အတန်းလို့လည်း ညီမအမြင်အရတော့ ခွဲခြားနေဖို့မလိုပါဘူး... အားလုံးဟာလူချင်းအတူတူပါဘဲ..

ကံ၊ဥာဏ်၊ဝီရိယ၊လုံ့လပြုတဲ့အပေါ်မှာ မူတည်ပြီး သာလူနေမူ့အဆင့်အတန်း..စိတ်အဆင့်အတန်းကွဲပြားသွားရတာပါဘဲ..

ညီမပြောတဲ့အထဲမှာလည်း အပြစ်ဖို့တဲ့သဘောနဲ့ပြောထားတာမပါ ပါဘူးအကို..ဒီလိုဆိုလိုချင်တာလည်းမဟုတ်ပါဘူး.. ဘယ်လိုနေရာ..ဘယ်အခြေအနေမှာဘဲဖတ်ဖတ် စာဖတ်ခြင်းအရေးပါမူ့ကို သတိပြုမိစေရန်..မပေါ့ဆသင့်တဲ့အကြောင်းလေးကိုဘဲရည်ရွယ်တာပါ...

အကောင်းတွေဘယ်လိုဖြစ်ဖြစ် အဆိုးတွေဘယ်လိုဖြစ်ဖြစ် တယောက်နဲ့တယောက်အပြစ်ဖို့မနေဘဲ လစ်လပ်နေတဲ့ကွက်လပ်လေးကို တယောက်ချင်းစီကသာ ကိုယ်ကိုယ်တိုင်အကောင်းဆုံးဖြစ်အောင်နေထိုင်ကြမယ်ဆိုရင်... ဒီကိုယ်ကိုယ်တိုင် တယောက်ချင်းစီတွေပေါင်းပြီး နိုင်ငံလိုက်ကောင်းမွန်တဲ့လူအင်အားတွေများလာမှာပါ...

တခြားနိုင်ငံက လူတွေနဲ့ယှဉ်ပြောတယ်ဆိုတာ ပုတ်ခတ်တာမဟုတ်ပါဘူးအကို... သူတို့တွေဘာကြောင့်တိုးတက်ရတာလဲ..အတုယူစေချင်လို့ပါ...

 ဥပမာ..ညီမမှာ မကောင်းတဲ့အချက်ရှိနေလို့ ညီမတိုးတက်ရာတိုးတက်ကြောင်းအတွက် တယောက်ယောက်က စေတနာနဲ့ပြောဆို လမ်းပြပေးတာကို ညီမက ဒါငါ့ကို အပြစ်တင် ပုတ်ခတ်တာဘဲ မြေနိမ့်ရာလှံစိုက်တာဘဲ ငါ့ကိုဆရာကြီးလုပ်တာဘဲဆိုပြီး တွေးနေရင် မကောင်းဘူးပေါ့..

အကိုပြောသလိုပုတ်ခတ်အပြစ်တင်တဲ့သူတွေလည်း မရှိဘူးမပြောဘူးရှိမှာပါဘဲ..ဒါပေမဲ့ ဘယ်သူပြုပြု မိမိမူ့ဆိုသလိုပေါ့...မိမိကိုယ်တိုင်ဆိုတဲ့တယောက်ချင်းစီက ကိုယ့်မှာရှိတဲ့ကောင်းကွက်လေးတွေကို ပွားလာအောင်ပြုစုပျိုးထောင်..ကိုယ့်အားနဲချက်တွေကို ကိုယ်တိုင်သိတာဖြစ်ဖြစ်..သူများထောက်ပြလို့သိတာဖြစ်ဖြစ် ဒါကိုအပြစ်တင်ပုတ်ခတ်တယ်လို့မမြင်ဘဲ ကောင်းအောင်ကြိုးစားကြမယ်ဆိုရင် ညီမတို့တိုင်းပြည်တခုလုံးတိုးတက်ကြီးပွားလာကြမှာပါဘဲ...

 

Yes, I think it is a good point. No matter what, it depends on individuals. Instead of making own perception and  arguing from one side, we need to corporate and try to establish good systems. Burmese people definitely need to read more and think more. It is for everyone.

စာဖတ်တာကလူတန်းစားနဲ့အဆင့်နဲ့မဆိုင်ဘူးထင်တယ်၊ဝါသနာနဲ့ဘဲဆိုင်မယ်ထင်တယ်၊မိသားစုတစ်စုထဲမှာဘဲစာဖတ်ဝါသနာ
ပါတဲ့သူကပိုဖတ်တာဘဲ၊စာဖတ်ရင်အနည်းဆုံးတော့လူများလိမ်ညာတာမခံရဘူးပေါ့၊အချိန်ကတော့ပေးရမှာဘဲ၊အချိန်မရှိလို့
မဖတ်ဘူးဆိုရင်တော့အပေါ်မှာရေးသလိုသံသရာလည်နေမှာဘဲ၊ဆင်းရဲသားလူတန်းစားလို့ပြောရင်နာစရာမလိုပါဘူး၊ပညာမဲ့လူ
တန်းစားဆိုရင်တော့ရှက်စရာကောင်းပါတယ်၊အတန်းပညာတတ်မှပညာတတ်မဟုတ်ပါဘူး၊အမှားအမှာကိုဝေဖန်ပိုင်းခြားနိုင်
တာမှပညာပါ၊ကျွှန်တော့အထင်စာတွေ့က၅၀%လောက်ရမယ်ထင်ပါတယ်၊ကျန်တာတွေကကိုယ်ပိုင်အတွေးအခေါ်နဲ့သင်ကြား
မူ့ပိုင်းကရမယ်ထင်တယ်၊ညီမအခုရေးတာကစာများများဖတ်သင့်တယ်ဆိုတဲ့အမြင်ကိုတင်ပြတာဖြစ်တဲ့အတွက်လုံးဝထောက်
ခံပါတယ်၊

 

ဟီးဟီး.. ဝတ္ထုတွေဖတ်... မဂ္ဂဇင်းက အလှပုံတွေကြည့် ပြီးရင် အွန်လိုင်းပေါ်တက် စိတ်ကူးတွေယဉ်... 

စာဖတ်တယ်ဆိုတာကတော့ ကျွန်တော့်အထင် တစ်ခုခုကို သိလိုတဲ့ အခါ၊ အားနေလို့ ပျင်းတဲ့ အခါမျိုးတွေမှာပဲ ဖတ်ကြလိမ့်မယ်။ စာအုပ်ကို မလွတ်တမ်း ဖတ်နေတာဆိုရင် သေချာတယ် အဲဒါ အရေမရအဖတ်မရ အချစ်ဝတ္ထုဖတ်နေတာပဲ... :P

Very awful comment, Mr Homeless

Knowledge is power, and education is the only escape from poverty.

Food is nourishment to body, so is reading to mind. You may need money to buy food for your body, but you only need the interest and WILL to read for your mind's nourishment.

The books say most of the famous scholars (learned people) in ancient and modren times were/ are not often rich people.

We may be poor in body but rich in mind IF we read. So let us read books!

I'm with you, Ko Robert
မှန်ပါ့ ညီမရေ။ စာမဖတ်သူပပျောက်ရေးက အရေးကြီးဆုံးပါ။ အောက်ခြေလူတန်းစားမို့ စာမဖတ်တာဆိုရင်တော့ ဆင်းရဲတွင်းထဲ ကနေတက်ဖို့ကို စဉ်းစားမနေပါနဲ့တော့။

စာဖတ်တယ်ဆိုတာ အနာဂတ်အသိအမြင်တစ်ခုပါပဲ ဒါပေးမဲ့ စာဖတ်ပြီးတော့ ညီမလေးတစ်ယောက်ပြောသလိုစာအုပ်ဖြစ်မသွားဖို့ပါပဲ ဟုတ်ပါတယ် အဲဒီညီမလေးပြောခဲ့စကားကအရမ်းအရေးကြီးပါတယ်

ကျွန်တော်တို့တွေစာဖတ်တယ် သု၊စိ၊ပှု၊ဘာ၊၀ိ၊လိ၊သိ၊တာ ဒီရှစ်လုံးနဲ့ကော မှန်အောင်ဖတ်ကြရဲ့ လား

စာဖတ်ပြီးတော့ရော ကိုယ်တိုင်တွေးရဲ့ လား အရေးကြီးဆုံး က စာဖတ်မယ် ကိုယ်တိုင်တွေးမယ် မှတ်သင့်မှတ်လို့ယူသင့်တာယူမယ် ကျွန်တော်ပြောတာမှားသွားရင်ခွင့်လွှတ်ပါ

အကိုပြောတာအရမ်းမှန်ပါတယ်...ညီမထောက်ခံပါတယ်...စာအုပ်တွေဖတ်တယ်ဆိုတာ အုပ်ရေများများပြီးဖို့အဓိကမကျပါဘူး...များများဖတ်နိုင်ရင်တော့အကောင်းဆုံးပေါ့နော်... ဒါပေမဲ့ ညီမ အမြင်အရကတော့ ကိုယ်ဖတ်ပြီးသမျှစာအုပ်တွေ စာကြောင်းတွေကို ပြန်စဉ်းစားဝေဖန်သုံးသပ်သင့်ပါတယ်...စာရေးသူရဲ့ ရည်ရွယ်ချက်..ဘာကြောင့်..ဘာရည်ရွယ်ချက်ကြောင့်..ဒီနေရာမှာဘာကြောင့်ဒီလိုရေးရတာလဲ... ဝတ္ထုဇာတ်လမ်းတွေဖြစ်ရင်တောင်မှဘဲ ဒီဇာတ်ကောင်မှာ ဘယ်သူတွေကဘယ်လိုအကျင့်စရိုက်ရှိတယ်..ဘယ်အချက်ကတော့ဖြင့်ကောင်းတယ်.

.ကောက်နုတ်အသုံးချတတ်မယ်ဆိုရင် စာဖတ်ခြင်းက ပိုပြည့်စုံသွားမယ်ထင်ပါတယ်..

အပျော်တမ်းဖတ်စာပေ စာစောင်တွေထဲတောင်မှဖတ် မှတ်သင့်..ပြန်စဉ်းစားရမဲ့အချက်တွေရှိတတ်ပါတယ်..ဒါကြောင့်အကိုပြောတဲ့ အတိုင်းဘဲ

စာအုပ်စာပေတွေကို ဖတ်သင့်တယ်.. ကိုယ်တိုင်လည်းတွေးမယ်..ကောင်းတာတွေမှတ်သားပြီး လက်တွေ့အသုံးချသင့်ပါတယ်... အခုလိုဆွေးနွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်အကို...

Please don't waste your time for him any more to understand what you are talking about. It's been too much.
Thx to sharing.....

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service