အမေ့နာမည် က ဒေါ်မြသိန်း..။ ဆွေမျိုးတွေ ၊ အမေနဲ့ရွယ်တူ မိတ်ဆွေတွေကတော့ သိန်းသိန်း လို့ ခေါ်ကြတယ်..။ အဖေ ကတော့ ချစ်စနိုးခေါ်တာလား မသိဘူး မယ်သိန်း တဲ့..။

 

အမေ့ မှာ အောင်မင်း ဆိုတဲ့ မောင်လေးတစ်ယောက်ရယ် ၊ မသီ ဆိုတဲ့ ညီမလေးတစ်ယောက်ရယ် ရှိတယ်..။ အမေနဲ့သူတို့ မောင် နှမ တတွေ ကလေးဘ၀အရွယ်မှာပဲ အဖေ ဆိုတဲ့သူက နောက်မိန်းမ ယူပြီး မြို့ကိုပြောင်းသွား တယ်..။ အားကျမခံအမေဆိုတဲ့သူက လည်း ရွာမှာပဲ နောက်အိမ်ထောင်ပြုလိုက် သတဲ့..။ မောင်ငယ်ဖြစ်တဲ့ အောင်မင်း က အဲဒီကတည်းက ရွာကထွက်သွားတာပြန်မလာတော့ဘူး တဲ့..။ အမေ နဲ့ သူ့ညီမကို ဦးလေးဖြစ် တဲ့ ကျောင်းဆရာက ကျွေးထားရတယ်..။

 

အားကိုးရမယ့်သူ ရှာတာဖြစ်မယ်ထင်ပါတယ် ၊ ကျနော့်အဖေ ဖြစ်မယ့်သူ နဲ့ အိမ်ထောင်ပြုတော့ အမေ့အသက်က ၁၅-နှစ်တောင် မပြည့်ချင်သေးဘူး တဲ့..။

 

တစ်ယောက်ကလည်း ကိုရင်လူထွက် ဆိုပေမယ့် နှစ်ယောက်ပေါင်း ကြိုးစားလိုက်ကြတော့ ကလေး ၁၀-ယောက် ရလာတယ်..။ ၈-ယောက် မြောက် အဖြစ်နဲ့ ကျနော့်ကို မွေးတော့ အမေ့ အသက်က ၃၄-နှစ်လောက်ပဲ ရှိသေးတယ်..။ ကျန်တဲ့သားသမီး တစ် ယောက်ချင်းစီရဲ့ မွေးနှစ် မွေးလ မွေးရက် တွေကို အချိန်အတိအကျနဲ့ မှတ်မိနေပေမယ့် ကျနော် တစ်ယောက်ထဲကိုမှ ဘယ်လ ဘယ်ရက် မှန်း မမှတ်မိဘူး တဲ့..။ ညီညီ လို့ နာမည် ပေးမိထားလို့ အင်္ဂါသား ဆိုတာတော့ သေချာပါ သတဲ့ လေ..။

 

ဘယ်မိဘဖက်ကမှ အမွေ မပေးနိုင်ခဲ့တဲ့အတွက် ကိုယ်ပိုင် ယာမြေမရှိဘဲ တခြားသူတွေရဲ့ လယ်ယာမြေတွေမှာပဲ အဖေကနေ့စား အဖြစ် လုပ်ရတယ်..။ အမေကတော့ ရွာလယ်က တံတားထိပ်မှာ တစ်နေကုန် အကြော်ရောင်း ရတယ်..။ ငယ်ငယ်ကအိပ်ယာထပြီ ဆို ရင် အဖေ့ ကိုလည်း မမြင်ရဘူး ၊ အမေ့ကိုလည်း မတွေ့ရဘူး..။ အိပ်ယာကနိုးပြီ ဆိုတာနဲ့များသောအားဖြင့် မျက်နှာမသစ်ဘဲ ညတုန်းကကျန်တဲ့ ထမင်းချမ်းခဲလေး ပန်းကန်ပြားထဲ ခူးထည့်ပြီး အကြော်ဖိုကိုလိုက်လိုက်သွားရတယ်..။ အကြော်ဖိုမှာပဲ မနက်စာ စားကြပေါ့..။

 

အမေ.. ရေးစရာ ဗလာစာအုပ် မရှိတော့ဘူး…လို့ပြောလိုက်ရင်.. အေး..အေး..ငါ့သား ညနေကျရင် အမေ၀ယ်လာခဲ့ပေးမယ်.. ဒီ နေ့တော့ ဖြစ်သလိုရေးလိုက်ဦး….ဆိုပြီး ညနေကျရင် တကယ်ပဲ ဗလာစာအုပ် ၂-အုပ် ၃-အုပ်ပါလာတတ်တယ်..။ အကြော်ခံ တောင်း ထဲ ထည့်ယူလာခဲ့တာမို့ ဆီတွေအိုးမဲတွေ စွန်းပေနေတတ်ပေမယ့် အမေဟာဘယ်တော့မှ ညာမပြောဘူးဆိုတာ ငယ်ငယ် ကတည်းက ယုံကြည်ခဲ့ရပါတယ်..။

 

ချက်ထားတဲ့ဟင်းနဲ့ စားမယ့်သူအရေအတွက် နဲ့ မလောက်မင ဖြစ်မှာစိုးလို့ လူစုံအောင် စောင့်စောင့်ပြီးမှ ထမင်းစားကြ ရပေမယ့် မှတ်မိသလောက် ဗိုက်ဆာဆာနဲ့ အိပ်ယာဝင် ခဲ့ရတာမျိုး တစ်ခါမှ မကြုံခဲ့ရဖူးပါဘူး..။

 

အမေ…စဥ့်အိုးထဲမှာ ရေသိပ်မရှိတော့ဘူး..လို့ပြောမိရင်…ရတယ်..ကိုယ့်ကျောင်းကိုသာသွား..မင်းတို့ ကျောင်းသွားရင် အိမ်မှာရေ သုံးမယ့်သူ လည်း မရှိဘူး …မင်းအဖေ တောကပြန်လာမှ သူ့ဘာသာရေထမ်း လိမ့်မယ်.. သွား.. သွား.. စာကိုသာကြိုးစား..သွား.. သွား.. လို့ ပြောတတ်တယ်..။ တကယ်လည်း ကျနော်တို့မောင်နှမတွေအားလုံး စာကြိုးစား ကြပါတယ်..။ ရွာမှာမို့လို့ ရွာအလျောက် ချီးကျူး ခံရတတ်ပါတယ်..။ မမြသိန်းရဲ့သားသမီးတွေ စာတော်ကြတယ်တို့..ဘာတို့ပေါ့..။

 

ကျနော် ၆-တန်း ၇-တန်းလောက်ရောက်တော့မှ အမေ စာမတတ်ဘူးဆိုတာကို စ သိခဲ့ရတယ်..။ အစ်ကိုတွေကလည်း စာတော်ကြ တယ် ၊ အဖေ ကလည်း ပရိတ်ကြီး ၁၁-သုတ်လုံး အကုန်အလွတ်ရတယ် ၊ အမေကလည်းညညဆို တတွတ်တွတ်နဲ့ ဘုရား ကန် တော့ တာကို မြင်မြင်နေရတော့ စာရေး စာဖတ်လောက်တော့ တတ်မှာပဲလို့ ထင်ထားခဲ့မိတာ..။ အဲဒီတုန်းက ကျောင်းမှာ နိုင်ငံသား စိစစ်ရေး ကဒ်ပြားတွေ လာလုပ်ပေးတော့ မိဘ ဘိုးဘွား အားလုံးရဲ့ နာမည်တွေ ဖြည့်ကြရတယ်..။ အဖေက တောသွားတာမို့ အမေ့ ကိုပဲ ဖြည့်ခိုင်းတော့မယ် ဆိုပြီး အကြော်ဖိုကို လိုက်သွားတော့မှအမေက..ငါကဘာလုပ်ပေးရမှာတုံး…ငါမှ စာမတတ်တာ…သွား.. သွား..မင်းတို့ အဖေ ပြန်လာမှ..သူ့ကိုလုပ်ခိုင်းကြ..တဲ့..။ အဲဒီတုန်း က ပြောမပြတတ်တဲ့ ခံစားမှုမျိုး ခံစားမိခဲ့ပေမယ့် ဘယ်လိုမျိုးလဲ ဆိုတာတော့ မမှတ်မိတော့ဘူး..။ တကယ်တမ်းကျတော့ အမေ စာတတ်တာ ၊ စာမတတ်တာ က ကျနော်တို့အတွက် အရေးမကြီးပါဘူး..။ ကျနော်တို့ရဲ့ အမေ ဖြစ်နေတာနဲ့တင် လုံလောက်လှပါပြီ..။

 

အမေက ဟန်ဆောင်မှုကင်းတယ်..။ စိတ်ထဲမပါဘဲနဲ့ လူတစ်ယောက်ကို ပြုံးမပြတတ်ဘူး..။ ရိုးရိုးသားသား ရှာစားလည်းဒီထမင်းပဲ.. မရိုးမသားရှာစားလည်း ဒီထမင်းပဲ..လို့ သူနားလည်တဲ့ အသုံးအနှုံး နဲ့ ပြောတတ်ပေ မယ့်အဲဒီစကားလုံးတွေကပဲ ကျနော်တို့ ရဲ့ ဘ၀ ခရီးမှာ လမ်းညွှန် နီတိတွေ ဖြစ်ခဲ့ရတာပါ..။ ရိုးသားမှုရှိတဲ့သူဟာ လွတ်လပ်မှုရှိတဲ့သူပဲ..ဆိုတာ အမေ့ကို စံထားပြီးနာလည်ခဲ့ရတာပါ..။ ရိုးသားတဲ့သူဟာ ဒီနေ့တစ်မျိုး ၊ မနက်ဖြန်တစ်မျိုး ပြင်ပြောစရာ မလိုဘူး..။ ဟိုလူနဲ့တွေ့တော့ တစ်ပုံစံ ၊ ဒီလူနဲ့တွေ့တော့ တစ်ပုံစံ ကိုယ့်ရဲ့ မူရင်းဟန်ပန်တွေကိုပြင်ပြင်နေစရာလည်း မလိုဘူး လေ..။ သူ့ရဲ့ စကားသံတွေက ရိုင်းချင်ရိုင်းနေမယ် ၊ သူ့ရဲ့ အတွေးအခေါ် တွေက တလွဲတချော်တွေ ဖြစ်ချင်ဖြစ်နေမယ် ၊ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်စိတ်ထဲမှာ တကယ်ရှိနေတဲ့ လက်ရှိခံစားချက်အတိုင်း ပြော ဆို လုပ်ကိုင် ရတာကိုက တကယ့်ကို ရဲရင့်မှုအပြည့်ရှိတဲ့ လွတ်လပ်မှုတစ်ခုပါပဲ..။

 

အစ်ကိုတွေက သူတို့အပေါင်းအသင်းတွေနဲ့ကျ တ၀ါးဝါး တဟားဟား နေတတ်ပေမယ် အိမ်ပြန်ရောက်ရင်တော့ မလိုအပ်ရင် စကားမပြောဘဲ ခပ်တည်တည် နေတတ်ကြလို့ သူတို့နဲ့ ရင်းရင်းနှီးနှီး မရှိပေမယ့် အဖေနဲ့ အမေအတွက်တော့ ကျနော်က ခိုင်းချင်တာ ခိုင်းလို့ရတဲ့ Joker တစ်ယောက်ပါပဲ..။ ငါ့သားရေ.. ဆီသွားဝယ်ပေးပါဦး …ဆိုလည်း သွားလိုက်တာပဲ ၊ ရွာမြောက်ပိုင်း က မသန်းဌေး တို့ဆီ နေ့ပြန်တိုးလေး ချေးပေးပါဦး …ဆိုလည်း ပြေးလိုက်တာပဲ ၊ အဲဒီလို ပူးပူးကပ်ကပ် နေလိုက်တော့မှ အဖေနဲ့ အမေရဲ့ မျှော်လင့်ချက် ၊ သူတို့ရဲ့ အိပ်မက် ၊ သူတို့ရဲ့ အခက်အခဲ စတာတွေကို ပိုနားလည်လာခဲ့ရတယ်..။ မလိမ်မာချင်လို့ကိုမရတော့ တာ..။

 

အစ်ကိုတွေက ဘွဲတွေရ ၊ အလုပ်အကိုင်တွေရပြီး ထောက်ပံ့လာကြလို့ အရင်ကထက် ချောင်လည်လာခဲ့ပေမယ့် အမေကတော့ အကြော်ကြော်တုန်းပဲ..။ ဒီအတိုင်း နေပါတော့လား လို့ ပြောပေမယ့် မရဘူး..။ အလုပ် မလုပ်ရရင် မနေတတ်ဘူး တဲ့..။ လုပ်တတ်တာကလည်း ဒီ အကြော် ကြော်တာတစ်ခုပဲ ရှိတယ် …ငါ့သားကြီးတွေ ကို ကျေးဇူးတင်ပေမယ့် အကြော်ကတော့ ကြော်ရဦးမှာပဲ တဲ့..လေ..။ အစ်ကိုတွေလို ငွေကြေးအနေနဲ့ မထောက်ပံ့နိုင်သေးပေမယ့် အဲဒီတုန်းက အဖေနဲ့ အမေကို ကျနော် ခဏခဏ ကတိ ပေးမိတာက ကျနော့်ကြောင့် အမေတို့ ဘယ်တော့မှ စိတ်မဆင်းရဲစေရဘူး လို့ပေါ့..။ တကယ်လည်း သူတို့ စိတ်ပူစေမယ့် အလုပ် မျိုးတွေ မလုပ်ဖြစ်အောင် ရှောင်ကျဉ်တတ်ခဲ့ပါတယ်..။

 

မှတ်မှတ်ရရ တစ်ကြိမ်တစ်ခါတော့ အမေ့ ကို စိတ်ပင်ပန်းစေခဲ့ဖူးပါတယ်..။ အဲဒါကလည်း ပထမဆုံး နဲ့ နောက်ဆုံးပါပဲ..။ အဲဒီတုန်း က ကျနော်က ပထမနှစ် ကျောင်းသားဖြစ်နေပီ..။ ကျောင်းပိတ်လို့ ရွာခဏ ပြန်လာတော့ အမေကတော့ ပျော်တာပေါ့ ၊ ငါ့သားငယ် လည်း လူကြီးဖြစ်လာပြီ ဆိုပြီးတော့ နေမှာပေါ့..။

 

တစ်နေ့ကျ မြောက်ဘက်အိမ် က ချာတိတ်မလေးက ကျနော်တို့ မီးဖိုချောင်ထဲဝင်ပြီး ကြက်သွန်နီ တစ်လုံးနှစ်လုံး ၀င်ယူတယ်မှတ် တယ်..။ ရွာမှာကတော့ ဒီလိုပါပဲ ၊ ကိုယ့်အိမ်မှာ မရှိရင် သူ့အိမ်သွားယူ အပြန်အလှန်ပေါ့..။ အဲဒါကို အမေက ညည်းတို့က အလွယ် အ တော်ကြိုက်တာပဲ ..ကိုယ်သုံးချင်ရင် ကိုယ့်ဘာသာ ၀ယ်သုံးပေါ့..စသဖြင့် ဘာဖြစ်တယ်..ညာဖြစ်တယ် ပြောပါလေရော..။ ဟို က လေးမခမျာ လက်ထဲက ကြက်သွန်နီကို ပဲ ပြန်ချထားရမလို..မကြားချင်ယောင်ဆောင်ပြီး သွားရမလို ဖြစ်နေရှာတယ်..။ အဲဒီ အချိန် မှာ ကျနော်က..ဟာ အမေကလည်း ကြက်သွန်နီလေး တစ်လုံး နှစ်လုံး နဲ့ ဘာဖြစ်သွားမှာမို့လဲ..သူများ သားသမီးကို ဘာလို့ အဲလို ပြောရတာလဲ ..လို့ အော်ငေါက်သလို ၀င်ပြောလိုက်မိတယ်..။ သူ့အနေနဲ့ ပညာတတ်ကြီး လို့ မှတ်ယူထားတဲ့ သား က မအော်စဖူး ပြန်အော်လိုက်တော့ အမေ့ခမျာ မျက်နှာလေးကို ငယ်လို့ ၊ ကြောင်ပြီး ကြည့်နေရှာတယ်..။ ငါမှားသွားပီ ဆိုတာ သိလိုက်တဲ့ အချိန် က နောက်ကျ သွားခဲ့ပါပြီ..။ နောင် ဒါမျိုးမဖြစ်အောင် သတိထားရမယ်လို့ ကိုယ်ဘာသာကိုယ် သတိပေးမိတယ်..။

 

တစ်ရက် နှစ်ရက်နေတော့လည်း အရင်အတိုင်း ပြန်ဖြစ်တာပါပဲ ၊ ဟိုဘက်အိမ်က ကောင်မလေးကလည်း လာလာယူတာပဲ ၊ အမေ ကလည်း ပြောမြဲပြောတာပဲ ၊ ကျနော်ကလည်း ၀င်ပါပြန်တာပဲ ၊ နည်းလမ်းတော့ ပြောင်းရတာပေါ့..။ ပထမဆုံး အမေ့ ကို ကျော ပေးထားလိုက်တယ် ၊ ပြီးတော့မှ ဟိုကလေးမလေးကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး ပါးစပ်ကတော့ အမေ့လေသံအတိုင်း ..ညည်းတို့ကလည်း ဟုတ်ပါ့အေ.. တစ်ရက်မဟုတ် နှစ်ရက်မဟုတ် နဲ့ ဆင်ခြင်ကြဦးမှပေါ့ တို့ …ဘာတို့ အော်ပြောလိုက်တယ်..။ အမေ့ ကို လှည့်ကြည့်လိုက်တော့ ပြုံး လို့..။ ငါ့သားက ငါ့ဘက်က ရပ်တည်တယ်ဆိုပြီးတော့ နေမှာပေါ့..။ အမေမှားမှား အမေမှန်မှန် တကယ်လည်း အမေ့ဘက်က ရပ်တည်မှာပါပဲ..။ ကျနော့်ဘ၀မှာ တခြားသူတွေက အမေ့လောက် အရေးမကြီးဘူးလေ..။

 

ရွာမှာ နာရေးတစ်ခုခု ဖြစ်တိုင်း အမေ့ကို သတိပေးဖြစ်တယ်..။ အမေ တွေ့လား အဲဒါ သေခါစမို့ အော်ငိုနေကြတာ ..နောက် နည်း နည်း ကြာသွားရင် အမှတ်ရမှာတောင် မဟုတ်တော့ဘူး ..တကယ်လို့များ သေခါနီး လူတစ်ယောက်က ငါ့ သား ငါ့သမီး ဆိုပြီးများ စွဲလန်းနေရင် သူပဲ ဘ၀ကူး မကောင်းဖြစ်မှာ ..ကျန်ခဲ့တဲ့ လူတွေက လွမ်းကြ ဆွေးကြလည်း ခဏပဲရယ်..သိလား အမေ..လို့ နွား ရှေ့ထွန်ကျူးတဲ့ စကားမျိုးတွေနဲ့ အမေ့ကို ဆရာလုပ်တတ်တယ်..။ အမေက စာမတတ်တော့ တရားစာအုပ်တွေ မဖတ်ဖူးဘူးလေ..။ တစ်နှစ်ထက် တစ်နှစ် အသက်ကလည်း ကြီးကြီးလာနေတော့ အမေ့ ကို တကယ် စိတ်မချ ဖြစ်ရပါတယ်..။

 

အမေ တစ်ကိုယ်လုံး အသားတွေဝါနေလို့ Mandalay ဆေးရုံကြီးမှာ တင်ထားရတယ် လို့ တယ်လီဖုန်း ရ ရချင်း လိုက်သွားခဲ့တယ်..။ နှာခေါင်းမှာလည်း ဆေးပိုက်တန်းလန်း ၊ လက်ကောက်ဝတ်တွေမှာလည်း ဆေးပိုက်တန်းလန်း နဲ့ ဖြစ်နေပေမယ့် စကားသံ က တော့ ဟိုတုန်းက လို မာတုန်းထန်တုန်းပဲ..။ မင်း ကလေးတွေ နေကောင်းရဲ့လား ..တဲ့..။ နေမကောင်းဖြစ်နေတဲ့ အမေရဲ့ နှုတ်ဆက် စကား လေ..။ ကျနော်တို့ ရွာသားတစ်ယောက် က ဆေးရုံအုပ်ကြီး ဖြစ်နေတာမို့ အတော်လေး ဂရုစိုက်ခံရပါတယ်..။ ခက်တာက ကင်ဆာ.. တဲ့..။ အသဲကင်ဆာ.. တဲ့..။ တစ်ခါလာလည်း ဆီကြော်မုန့် တစ်ခါလာလည်း ဆီကြော်မုန့် နဲ့ ဆီကြော်မုန့်တွေချည်း စားခဲ့ရ တဲ့ ဒဏ်တွေ ဖြစ်ပါလိမ်မယ်..။ ရွာပြန်ခေါ်သွားမလား ဒီမှာပဲ နောက်ဆုံးထွက်သက်အထိ စောင့်ကြည့်ကြမလား …လို့ ဆရာဝန်ကြီး က မေးလာတော့ ညီအစ်ကိုတတွေ တိုင်ပင်ကြရပီ..။ သားလုပ်တဲ့ သူတွေက လူကြီးဆန်နေကြပီမို့ ဟန်ကိုယ့်ဖို့ လုပ်နိုင်ကြပေမယ့် အစ်မ တွေနဲ့ ညီမလေးတွေကတော့ တရှုံ့ ရှုံ့  ဖြစ်နေကြပီလေ..။ ငိုချင်ရင် ဒီနားမလာခဲ့ကြနဲ့ လို့ သူတို့ကို အော်ငေါက်ရတယ်..။ သူ တို့ရဲ့ ငိုသံတွေ ကြောင့် အမေ့ကို ၀မ်းမနည်းစေချင်ဘူးလေ..။

 

ကိုယ့်ရပ်ကိုယ့်ရွာပြန်ရောက်လို့လား မသိဘူး ၊ တစ်ရက် နှစ်ရက် နေတော့ အမေထူထူထောင်ထောင် ပြန်ဖြစ်လာတယ်..။ အားလုံး ၀မ်းသာကြရတာပေါ့..။ ညာဘက်မှာ ကပ်ထိုင်နေတဲ့ ကျနော့်ဘက်ကို ရုတ်တရက် လှည့်ကြည့်ပြီး မင်းက ဘယ်သူတုန်း..တဲ့..။ ဗျာ …. လို့ ရုတ်တရက် တစ်ခွန်းပဲ ပြန်ထူးနိုင်ပြီး အံ့သြလွန်းလို့ ဘာပြန်ပြောရမှန်း မသိခဲ့ဘူး..။ အမေ့ မှတ်ဥာဏ်တွေ ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ဘူး ဆိုတာသိလိုက်ရပါပီ..။ ရင်ထဲမှာ ငိုချင်နေပေမယ့် ဟန်ဆောင်ပြီး တဟားဟား အော်ရယ်နေလိုက်တယ်..။ အမေ့သားလေ..ကိုညီ လေ..အမေ ခေါ်ခေါ်နေတဲ့ ကိုလေဗူး လေ..လို့ ပြောလိုက် ရီလိုက် လုပ်နေခဲ့တယ်..။ မရပါဘူး..။ ချက်ချင်းပဲ ခေါင်းကို ဟိုဘက်ပြန်လှည့်ပြီး မျက်စိကို စုံမှိတ်ထားလိုက်တယ်..။ သူမသိတဲ့ သူတစ်ယောက်ကို ဟန်လုပ်ပြီး စကားပြောမှာ မ ဟုတ်ဘူး ဆိုတဲ့ ၀သီကတော့ ကိန်းအောင်းနေဆဲပဲ ထင်ပါရဲ့..။

 

အခြေအနေက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာခဲ့ပါပီ..။ မရနိုင်တော့ဘူး ဆိုတာ သိနေပေမယ့် လက်ခံလို့ မရဘူးဖြစ်နေတယ်..။ အ သက်ကယ်ဆေး ဆိုတာတွေကို ၃-နာရီခြား တစ်ခါ ၊ ၄-နာရီခြား တစ်ခါ ဆိုသလို ညီမငယ်ကို ဆက်တိုက် ထိုးခိုင်းနေမိတယ်..။ မင်းတို့ အမေလည်း ပင်ပန်းလှပါပီ ငါ့သားတို့ရယ် ၊ လက်လျှော့လိုက်ကြပါတော့ ၊ သူ့ကို သွားခွင့်ပေးလိုက်ပါတော့….လို့ တုန်တုန်ရီရီ နဲ့ ပြောလာတဲ့ အဖေ့စကားသံကြားမှပဲ စိတ်ကို ဒုန်းဒုန်းချလိုက်တော့တယ်..။ လူတစ်ယောက်ရဲ့  ကံ ကို တခြားဘယ်သူ တစ်ဦး တစ်ယောက်ကမှ ပြဌါန်းပိုင်ခွင့် မရှိဘူး ဆိုတာရယ် ၊ တကယ်ကြုံလာရပီဆိုရင် ကိုယ်ပြုခဲ့တဲ့ ကုသိုလ် အကုသိုလ် တွေကလွဲလို့ ကိုယ်ချစ်တဲ့သူတွေရော ကိုယ့်ကို ချစ်တဲ့သူတွေကရော တကယ် ဘာမှ လုပ်မပေးနိုင်ကြဘူး ဆိုတာရယ်ကို အမေက သူ့ရဲ့ နောက် ဆုံးအချိန်လေးမှာ လက်တွေ့ကျကျ သင်ပေးသွားခဲ့ပါပီ..။

 

အမေ ရဲ့ ၀မ်းကြာတိုက်မှာ လူဖြစ်ခဲ့ရတာမို့ ကျနော်ဟာ အမေ့ရဲ့  ကိုယ်ပွားတစ်ခုသာ ဖြစ်ပါတယ် ၊ အမေဟာ ကျနော် ဖြစ်ပြီးတော့ ကျနော်ဟာလည်း အမေပါပဲ …လို့ ဆရာကြီး ဦးရန်အောင်က သူ့စာတစ်အုပ် မှာ ရေးခဲ့ဖူးပါတယ်..။ တကယ်တော့ ကျနော့် အမေမှာ လည်း ကိုယ်ပွားတွေ အများကြီးပဲလေ..။ အကြော်ဒယ်အိုး ကို ခေါင်းပေါ်ရွက် ၊ အိုးမဲပေနေတဲ့လက်တွေနဲ့ ဖန်တီးခဲ့တဲ့ စာရွက် အလွတ်လေးတွေ ဟာ အခုဆိုရင် သူ့အလှနဲ့သူ ရှိနေကြတဲ့ ပန်းချီကားလေးတွေ ဖြစ်နေကြပါပီ..။

 

ခင်ဗျားမိန်းမကြီးက အခုလောက်ဆို နတ်ပြည်မှာ ဘယ်နတ်သားနဲ့ ဘာလုပ်နေမယ်မှန်း မသိဘူး ၊ သတိရမနေစမ်းပါ နဲ့တော့ …လို့ တစ်ချက် တစ်ချက် ငိုင်ငိုင်နေတတ်တဲ့ အဖေ့ကို နှစ်သိမ့်စကားပြောဖြစ်ပေမယ့် တကယ်တမ်းကျတော့ ကျနော်တို့ ရင်ထဲမှာလည်း အမေ့ကို လွမ်းနေဆဲပဲလေ..။

 

နောင်ဘ၀တွေမှာ ပြန်ဆုံခွင့် ရဦးမယ် ဆိုရင် အမေ့ ကို အမေ..လို့ အားရပါးရ ခေါ်ချင်ပါသေးတယ်..။

Views: 846

Reply to This

Replies to This Discussion

အမေဟာ အမေပါပဲ။ i agree with it. စာရေးကောင်းလိုက်တာ။


ပြီးခဲ့တဲ့ မတ်လ အိမ်ပြန်ရောက်တော့ အမေက ညီမအငယ်ဆုံးအကြောင်း ပြန်ပြောနေပုံလေးက မိမိကိုလူကြီးတစ်ယောက်အနေနဲ့ တိုင်ကြားနေသလို၊ လူကြီးအရာထားနေ ပုံလေး တွေ့ရလို့ စိတ်ထဲတစ်မျိုးခံစားရတယ်။ i miss her too much.

My tear were fall out after reading this article. Good writing.

ဘာပြောရမယ်မှန်းတောင်မသိအောင် ခံစားလိုက်ရပါတယ်...အရမ်းကိုကောင်းပါတယ်

Ko Ki.....I remember my mom while reading ur post....I feel sad...... !_!

ko ki   နှင့် ကျွန်တော် အမေ့ အပေါ် သတိရတဲ့စိတ်တွေတူနိုင်တယ်။ ဒါပေမယ့် ကျွန်တော်က ကျွန်တော့်ရဲ့ အမေကို မမြင်ဖူး ဘူးသိလား။ အမေလို့လည်း မခေါ်ဖူးဘူး။ ko ki က ကျွန်တော့်ထက်စာရင် အများကြီးဖြေသာပါတယ်။ အမေက ကျွန်တော် တစ်နှစ်သားလောက်ကတည်းကဆုံး သွားတာလေ။ တကယ်ပဲ ခံစားရပါတယ်။ထပ်တူထပ်မျှပါ ko ki......

အရမ်းကိုကောင်းပါတယ် ဘာကိုပြောရမှန်းမသိလောက်အောင်ပါပဲ အမေမရှိတော့တဲ့သူမို့လို့ အဖြစ်အပျက်ချင်းသာမတူရှိမယ် အမေမရှိတော့တဲ့ ခံစားချက်ကတော့ အတူတူပါပဲ

လူတစ်ယောက်ရဲ့  ကံ ကို တခြားဘယ်သူ တစ်ဦး တစ်ယောက်ကမှ ပြဌါန်းပိုင်ခွင့် မရှိဘူး ဆိုတာရယ် ၊ တကယ်ကြုံလာရပီဆိုရင် ကိုယ်ပြုခဲ့တဲ့ ကုသိုလ် အကုသိုလ် တွေကလွဲလို့ ကိုယ်ချစ်တဲ့သူတွေရော ကိုယ့်ကို ချစ်တဲ့သူတွေကရော တကယ် ဘာမှ လုပ်မပေးနိုင်ကြဘူး ဆိုတာရယ်ကို အမေက သူ့ရဲ့ နောက် ဆုံးအချိန်လေးမှာ လက်တွေ့ကျကျ သင်ပေးသွားခဲ့ပါပီ..

As I like this mother,I have shared my mother.Thank you.

It reminds me my parent a lot, tks for it..

so touching! no enough words to describe a mother's love. Thanks for the post

အရမ်းကောင်းပါတယ်။

ဒီစာကိုဖတ်ပြီးရင်ထဲမှာအရမ်းကိုပဲခံစားရပါတယ် စာသားတွေကရင်ထဲကိုတော်တော်ထိတယ်။

- i am sure you are a very good writer. u can make ppl feel it.

RSS

Featured Discussions

© 2020   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service