မြန်မာနိုင်ငံ ပညာရေး နိမ့်ကျသွားရခြင်း အကြောင်းနှင့် တရားခံများ

ကိုလိုနီခေတ် ပညာရေးကို ကျွန်ပညာရေးဟု ခေါ်ခေါ်၊ ဘာပဲခေါ်ခေါ် ပညာရေးမှာ ကမ္ဘာ့အဆင့်ကို ကောင်းကောင်း မှီခဲ့ဖူပါသည်။ ကိုလိုနီခေတ်က ဘွဲ့ရခဲ့သူများသည်

လွတ်လပ်ရေး ရပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ဆရာများ ဖြစ်လာခဲ့ကြသည်။ ဆရာများ၏ သင်ကြားပေးခြင်း ခံရသော တပည့်များမှာလည်း ကမ္ဘာ့အဆင့်ကို မီခဲ့ကြသည်။ ဦးနု အစိုးရက အင်္ဂလန်၊ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ စသော နိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်သည်။ ပညာတော်သင်များ၏ ၉၉ ရာခိုင်နှုန်းမှာလည်း အမိနိုင်ငံသို့ ပြန်လာပြီး ကျရာ တာဝန်များကို ထမ်းရွက်ကြသည်။

 

တက္ကသိုလ်များနှင့် ကျောင်းများတွင်လည်း အရည်အချင်းကို ဦးစားပေးပြီး တကယ်တတ်သူကိုသာ အအောင် ပေးတတ်သဖြင့်  တက္ကသိုလ် ၀င်တန်း စာမေးပွဲ အောင်ချက်သည် အများဆုံး ၁၂ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ၁၉၅၉ ခုနှစ်တွင်မူ ၃ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိခဲ့ပါသည်။

 

ကျောင်းသား ဆန္ဒပြပွဲများ မကြာခဏ ဖြစ်ပေါ်လေ့ ရှိကြပါသော်လည်း မည်သည့် အာဏာပိုင် ပုဂ္ဂိုလ်ကမှ တိုင်းပြည် နောင်ရေး ဒုက္ခပေးမည့် ဘုန်းဘောလအော အအောင်ပေးသည့် စနစ်၊ ကျောင်းသား အချင်းချင်း သွေးကွဲစေမည့် စနစ်၊ ကျောင်းသားများ မဆူပူ ပြီးရော၊ အစိုးရ ဆန့်ကျင်ရေး မလုပ်တာက လွဲပြီး ကျန်ကိစ္စများ ကြိုက်သလို လုပ်ထားခွင့်၊ ဥပမာ၊ ကျောင်းဆောင်များတွင်း အရက်သောက် ဆေးဝါး သုံးစွဲသည်များကို လျစ်လျူပြုထားခြင်း စသည့်ကိစ္စများ ခွင့်မပြုခဲ့ကြပါ။

 

ပညာရေး စနစ်တွင်လည်း နိုင်ငံပိုင်ကျောင်းများသာမက အလွတ်ပညာသင် ကျောင်းများ၊ ခရစ်ယာန် သာသနာပြု ကျောင်းများပါ ရှိသဖြင့် မိမိတို့ ကြိုက်ရာ ကျောင်းတွင် သင်ကြားနိုင်ခဲ့ကြပါသည်။  တက္ကသိုလ် ၀င်တန်းအောင်လျှင် တက္ကသိုလ်တွင် မိမိစိတ်ကြိုက် ၀ါသနာပါရာ ဘာသာရပ်ကို ရွေးချယ်ခွင့် ရှိပါသည်။ စာမေးပွဲ အောင်မအောင်၊ မိမိ ရည်မှန်းရာ ဘွဲ့ရမရမှာ ကြိုးစားမှုနှင့် ကံအပေါ်မှာ မူတည်ပါသည်။

စာတော်သူ အများစုမှာလည်း မိမိတို့ စိတ်မပါပါက ဆရာဝန် အင်ဂျင်နီယာ စသော ဘာသာရပ်များကို မသင်ကြဘဲ Honours ခေါ် ဂုဏ်ထူးတန်းကို မိမိတို့ စိတ်ကြိုက် ဘာသာရပ်ဖြင့် တက်ရောက် သင်ကြားကြ ပါသည်။

 

ဤသို့ဖြင့် ၀ိဇာ၊ သိပ္ပံ၊ စီးပွားရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ ဆေးပညာ၊ အင်ဂျင်နီယာ အတတ် စသည်တို့တွင် တကယ် စိတ်ပါသူများသာ တက်ရောက် ဘွဲ့ယူခဲ့ကြပြီး၊ ‘တကယ် တတ်သူက တတ်လိုသူကို ပညာသင်ပေး’ သော ခေတ်နှင့် စနစ် ဖြစ်ခဲ့ပါသည်။

၁၉၆၂ ခုနှစ်တွင် စစ်အာဏာရှင် စနစ် ပေါ်ပေါက်လာပြီး ၁၉၆၃ ခုနှစ် ဇူလိုင်လ ၇ ရက် ကျောင်းသားများ ဆန္ဒပြပွဲကို ဂျီသရီး မောင်းပြန်သေနတ်များ အသုံးပြုကာ ရက်ရက်စက်စက် ဖြိုခွင်းခဲ့ပြီး၊ ကျောင်းသားသမဂ္ဂ အဆောက်အဦကို မိုင်းဗုံးများဖြင့် ဖောက်ခွဲ ဖျက်ဆီးရုံနှင့်  အားမရသေးဘဲ အာဏာရှင် ဗိုလ်နေ၀င်းက ‘ဓားကို ဓားချင်း၊ လှံကိုလှံချင်း’ ရင်ဆိုင်ရန် အသင့်ရှိသည် ဟု ‘လူမိုက် ဓားကြိမ်း ကြိမ်း’ ခဲ့ပါသည်။

 

သို့သော် ကျောင်းသား လှုပ်ရှားမှုမှာ ရပ်တံ့မသွားဘဲ ၁၉၆၃ ခုနှစ် နိုဝင်ဘာလတွင် အပြင်းထန်ဆုံး အဆင့်သို့ ရောက်ရှိလာရာ စစ်အာဏာပိုင်တို့က ရန်ကုန်တက္ကသိုလ် လက်အောက်ခံ ၀ိဇာ မဟာဌာန၊ သိပ္ပံ မဟာဌာနနှင့် လူမှုရေး သိပ္ပံမဟာဌာန (နောင် စီးပွားရေး တက္ကသိုလ်) တို့ကို ရက်အကန့်သတ်မရှိ ပိတ်ပစ်လိုက်ပြီး၊ ဆေးပညာ မဟာဌာန၊ အင်ဂျင်နီယာ မဟာဌာနနှင့် ပညာရေး မဟာဌာနတို့ကိုမူ ဆက်လက် ဖွင့်ထားခဲ့ပါသည်။

 

ဤကား ကျောင်းသားများကို သွေးခွဲအုပ်ချုပ်လိုက်ခြင်း (divided and rule) ၏ အစ ပထမပေတည်း။

သို့သော် ကျောင်းသား ဆန္ဒပြမှုများမှာ မန္တလေးတက္ကသိုလ်၊ နယ်ကောလိပ်များနှင့် ဂျီတီအိုင်ခေါ် အစိုးရ စက်မှု လက်မှု သိပ္ပံအထိ ကူးစက်သွား၍ မန္တလေးတက္ကသိုလ် လက်အောက်ခံ ဆေးပညာ မဟာဌာနနှင့် စိုက်ပျိုးရေး မဟာဌာနမှ လွဲပြီး ကျန်ဌာန အားလုံးကို တနှစ်နီးပါး ပိတ်ထားခဲ့သည်။

ကျောင်းသားများ ငြိမ်ဝပ်ပိပြားရေး အတွက် ဗိုလ်နေ၀င်းက ပညာရေးဌာန အတွင်းဝန် (နောင် ပညာရေးဝန်ကြီး ဖြစ်လာသူ) ဒေါက်တာညီညီကို တာဝန်ပေးလိုက်သည်။ ဒေါက်တာညီညီနှင့် အပေါင်းအပါများကလည်း ‘ဗောင်းတော်ငြိမ့် စိတ်တော်သိ’ ပြီး၊ တိုင်းပြည်နောင်ရေး ဘာဖြစ်ဖြစ် မိမိတို့ လူစု ‘စစ်အာဏာရှင် လက်ကျန် အရိုးအရင်း စားရနည်းလား’ ဟူသော တကိုယ်ကောင်း စိတ်ဖြင့် ‘စနစ်သစ် ပညာရေးကြီး’ ကို အကောင်အထည် ဖော်လိုက်ကြပါတော့သည်။

 

၎င်း စနစ်သစ် ပညာရေးကြီးတွင်

(၁) ယခင် မဟာဌာနများကို institute ခေါ် တဘာသာသင် (၀ါ) ပညာရပ် တခုတည်းကို သင်ပေးသော တက္ကသိုလ်ကလေးများ အဖြစ် ပြောင်းလဲ ဖွင့်လှစ်ရန် (ကျောင်းများ ကွဲသွားခြင်းဖြင့် ကျောင်းသားများ သွေးကွဲစေရန် ရည်ရွယ်ချက်)။

 

(၂) အမှတ် အများဆုံး ရသူများကို ဆေးပညာ မဟာဌာန တဖြစ်လဲ ဆေးတက္ကသိုလ်များသို့ ၀င်ခွင့်ပြုရန်။ ဒုတိယ အဆင့်ရှိသူများကို အင်ဂျင်နီယာ မဟာဌာန တဖြစ်လဲ စက်မှု တက္ကသိုလ်သို့ တက်ခွင့်ပြုရန် (ဤနည်းဖြင့် ကျောင်းသားများ တဦးကို တဦး ငုံ့ကြည့်ကြပြီူး သွေးကွဲသွားစေရန်)။

ဤနည်းမှာ နောင်တွင် ထိရောက်သင့်သလောက် ထိရောက်သွားပါသည်။ ဆေးတက္ကသိုလ် ကျောင်းသားများက ၀ိဇာနှင့် သိပ္ပံတက္ကသိုလ်ကို အမှိုက်ပုံးဟု နောက်ပြောင် ခေါ်ကြပါတော့သည်။ တခါက သမိုင်းရှိ တက္ကသိုလ်များ အားကစားကွင်းတွင် ပညာရေး တက္ကသိုလ် အမျိုးသမီး ဘောလီဘော အသင်းနှင့် ၀ိဇာနှင့် သိပံ္ပ အမျိုးသမီး အသင်းတို့ ယှဉ်ပြိုင်ကြရာတွင် ၀ိဇာနှင့် သိပ္ပံ ကျောင်းသားများက ‘ဆရာမတွေ လင်လိုချင် သမိုင်းကွင်းကိုဝင်’ ဟု စကြရာ ဆရာမလောင်းများက ‘RASU ကျောင်းသား မစဉ်းစား၊ ပျာတာ ခိုင်းဖို့ထား’ ဟု ပြန်နှိမ်ကြပါသည်။

 

(၃) ကျောင်းသားများ တက္ကသိုလ်တွင် ကြာရှည် မနေနိုင်စေရန် စာမေးပွဲတွင် လူတိုင်းလောက်နီးနီးကို အအောင်ပေးရန်။ ၄င်းနည်းကြောင့် တက္ကသိုလ်များမှာ ဘွဲ့လက်မှတ် ထုတ်ပေးသည့် စက်ရုံကြီးများသဖွယ် ဖြစ်သွားပြီး၊ ၄င်းဘွဲ့ရများမှာ တက္ကသိုလ်ဆရာ ဖြစ်လာသောအခါ ‘မတတ်သူက မသိသူကို သင်ပေး’ သည့်အတွက် ပညာရည် အဆင့်အတန်း အလွန်နိမ့်ကျ သွားပါတော့သည်။

 

အထက်ပါ ကိစ္စနှင့် ပတ်သက်၍ စာရေးသူသည် ၁၉၇၀ ခုနှစ်က တချိန်က မိမိ၏ ဆရာဖြစ်ခဲ့ဖူးသော ပါမောက္ခကြီး တဦးကို တင်ပြခဲ့ဖူးပါသည်။ “ဆရာရယ် ကျွန်တော်တို့ခေတ်က ဆရာစစ်တာ ကြမ်းလွန်းလို့ ထိသွားရတဲပ ကျွန်တော်တို့ သူငယ်ချင်းတွေဟာ ခုခေတ် ကျောင်းသားတွေထက် အများကြီးသာပါတယ်” ဟု ပြောလိုက်ရာ ပါမောက္ခကြီးက “ဒါတော့ ငါလည်း ဘာတတ်နိုင်မလဲကွ၊ ပေါ်လစီက ဒီလို ဖြစ်နေတာကိုး” ဟု ပြန်ဖြေပါသည်။

စာရေးသူက ထပ်ပြီး “ဆရာတို့ ဒီကိစ္စကို ဆွေးနွေးကြဖို့ တော်ပြီထင်တယ်။ အခုဆို တိုင်းပြည်ရဲ့ ပညာရေးဟာ ပျက်စီးခြင်း လမ်းပေါ်ရောက်နေပြီ။ နောင်ဆိုရင် အဖတ်ဆယ်မရ ဖြစ်တော့မယ်” ဟု ပြောလိုက်ရာ ဆရာကြီးက “ဟေ့ကောင် ငါ့ကို အိုကြီးအိုမရောက်မှ ထောင်ထဲသွားပြီး အနှိပ်စက်ခံရအောင် မင်းက ချောက်တွန်း နေတာလား” ဟုသာ ပြန်ပြောရှာပါတော့သည်။

 

(၄) ကျောင်းသားများ ဆန္ဒမပြလျှင် ပြီးရော၊ ကျောင်းတက်တက် မတက်တက်၊ ဖဲရိုက်၊ အရက်သောက်။ ဆေးခြောက်ရှု၊ နံပါတ်ဖိုး ထိုးနေကြသော်လည်း မမြင်ဟန် ဆောင်နေရန်။ ၄င်း အချက်ကြောင့် HIV Positive ဖြစ်သူ များလာခြင်း။

 

(၅) ဒေါက်တာညီညီက အခမ်းအနားတခုတွင် မိန့်ခွန်းချွေလိုက်ပုံမှာ ‘ဆိုရှယ်လစ် နိုင်ငံ တည်ဆောက်နေပြီ ဖြစ်လို့ အမြတ်ကြီးစားစနစ် ဦးစားပေးတဲ့ ဘဲဥတဒါဇင်ကို တကျပ်ဖြင့် ၀ယ်ပြီး တလုံးကို ၁၀ပြားဖြင့် ပြန်ရောင်းသော် မည်မျှ မြတ်မည်နည်း’ဆိုတဲ့ ဂဏန်းသင်္ချာမျိုး၊ လောကသာရပျို့ပါ ‘ကြွက်သေတခု အရင်းပြု၍ ကြွယ်မှုတတ်ဆုံး သူဌေးထုံးကို နှလုံးမူလျက် ကြံစည်လျက်ဖြင့် သူ့ထက်ကဲလွန် ကြွယ်စေမင်း’ ဆိုတဲ့ လင်္ကာမျိုးကို မသင်စေတော့ဖို့ ညွန်ကြားထားပါတယ် ဟူသတည်း။

ရှေးရိုး မြန်မာ့စဉ်လာ ဆိုစကားမှာမူ ‘ဂဏန်းမသင်၊ လာဘ်မမြင်၊ ကူးလျှင် ရှုံးမည်မှတ်’ ဟု အတိအကျ ဆိုထားပါသည်။ ၁၉၈၇ ခုနှစ်တွင် ဒေ၀ါလီခံပြီး LDC (ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံများ စာရင်းဝင်) အဖြစ် လျှောက်ထားခဲ့ရပြီး၊ ၁၉၈၈ ခုနှစ်တွင် လူထု အုံကြွမှုကြီး ဖြစ်ပေါ်လာသည်မှာ မဆန်းတော့ပါ။

 

(၆) တက္ကသိုလ်များတွင် ယခင်က အင်္ဂလိပ်ဘာသာဖြင့် သင်နေရာမှ မြန်မာဘာသာဖြင့် ပြောင်းလဲ သင်ယူစေရာတွင် ဝေါဟာရများကို မြန်မာလို မည်သို့ ခေါ်သည်ကို ဘာသာပြန်ဆိုသူ ဆရာများကိုယ်တိုင် အသေအချာ မတွေးနိုင်တော့ဘဲ သင့်သလို ဘာသာပြန်လိုက်ရာမှ မြန်မာစကားကို မြန်မာတို့ နားမလည်နိုင်သော ဝေါဟာရသစ်များ ထွက်ပေါ်လာသည်။ ၄င်းကိစ္စနှင့် ပတ်သက်၍ ကွယ်လွန်သူ မြန်မာစာ ပါမောက္ခဟောင်း ဦးဝန် ခေါ် ဆရာကြီး မင်းသုဝဏ် က အကျယ် ရေးခဲ့ပါပြီ။ ယခု ဥပမာ နှစ်ခု တင်ပြပါမည်။

 

ပထမ တခုမှာ New Born Baby ကို ဆရာဝန်မကြီး တဦးက တိုက်ရိုက် ‘ဖွားသစ်စ ကလေး’ ဟု ဘာသာပြန်လိုက်ပါသည်။ မြန်မာ့ရိုးရာတွင်မူ ‘မွေးကင်းစ ကလေး’ ဟူသော စကား ရှိပြီး ဖြစ်ပါသည်။ ‘မွေးဖွားခြင်းမှ ကင်းလွတ်စ ကလေး’ ဟု အဓိပ္ပါယ် ရပါသည်။ တောအရပ်ရှိ မိရိုးဖလာ လက်သည် အဒေါ်ကြီးများ ကြားလျှင် “တွေ့ဘူးပေါင်တော်၊ ကြုံဖူးပေါင် ကြားဘူးပေါင်တော်။ ဖွားသစ်စက ကလးရယ်လို့၊ မွေးကင်းစ ကလေးပဲ ကြားဖူးပါရဲ့” ဟု ပြောကြမည်မှာ မချွတ်။

 

ဒုတိယ ဥပမာ။ သိပ္ပံနှင့် အင်ဂျင်နီယာ အတတ်တို့တွင် သုံးသော Adsorption ဆိုသော စကားလုံးကို မြန်မာလို တိုက်ရိုက် ‘ကယ်တင်ခြင်း’ ဟု ဘာသာပြန်လိုက်ကြသည်။ ၄င်း ဘာသာပြန်သူ ဆရာကြီးနှင့် စာရေးသူတို့ ၄င်း၏ ကားဖြင့် သွားရာတွင် မိုးတွင်း မိုးရွာပြီး ကားရှေ့မှန်တွင် ရေနွေးငွေ့များ ရိုက်နေပြီး ရှေ့ကို မမြင်ရတော့ပါ။ ထိုအခါ အဆိုပါ ပါမောက္ခကြီးက “ဟေ့ကောင် ရှေ့မှန် ရေငွေ့ရိုက်နေပြီ၊ ဘာမှ မမြင်ရတော့ဘူး။ အ၀တ်နဲ့ သုတ်ပါဦးကွ။ တော်တော်ကြာ ကားတိုက်ပြီး မင်းရော ငါပါ ကြွသွားလိမ့်မယ်” ဟု ပြောပါသည်။

 

စာရေးသူက အ၀တ်ဖြင့် ရေငွေ့များကို သုတ်ရင်း “ဆရာ ဒါ အင်္ဂလိပ်လို Adsorption ဖြစ်တာ မဟုတ်လား” ဟု မေးလိုက်ရာ ဆရာကြီးက “ဒါပေါ့ကွ” ဟု ဖြေပါသည်။ စာရေးသူက “ဒါကို ဆရာ ဘာကြောင့် ရေငွေ့တွေ ကပ်တင်နေတာလလို့ မပြောတာလဲ။ စာအုပ်တွေထဲမှာတော့ ကပ်တင်ခြင်းလို့ ဘာသာပြန်ထားတယ် မဟုတ်လား” ဟု မေးလိုက်ရာ ဆရာကြီးက “ဦးစံရှားလိုပေါ့ကွာ၊ မှားတဲ့အခါလည်း မှားပေမပေါ့” ဟုသာ ဆိုရှာပါသည်။

နောက်ဆုံး ၁၉၈၀ ခုနှစ်ကျော် ကာလများတွင် ဗိုလ်နေ၀င်း၏ အချစ်တော် သမီး ခင်စန္ဒာဝင်း စင်္ကာပူတွင် အင်္ဂလိပ်စာ ညံ့ဖျင်းမှုကြောင့် စာမေးပွဲ ကျလေတော့မှ အာဏာရှင်ကြီး၏ တချက်လွှတ် အမိန့်ဖြင့် တက္ကသိုလ်များတွင် အင်္ဂလိပ်ဘာသာဖြင့် သင်ရပြန်တော့သည်။ အမှတ် (၇) တွင် ရှင်းပြပါမည်။

 

(၇) စစ်အစိုးရနှင့် ‘့မြန်မာ့ ဆင်းရဲမွဲတေမှု လမ်းစဉ်’ တို့ကြောင့် ပညာတတ် အများစုမှာ ၁၉၇၀ ခုလောက်က စပြီး မြန်မာနိုင်ငံကို စွန့်ခွာကာ ‘ရေကြည်ရာ မြက်နုရာ’ ကို ရှာကြပါသည်။ ဗိုလ်နေ၀င်း စေလွှတ်သော ပညာတော်သင် များထဲမှလည်း ၂၅ ရာခိုင်နှုန်းလောက်မှာ မြန်မာပြည်သို့ ပြန်မလာကြတော့ပါ။

 

ပြန်လာသူ ၇၅ ရာခိုင်နှုန်းလောက်ထဲမှလည်း တ၀က်လောက်မှာ အုပ်ချုပ်သူ စစ်ဗိုလ်များက အရပ်သားများကို ‘ကျွန်နှင့် သခင်ပမာ ဆက်ဆံနေမှုကို မခံနိုင်တော့ဘဲ နိုင်ငံခြားသို့ ပြန်ထွက်ကုန်ကြပါသည်။ ထို့ကြောင့် မြန်မာပြည်တွင် ဆရာကောင်း ရှားပါးကုန်ပြီး ပညာရည် အဆင့်အတန်း တဖြည်းဖြည်း နိမ့်ကျသထက် နိမ့်ကျလာပါတော့သည်။

 

(၈) ကွယ်လွန်သူ သမိုင်းပါမောက္ခ ဒေါက်တာ သန်းထွန်းက သမိုင်းဘာသာရပ်သည် နိုင်ငံတိုင်းအတွက် အရေးကြီးသော ဘာသာရပ် ဖြစ်၍ ‘မအအောင်၊ မတုံးအောင် သမိုင်းသင်ရတယ်’ ဟု အဆိုအမိန့် ရှိခဲ့ဖူးပါသည်။

သို့သော် ဒေါက်တာညီညီ၏ စနစ်သစ် ပညာရေးအရ အမှတ်အနည်းဆုံး လူများကို သမိုင်း အဓိက သင်ရန် ပို့သဖြင့် အလွန်ဝါသနာပါ၍ စာကြိုးစားသူ တယောက်တလေမျှအပ သမိုင်းသုတေသီ လူချွန်လူကောင်းများ ထွက်လာရန် မလွယ်ပါ။ မြန်မာစာ အဓိက ဘာသာရပ်မှာလည်း ထိုနည်း ဖြစ်သွားပါသည်။

 

(၉) မြန်မာစာအတွက် ပို၍ ကံဆိုးသည်မှာ အာဏာရှင် ဗိုလ်နေ၀င်း မြန်မာစာ ကော်မရှင်တွင် နာယက တက်လုပ်ပြီး သတ်ပုံ သဒ္ဒါတို့ကို ၄င်း၏ စိတ်တိုင်းကျ ရေးဆွဲ ပြင်ဆင်ခိုင်းလိုက်ခြင်းပင် ဖြစ်သည်း။ အကျယ်ကို ဆရာကြီး ကြေးမုံ ဦးသောင်း ရေးခဲ့ပြီးဖြစ်၍ ထပ်မရေးလိုတော့ပါ။

 

‘တခါတရံ၊ လောကဓံ၊ ဆက်ဆံကိုလည်း၊ သေးသေးတင်’ ဟူသော က၀ိလက္ခဏာ သတ်ပုံလင်္ကာနှင့် ဗိုလ်နေ၀င်း၏ တနှင့် တစ်ရေးထုံးကို နှိုင်းယှဉ်ကြည့်ကြပါဟုသာ ဆိုချင်ပါသည်။ တပင်ရွှေထီး ဘုရင်ကို တစ်ပင်ရွှေထီး ဟုများ ရေးနေကြပြီလား မသိပါ။

 

မြန်မာပြည်တွင်းမှ လူများမှာ ဓားဂုတ်ပေါ်ဝဲပြီး သုံးခိုင်းနေ၍ ၄င်း သတ်ပုံကြမ်းကို သုံးနေရသည်ကို နားလည်နိုင်ပါသည်။ သို့သော် ပြည်ပရောက် စစ်အစိုးရကို ဆန့်ကျင်နေသူများထုတ်သည့် သတင်းစာ ဂျာနယ် စသည်တို့တွင် ၄င်း သတ်ပုံကျမ်းအတိုင်း လိုက်နာ ရေးနေကြသည်ကို ၀မ်းနည်းဖွယ် တွေ့နေရပါသည်။ ဆရာကြီး ကြေးမုံ ဦးသောင်းကတော့ ကွယ်လွန်သည်အထိ စစ်အစိုးရ သတ်ပုံကျမ်းကို သပိတ်မှောက်ပြီး က၀ိလက္ခဏာ သတ်ပုံညွှန်းအတိုင်းသာ ရေးသားခဲ့ပါသည်။ ဤနေရာတွင် ပြည်ပရောက် မြန်မာများ Oversea Chinese တို့ကို စံနမူနာ ယူသင့်ပါသည်။

 

တရုတ်ပြည်ကြီးမှာ နာမည်များကို Latin အက္ခရာဖြင့် ရေးရာတွင် ၁၉၇၈ လောက်မှစ၍ တြိဝဏ (Tri Syllabic) ဖြင့် ရေးနေရာမှ ဒွိဝဏ (Di Syllabic) သို့ ပြောင်းလိုက်ပါသည်။ ဥပမာ Teng Shiao Peng မှ Deng Shiaobeng သို့ ပြောင်းရေးပါသည်။ သို့သော် ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်္ကာပူနှင့်  အခြားနေရာများရှိ တရုတ်များက ရှေးရိုးစဉ် တြိဝဏ ဖြင့်သာ ဆက်၍ ရေးနေကြပါသည်။ ဥပမာ စင်္ကာပူ တရုတ်နာမည်များ (Lee Kwan Yew စသဖြင့်) ပြည်ပရောက် မြန်မာများ အားလုံး ဗိုလ်နေ၀င်း ထင်ရာစိုင်းထားသည့် သတ်ပုံကျမ်းကို သပိတ်မှောက်သင့်သည်ဟု ရိုးသားစွာ ထင်ပါသည်။

 

ကိုလိုနီခေတ်ကရော မြန်မာဘုရင် ခေတ်ကပါ အင်္ဂလိပ်စကား Tactic ကို ပရိယာယ်ေ၀၀ုစ်၊ Strategy ကို သေနင်္ဂဗျူဟာ ဟု စစ်ပရိယာယ် ဟု ဘာသာပြန်ခဲ့ကြပါသည်။ မြန်မာတိုင်း နားလည်သော စကားလုံးများ ဖြစ်ကြပါသည်။

 

က၀ိလက္ခဏာ သတ်ပုံဆရာက ‘မင်းပရိယာယ်၊ ငတင့်တယ်၊ နားဝယ်မလည်ရှာ’ ဟု သုံးခဲ့ပါသည်။ ရာဇပရိယာယ် ဟုလည်း သုံးတတ်ကြပါသည်။ နာမည်ကျော် အဆိုတော်ကြီး မာမာအေးက ၁၉၆၀ ခုနှစ်လောက်က သီဆိုခဲ့သော ‘မေ့ကွက်ကိုရှာ’ သီချင်းတွင်လည်း ‘ချစ်ပရိယာယ်ကို သိသလိုလိုနဲ့’ ဟူသော စာပိုဒ်ပါပါသည်။

 

လွတ်လပ်ရေး ခေတ်ဦးပိုင်းလောက်က လက်ဝဲသမားများက Tactic ကို နည်းဗျူဟာဟု၊ Strategy ကို မဟာဗျူဟာ ဟုပြန်လိုက်ကြပြီး နိုင်ငံရေး စာအုပ်များတွင် သုံးစွဲနေကြသည်။ မှားသည်တော့ မဆိုလိုပါ။ သို့သော်လည်း မြန်မာစကား မြန်မာ နားလည်ရန် ခက်သော ဝေါဟာရများ၊ ခက်ဆစ် အဓိပ္ပါယ် ထုတ်ပေးရမည့် ဝေါဟာရများ ဖြစ်နေမည်ကတော့ မလွယ်ပါ။ စစ်ကြိုခေတ်က အဆိုတော်ကြီး ပြည်လှဖေနှင့် ဒေါ်မေရှင် တို့ သီဆိုခဲ့သော ယခုခေတ်တိုင် ရေပန်းစားနေသည့် ‘ချစ်ဗျူဟာ’ ဆိုသော သီချင်းလည်း ရှိပါသည်။

 

နိဂုံးချုပ်အားဖြင့် မြန်မာ့ပညာရေးနှင့် မြန်မာစာ အဆင့်အတန်း လုံးဝကျဆင်းသွားရခြင်းမှာ ‘၀မရှိဘဲ ၀ိလုပ်ချင်’ ‘မတတ်ဘဲနှင့် ဆရာတက်လုပ်ချင်သော ဗိုလ်နေ၀င်းနှင့် နောက်လိုက်နောက်ပါ  ဗာလာနံ စစ်ကဲများ ၀န်ကြီး ဖြစ်ချင်သော ဒေါက်တာညီညီနှင့် နောက်လိုက် နောက်ပါများ၏ ‘မဟာကျေးဇူးတော်ကြီးများကြောင့်သာ ဖြစ်လေတော့ရာ ယင်း ‘ပုဂ္ဂိုလ်ကြီး’ များကိုသာ တရားခံအဖြစ် လက်ညှိုး ထိုးပြရတော့မည် ဖြစ်ပါကြောင်း။

 

လောကပါလ နတ်မင်း

(ရခိုင်အမျိုးသား သတင်းစာမှ ကူးယူဖော်ပြသည်။)

 

http://www.maukkha.org

Views: 398

Reply to This

Replies to This Discussion

Now,I realize why I have few choices for universities,I mean for good universities of good students,who have student manners....Although I could do well in the exam,I cant decide on what university I should attend.Because,what I prefer is now the one of spoilt students,which my parents cannot accept.....Now,I realize who is guilty for breaking my future.... Thank you.
that's absolutely right. This is rare post......
It is true.
This is the Greatest Education Plan ever in the world.
ဒါပေမယ့်  သူတို့ကိုအပြစ်တင်လို့မရဘူး ဟ ကုသိုလ်ကံလို့သတ်မှတ်ပါ အဲဒါကအကုသိုလ်မဖြစ် ဘူးလေ ဟုတ်ဘူးလား
That is absolutely right but we all have to be aware of that and try to overcome those barriers instead of following their shaping us.

အင်း

စဉ်းစားလေ

ကိုယ့်ကိုယ့်ကို သတ်ချင်တယ်

ပညာရေးကို ဆိုးဝါးအောင် လုပ်တဲ့သူတွေကို လဲ သတ်ချင်နေတယ်

လုပ်ကြပါဦး

မြန်မာနိုင်ငံ ပညာရေးကို

အာဏာ ရှင်တွေကလည်း ကောင်းကောင်းနေ ကောင်းကောင်းစား ရရင် ပြီးရောတဲ့

မြန်မာတိုးတက်အောင် လုပ်ပေးရင် သူတို့ဘာသာ နေချင်သလိုနေ ရတယ်

မြန်မာ တိုးတက်လေ ပြည်သူ ချမ်းသာမယ်.....သူတို့ စားပေါက် ချောင်မယ်......

                              အာ>>>>>>>>>သိတော့ဘူးဗျာ

                                                            ရှိ

 

အလွန်မှန်ကန်ပြီး ရဲရင့်လှသောတင်ပြချက်ဖြစ်ပါတယ်။ စစ်ဖက်အစိုးရအနေနဲ့လည်း ပညာရေးကိုချိနဲ့သွားအောင်လုပ်မယ်လို့ ရည်ရွယ်ရင်းရိုးရှိမယ် မထင်ပါဖူး။ သူတို့အာရုံထားခဲ့တာက.... ပြဿနာရှိတဲ့သူတွေကို တန်ပြန်ဖြိုခွင်းရေးအစီအစဉ်အနေနဲ့ စစ်ဖက်သေနင်္ဂဗျူဟာချပြီး စနစ်တကျသုတ် သင်ဖြိုခွဲတဲ့အခါမှာ သူတို့တွေအဓိကကျမယ်လို့ထင်မထားတဲ့ တကဲ့တိုင်းပြည်ရဲ့ရေသောက်မြစ်ဖြစ်တဲ့ ပညာရေးဟာ side effect တခုအနေနဲ့ ခံ စားခဲ့ရတယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒီလိုပဲ သူတို့စစ်သေနင်္ဂဗျူဟာတွေကြောင့် ကျွန်တော်တို့မသိနိုင်တဲ့ထိခိုက်မှုတွေ အများကြီးရှိခဲ့မှာပါ။ ဒါတွေ အားလုံးဟာ နောက်ဆုံးရုပ်လုံးပေါ်လာတော့ ကျွန်တော်တို့တိုင်းပြည်၊ ကျွန်တော်တို့လူမျိုး၊ ကျွန်တော်တို့ရဲ့ပညာရေး။ ဒီပညာရေးနဲ့ လူဖြစ်လာကြတဲ့ နောက် Generation အဆက်ဆက်ဟာ ချိနဲ့ကျဆင်းနိမ့်ကျလာခဲ့တာ အခုလက်တွေ့ပါပဲ။ ဒီတော့ခေါင်းဆောင်လုပ်တဲ့သူတွေဟာ အင်မတန်မှ အရေးကြီး ကြပါတယ်။ သူတို့ရဲ့ဆုံးဖြတ်ချက်တွေရဲ့နောက်မှာ ကျွန်တော်တို့ဗမာပြည်သူပြည်သားတွေရဲ့ဘ၀တွေဟာ အကျိုးဆက်တွေ ဆိုးကျိုးပဲဖြစ်ဖြစ်၊ ကောင်းကျိုးပဲဖြစ်ဖြစ် တိုင်းပြည်ရဲ့အမွေအနေနဲ့ခံစားကြရမှာပါ။

ဟုတ်မမရေ ညီမလေးလည်းဖက်ပြီး တော်တော်စိက်မကောင်းဖြစ်မိတယ်  ညီမလေးလည်း ဗဟူသူတနည်းလားမနည်းလား အခု မမရေးပြထားမှပဲသိရတာလေ ကျေးဇူးများကြီးတင်ပါတယ်နော်

 

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service