မန္တလေးကိုချစ်တဲ့  စိတ် … ကိုယ့်လူမျိုးကိုချစ်တဲ့ စိတ် - လူထုစိန်ဝင်း

Vol.3, No.36,Sep 15,2010  Popular News Journal  Articles  မှ

ဆရာလူထု စိန်ဝင်း ရေးတဲ့  ဆောင်းပါးကိုဖတ်ခဲ့ ပြီးအတွေးပွားခဲ့ ရတာမို့ 

သူငယ်ချင်းတို့  လည်းသိသင့် တယ် ထင်လို့ 

မူရင်းအတိုင်း  ကူးေ၇းပြီးတော့ ဝေမျှလိုက်ပါတယ်…………

                                                                                                                              Thet Hnin Wai

 

http://www.myanmars.net/myanmar-photo/panorama-mandalay-big.htm

မန္တလေးကိုချစ်တဲ့  စိတ် … ကိုယ့်လူမျိုးကိုချစ်တဲ့ စိတ် -   လူထုစိန်ဝင်း

သိပ်မကြာခင်ကဂျာနယ် တစ်စောင်ကသတင်းတစ်ပုဒ် ဖတ်လိုက်ရတဲ့ အတွက်ရက်ပေါင်းများစွာစိတ်ထဲမှာဖျောက်လို့မရအောင် စွဲထင်နေတယ်။စိတ်လက်မကြည်မသာလည်း ဖြစ်ရတယ်။

 

ပွဲသဘင်ပေါတဲ့မြို့

မန္တလေးမြို့မှာဒီနှစ်အငြိမ့်အဖွဲ့ နှစ်ဖွဲ့သာရှိတော့တယ်ဆိုတဲ့ သတင်းပါ။ မယုံနိုင်လောက်အောင်ကိုအံ့သြမိတယ်။  ဖြစ်နိုင်ပါ့မလားလို့ အထပ်ထပ်စဉ်းစားကြည့်တယ်။  မန္တလေးကလူတွေကိုကိုယ်တိုင်မေးကြည့်တော့မှ ဟုတ်တယ်ဆိုတာမယုံချင်ဘဲယုံလိုက်ရတယ်။ ရှေးက မန္တလေးဆိုတာ မြန်မာပြည်ကဘယ်မြို့နဲ့မှမတူအောင် ပွဲလမ်းသဘင်တွေ ပေါများတဲ့မြို့ဖြစ်တယ်။ ဆယ့်နှစ်လရာသီပွဲပြတ်တယ်မရှိဘူး။ ကိစ္စကြီးငယ်ရှိလို့ညဘက်အသွားအလာလုပ်ရင် အငြိမ့်စင်တွေဇာတ်စင်တွေနဲ့ ပိတ်မနေတဲ့လမ်းကိုအတော်ရှာပြီးသွားရတယ်။ မန္တလေး က ရပ်ကွက်တိုင်းမှာဘုရားတစ်ဆူအနည်းဆုံးရှိတယ်။ တချို့ရပ်ကွက်ဆို နှစ်ဆူရှိတယ်။ ဘုရားပွဲ၊ ကထိန်ပွဲ၊ဘာပွဲဖြစ်ဖြစ် အငြိမ့် တစ်ခုနဲ့ ဇာတ်တစ်ခုပါမြဲပဲ။ ပြီးတော့ ၂ရက် ကျင်းပမြဲဖြစ်တယ်။ တချို့ချမ်းသာတဲ့ရပ်ကွက်ဆိုရင် အငြိမ့်နှစ်ခုလောက်ထိထည့်လေ့ရှိတယ်။

 

သဘင်တက္ကသိုလ် 

ပွဲတွေများတော့ အငြိမ့်တွေ ဇာတ်တွေလည်းများတယ်။ အငြိမ့် အဖွဲ့ပေါင်းနှစ်စဉ်လေးငါးခြောက်ဆယ် ရှိတယ်။ ရုံနဲ့ကတဲ့ ဇာတ်ကြီးနဲ့ ကြည့်ချင်  ပွဲကတဲ့ဇာတ်ကလေးတွေလည်းအတော်များတယ်။ ရဟန်း၊ သံဃာများ  စာဝါလိုက်ကြရာမှာ မန္တလေးမှာလာပြီးစာမသင်ဖူးသေးရင် စာတတ်ပြီလို့ မယူဆကြဘူး။ အဲဒီလိုပဲ သဘင်သည်များလည်းမန္တလေးလာပြီးပညာမဆည်းပူးရသေးရင် ပညာစုံပြီ၊ သဘင်သည် လားမြောက်ပြီလို့ မယူဆဘူး။ ဒါကြောင့် သဘင်လောကမှာ မန္တလေးကိုသဘင်တက္ကသိုလ်လို့ ခေါ်လေ့ရှိတယ်။ ဒါတွေအပြင် တခြားထူးခြားချက်တွေလည်းရှိသေးတယ်။ ဥပမာဘုရားဆင်းတုတော် တွေထုလုပ်တဲ့ကျောက်ဆစ် လုပ်ငန်း၊ ကြေးသွန်းလုပ်ငန်းနဲ့ နိဗ္ဗာန်ကုန် လို့ခေါ်တဲ့ ဘုရားထီးတော်၊ စိန်ဖူးတော်၊ ပလ္လင်တော်၊ မှန်စီရွှေချလုပ်ငန်း    စတဲ့ လုပ်ငန်းတွေအကြီးအကျယ် လုပ်တာဆိုလို့လည်း မန္တလေးတစ်မြို့ပဲရှိတယ်။ မန္တလေးမြို့မှာတောင် ဘုရားကြီးအရှေ့မုခ်နဲ့ အနောက်မုခ် ကျောက်ဆစ်တန်းတို့မှာပဲလုပ်ကြတယ်။

 

အနုပညာမြို့တော် 

ဘုရားရွှေချတဲ့ ရွှေဆိုင်းလုပ်ငန်းဆိုရင်လည်းမြန်မာပြည် ဘယ်အရပ် ဘယ်ဒေသမှာမှမရှိဘူး။ မန္တလေးက မျက်ပါးရပ်တစ်ခုတည်းမှာပဲလုပ်တယ်။ မြန်မာပြည်အနှံ့ကဘုရားပုထိုးစေတီများရွှေချဖို့ မန္တလေးကပဲမှာယူကြရတယ်။ ရှင် ပြု၊ နားသတွေမှာဝတ်ဆင်ကြတဲ့ မောင်ရင်လောင်းဝတ်စုံ၊ ဦးသျှောင်၊ မကိုဋ်၊ စလွယ်၊ ဟင်္သာခြေနင်းနဲ့ နားထွင်းသူဝတ်ဆင်ရတဲ့ ဒွါဒယာဘယက်နဲ့ စည်းပုံစတဲ့ ရွှေချည်ထိုးပစ္စည်းများလည်း မန္တလေးကရွှေချည်ထိုးရပ် တစ်ခုတည်းမှာပဲလုပ်တယ်။ ဒါတွေကြောင့် ရှေးခေတ်အဆက်ဆက်ကပဲ မန္တလေးကိုယဉ်ကျေးမှု အနုပညာမြို့တော် လို့ ခေါ်ဆိုခဲ့ကြတယ်။

 

အလုပ်ကိုစွန့်တယ် မန္တလေးကိုမစွန့်ဘူး 

မင်းနေပြည်တော် အဖြစ်ကနေ ဒုတိယမြို့တော်အဆင့် ကိုလျှောကျသွားပေမယ့် မန္တလေးသားတွေက ဝမ်းမနည်းဘူး။  မြန်မာ့ ယဉ်ကျေးမှု အနုပညာမြို့တော်အဖြစ်ရှိနေရတာကိုပိုပြီးဂုဏ်ယူကြတယ်။  ပိုပြီးမြတ်နိုးကြတယ်။ အစိုးရဝန်ထမ်းတွေ ရာထူးတက်ပြီးရန်ကုန် ကိုပြောင်းရတယ်ဆိုရင် ရာထူးကိုမယူဘဲ မန္တလေးမှာပဲတွယ်ကပ်ပြီးနေကြတယ်။ ငြင်းမရဘူးဆိုမှ မန္တလေးကခွာတယ်။ တချို့နောက်ခံတောင့်တင်းသူများဆိုရင် အလုပ် ကိုစွန့်လိုက်တယ်။ မန္တလေးကိုမစွန့်ဘူး။ မန္တလေးသားတွေ မန္တလေးချစ်တာကို ရန်ကုန်က လူတွေက နားမလည်နိုင်ကြဘူး။ အမြင်ကျဉ်းတယ်။ဒေသစွဲကြီးတယ်လို့ ဆိုကြတယ်။

 

အမြင်ကျဉ်းတာမဟုတ်ဘူး 

အမှန်တော့ ဒေသစွဲကြီးတာမဟုတ်ဘူး။ မြန်မာ့ယဉ်ကျေးမှု အနုပညာတွေကိုချစ်တာ၊ တွယ်တာမြတ်နိုးတာဖြစ်တယ်။ အမြင်ကျဉ်းပြီး ငါမြို့မှငါ့မြို့၊ ငါ့လူမျိုးမှ ငါ့လူမျိုးဆိုတဲ့ သဘောမရှိဘူး။ မင်းတုန်းမင်းတရားကြီး မန္တလေးမြို့ကိုစတည်ကတည်းကအလောင်းမင်းတရားလက်ထက်မှာဖမ်းဆီးခေါ်ဆောင်လာခြင်းခံခဲ့ရတဲ့ ယိုးဒယားလူမျိုးလက်မှုပညာသည်တွေနဲ့ သဘင်ပညာရှင်တွေကိုရပ်ကွက်တည်ပေးပြီးစုဝေးနေထိုင်စေခဲ့တဲ့ အတွက် မြန်မာတွေနဲ့ ထွေးရောယှက်တင် နေခဲ့ကြတယ်။ ပသီမျိုး နွယ် အစ္စလာမ်ဘာသာဝင်များအတွက် လည်း ရပ်ကွက်တွေ တည် ပေးပြီးဗလီကျောင်းကြီးတွေ တခမ်းတနားဆောက်လုပ်နေထိုင် စေခဲ့တယ်။ အမေရိကန်သာသနာ ပြုဆရာဒေါက်တာမတ်ကြီးကိုလည်းသာသနာပြုခွင့်ပေးရုံမကစာသင်ကျောင်းပါဆောက်ပေးပြီးစာသင်စေခဲ့တယ်။ အဲဒီကျောင်းမှာသားတော်တွေကိုအပ်နှံပညာသင် ကြားစေခဲ့တယ်။

 

ဆွေလိုမျိုးလိုနေကြ 

မန္တလေးမှာရတနာပုံနေပြည်တော်သတင်းစာထုတ်ဝေတော့လည်းတရုတ်လူမျိုးဦးအဟီးကိုအယ်ဒီတာခန့်ပြီးဘိုးဝဇီရနဲ့ အတူလုပ်ကိုင်စေခဲ့တယ်။ မြန်မာလူမျိုးများဟာရှေးဟောင်းအစဉ်အဆက် ကတည်းကဘာသာခြားတွေ၊ လူမျိုးခြားတွေနဲ့ လက်ပွန်းတတီးရင်းရင်းနှီးနှီးနေခဲ့ကြတာဖြစ်တယ်။ ဇာတ်ခွဲတာေ တွ ခွဲခြားဆက်ဆံတာတွေ မရှိဘူး။ အားလုံးကိုဆွေမျိုးလိုပေါင်းသင်းတယ်။ သဘာဝကိုကခင်မင်တတ်တော့ ဘယ်သူ့ကိုမဆိုဖော်ဖော်ရွေရွေ ဆက်ဆံတယ်။ အဲဒီတော့ ဘာသာခြားလူမျိုးခြားတွေကလည်းတုံ့ပြန်ပြီးခင်ခင်မင်မင်နဲ့ ဆွေမျိုးလိုဆက်ဆံကြတယ်။ ကျွန်တော်တို့ ခပ်ငယ်ငယ်အချိန် ရောက်တော့ ဘာသာခြားလူမျိုး ခြားရယ်လို့တောင် မထင်မှတ်ကြတော့ဘူး။ အားလုံးရောရောနှော နှောနဲ့ သူ့အိမ်ကိုယ်ဝင်စား၊ ကိုယ့်အိမ်သူဝင်စား ဖြစ်နေကြပြီ။ ကျွန်တော်တို့အိမ်ရဲ့ ဘယ်ဘက်မှာဘောလုံးကန်ဖက် သူငယ်ချင်းနန်ဒူးတိုအိမ်ရှိတယ်။ သူကဟိန္ဒူလူမျိုး ဖြစ်တယ်။ ညာဘက်ကတော့ တရုတ်လက်ဖက်ရည်ဆိုင်ဖြစ်တယ်။ အဖေတစ်ခုသမီးတစ်ခုနေကြတာမို့ ကျွန်တော် တို့ကိုပဲဆွေမျိုးလို မှတ်ယူထားကြတယ်။

 

ဗမာတွေဖြစ်ကုန်ကြ

အိမ်နောက်ဘက်မှာနေတဲ့ သူငယ်ချင်းထွန်းကြည်၊ ထွန်းလှ၊ ထွန်းအေးတို့ကျတော့အစ္စလာမ် ဘာသာဝင်တွေ။ ဒါပေမဲ့ လဖုန်းကျောင်းမှာအတူနေကြတာဆိုတော့ အမြဲတမ်းလည်ပင်းဖက် နေခဲ့ကြသူတွေ ဖြစ်တယ်။ တချို့များဆိုတရုတ်ရယ်၊ ကုလားရယ်လို့ အခေါ်သာရှိတော့တယ်။ တရုတ်စကား၊ ကုလားစကားတောင် တတ်ကြတော့တာမဟုတ်ဘူး၊ အားလုံးဗမာစကားပြောပြီးဗမာတွေ ဖြစ်ကုန်ကြတယ်။

 

ဒါပေမဲ့ အခုကျတော့ အဲဒီလိုမဟုတ်ဘူး။ ကိုယ့်ရပ်ကွက်ထဲရောက်လာ ကြသူတွေကဗမာစကားတစ်လုံးမှ မတတ်ကြလေတော့ ဘယ်သူနဲ့မှ အပေါင်းအသင်းမလုပ်ဘူး။ အုတ်တံတိုင်းအမြင့်ကြီးတွေ ကာရံပြီးသူတို့ဟာသူတို့သီးခြားနေ ကြတယ်။ လမ်းမှာတွေ့လို့ ကိုယ်ကဗမာ့ထုံးစံအတိုင်း ပြုံးပြရင်လည်းမျက်နှာထားတင်းတင်းနဲ့ မတူသလိုမတန်သလို ကြည့်ပြီးမျက်နှာလွှဲသွားကြတယ်။ သူတို့ကလာမရောသလိုသူတို့ကိုလာရောတာလည်းမကြိုက်ဘူး။

 

သူတို့လူများစု

ဘယ်သူနဲ့မှမရောဘဲခပ်တင်းတင်းနေနိုင်မှာပေါ့။ သူတို့လိုလူမျိုးတွေ က နေရာတိုင်းရပ်ကွက်တိုင်းမှာ လက်ညှိုးထိုးမလွဲရှိနေကြတာကိုး။တချို့ရပ်ကွက်တွေဆိုသူတို့တောင် လူများစု ဖြစ်နေသေးတယ်။ မူလကသောင်းဂဏန်းလောက်သာတန်ဖိုးရှိတဲ့အိမ်တွေ မြေတွေကိုသူတို့ကသိန်းရာချီပေးပြီးဝယ်ကြလေတော့ ရွာခံမြို့ခံတွေကရောင်းပြီး မြို့သစ်တွေဘက် ပြောင်းကုန်ကြတယ်။နောက်တော့ ရာဂဏန်းကထောင်ဂဏန်း၊ အခုဆိုသောင်းဂဏန်းအထိတောင်ပေးပြီးဝယ်ကြတော့ ဗမာတွေကမရောင်းဘဲမနေနိုင်ကြတော့ဘူးလေ။

 

ဘုရားတွေ ကျီးနဲ့ဖုတ်ဖုတ်

ပိုက်ဆံတွေ ဘယ်လိုရလို့ ဘယ်လောက်ထိများပေါနေသလဲမသိတော့ဘူး။ ဒီလူတွေကအခုဆိုမန္တလေးကနေပြီးထားဝယ်တို့ ကျောက်ဖြူတို့အထိပါ သွားပြီးဝယ်နေကြတယ်တဲ့။ဗမာစကားသာတစ်လုံးမှ မတတ်တာသူတို့ကစီးပွားရေးတော့ အကွက်သိပ်မြင်တယ်။တဖြည်းဖြည်းချင်းနယ်ပယ် ချဲ့ထွင်နေလိုက်ကြတာဘယ်သူမှ လိုက်မမီနိုင်တော့ဘူး။ မြို့တွင်းအချက်အချာနေရာတွေမှာသူတို့ကလူများစုလိုဖြစ်လာတော့ အစဉ်အလာမပျက်ကျင်းပတဲ့ ရပ်ကွက်ဘုရားပွဲတွေ၊ ကထိန်ပွဲတွေလည်း မကျင်းပနိုင်တော့ဘူး။ ဘုရားဒကာတွေက အဝေး ကို ရောက်ကုန်ကြပြီဆိုတော့ ဘုရားတွေဆိုတာလည်းကျီးနဲ့ဖုတ်ဖုတ်ဖြစ်နေကြတော့တယ်။ ဘုရားပွဲတွေ မကျင်းပနိုင်တော့ဘူးဆိုတော့ အငြိမ့်တွေဇာတ်တွေလည်းဘယ်ကရတော့မှာလဲ။ အစကတော့ ဇွဲမလျှော့ဘဲတင်းခံသေးတယ်။ ကြာတော့ဘာသားနဲ့ထုထားလို့ ခံနိုင် တော့မှာလဲ။ အငြိမ့်တွေ ဇာတ်တွေ က တဖြုတ်ဖြုတ်နဲ့ပြုတ်ကုန်ကြ ရပါတော့တယ်။

 

ဗမာစာပါ ပျောက်မှာစိုး

ယဉ်ကျေးမှု အနုပညာတွေ ပျောက်ဆုံးသွားရတာဟာဘာနဲ့မှကိုမတူတဲ့ဆုံးရှုံးမှုဖြစ်တယ်။ယဉ်ကျေးမှုပပျောက်ရင် လူမျိုးပါပျောက်တယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်းအင်မတန်ကြောက်စရာကောင်းတယ်။ ယဉ်ကျေးမှု အနုပညာပျောက် ပြီးတဲ့နောက် ထပ်ပျောက်မှာကဗမာစကား ဖြစ်တယ်။ အခုတောင် မြို့ထဲက ဆိုင်းဘုတ်တွေမှာ ဗမာစာနဲ့ရေးတဲ့ဆိုင်းဘုတ် အတွေ့ရ နည်းပြီးအင်္ဂလိပ်စာနဲ့ တရုတ်စာဆိုင်းဘုတ်တွေချည်းတွေ့ရတော့တယ်။ မူကြိုကျောင်းနဲ့ ကလေးထိန်းကျောင်းတွေဆိုရင်လည်းတရုတ်စာပါသင်ပေးမှ မိဘတွေကအပ်ချင်ကြတယ်။ အဲဒါကြောင့် မန္တလေးသားများက မန္တလေးကိုကာကွယ်စောင့်ရှောက်ကြဖို့ အခွင့်ရတိုင်းပြောနေရေးနေ ကြရတာဖြစ်တယ်။ဒေသစွဲကြီးလို့ အမြင်ကျဉ်းလို့ လုံးဝမဟုတ်ပါဘူး။       မန္တလေးကို

ကာကွယ်စောင့်ရှောက်တာဟာ   ကိုယ့်လူမျိုးနဲ့ ကိုယ့်နိုင်ငံကို ကာကွယ် စောင့်ရှောက်တာနဲ့   အတူတူ ပဲ  ဖြစ်ပါတယ်။      

         

                                                                                                                             လူထုစိန်ဝင်း

 

စာလေးဖတ်ပြီးချိန်မှာသတိရတာကတော့  TV က လာနေကျ သီချင်းလေးပါပဲ

ကချင် ၊ ကယား ၊ကရင် ၊ချင်း ၊ဗမာ ၊မွန် ၊ ရခိုင် ၊ရှမ်း စည်းစည်းလုံးလုံး ၇ှိပါစေ …………ဟေ့   ဟေ့ ဟေ့ ဟေ့ …………………………………………………………….

ကချင် ၊ ကယား ၊ကရင် ၊ချင်း ၊ဗမာ ၊မွန် ၊ ရခိုင် ၊ရှမ်းစည်းစည်းလုံးလုံး ၇ှိပါစေ …………ဟေ့   ဟေ့ ဟေ့ ဟေ့ ……………………………………………………………..

 ကချင် ၊ ကယား ၊ကရင် ၊ချင်း ၊ဗမာ ၊မွန် ၊ ရခိုင် ၊ရှမ်းစည်းစည်းလုံးလုံး ၇ှိပါစေ …………ဟေ့   ဟေ့ ဟေ့ ဟေ့ ……………………………………………………………..

 

တကယ်တော့  ကျွန်မ ကိုယ်တိုင်ကလည်း  မိသားစုအားလုံး အကြောင်းအမျိုးမျိုးကြောင့် မန္တလေးကနေ ရန်ကုန် ကို ပြောင်း လာကြတာပါ ။ ကျွန်မတို့ ရဲ့   မန္တလေး မြို့ လယ်ခေါင်က အိမ်ကို သိန်းထောင်ချီပေး ၀ယ်လိုက်တာကလည်း  တရုတ် တွေပါပဲ ။ အခု ဆို၇င်မန္တလေး မြို့ လယ်မှာ တော်တော်များများက လူမျိုးခြားတွေ နေရာ ယူနေကြတာပါ။ မြန်မာဆိုတာ အနည်းစုပါပဲ ။ ဒီပို့ စ်တင်ရတာကလည်း လူမျိုးေ၇းခွဲခြားဖို့  မဟုတ်ဘဲ မြန့် မာနောက်ဆုံး မင်းနေပြည်တော်မန္တလေး ၊ မြန်မာ့ယဉ်ကျေးမှုမြို့ တော် မန္တလေးကို ကာကွယ်စောင့်ေ၇ှာက်ဖို့ လိုနေကြောင်း မီးမောင်းထိုးပြချင်တာပဲ ဖြစ်ပါတယ် ။ မြန်မာပြည်က လူမျိုးခြားတွေက အချင်းချင်း စည်းလုံးညီညွတ်ပြီး ၇ိုင်းပင်းကူညီကြတာကို အတုယူပြီး မြန်မာတွေလည်း စည်းလုံးညီညွတ်ကြဖို့  အချိန်ရောက်နေပါပြီ။ ဆောင်းပါးရှင် လူထု စိန်ဝင်းကို လည်း ကျေးဇူးတင်မိသလို ဖတ်ပေးတဲ့  သူငယ်ချင်းအားလုံးကိုလည်း  ကျေးဇူးတင်ပါတယ်ရှင် ။

 

 

                                                                          

 

Views: 224

Attachments:

Reply to This

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service