စင်္ကာပူပညာရေး အတွေ့အကြုံ (အပိုင်း ၁)

ရေးသူ - ခင်နှင်းစိုး

 

လွန်ခဲ့သော အနှစ် နှစ်ဆယ်ကျော်တုန်းက စင်္ကာပူနိုင်ငံတွင် အလယ်တန်းအဆင့်နှင့်အညီ Secondary School ကို ကျမ တက်ဖြစ်ခဲ့သည်။ အဲဒီအချိန်က စင်္ကာပူတွင် မြန်မာလူဦးရေ ခုလိုမများသေးတာက တကြောင်း၊ အစိုးရကျောင်းတွေမှာ နိုင်ငံခြားသား ကျောင်းသားဦးရေ မများသေးတာတို့ကြောင့် ကျောင်းဝင်ခွင့် ရဖို့ ခဲယဉ်းခဲ့သည်။ ၀င်ခွင့်စာမေးပွဲအတွက် အင်္ဂလိပ်စာ၊ သင်္ချာနှင့် သိပ္ပံတို့ကို ဖြေရသည်။

 

Secondary 1 (၇ တန်းနှင့်အညီ) မှာ ကျမ စတက်တော့၊ အခက်ခဲဆုံး နှင့် အဓိကအကျဆုံးဘာသာက အင်္ဂလိပ်စာ ဖြစ်ခဲ့သည်။ စင်္ကာပူပညာရေးစနစ်တွင် အင်္ဂလိပ်ဘာသာစကားသာ သုံးသောကြောင့် အင်္ဂလိပ်လို ပိုင်နိုင်မှ တခြားဘာသာရပ်တွေမှာလည်း နားလည်အောင် သင်ယူနိုင်မှာဖြစ်သည်။

 

မြန်မာနိုင်ငံမှာနေစဉ် အထက်တန်းအင်္ဂလိပ်စာသင်သော ကျမအမေ၏ သင်ပြမှုကြောင့် အင်္ဂလိပ်ဂရမ်မာပိုင်းမှာ အခြေခံကောင်းခဲ့သော်လည်း၊ Secondary 1 တွင် ကျမ ကြုံတွေ့ရသော စာစီစာကုံးအကြောင်းအရာများ၊ Reading Comprehension မေးခွန်းစာပိုဒ်များက ကျက်ဖြေလို့ရတာမျိုး မဟုတ်ခဲ့ချေ။ “ကျမ၏ ရည်မှန်းချက်” လို အင်္ဂလိပ် စာစီစာကုံးမျိုးသာ ရေးဖူးခဲ့သော ကျမအတွက် ဇာတ်လမ်းတပုဒ်လို စီကာပတ်ကုံး ရေးရသော စာစီစာကုံးမျိုး၊ အကြောင်းပြချက်များနှင့် တင်ပြဆွေးနွေးရသော စာစီစာကုံးမျိုး၊ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ စိတ်ကူးနှင့် ပုံဖော်ပြရသော စာစီစာကုံးမျိုးတွေကို ရေးနိုင်ဖို့ အများကြီး ကြိုးစားခဲ့ရသည်။

 

အင်္ဂလိပ်စကားလုံးကြွယ်အောင် အင်္ဂလိပ် အဘိဓာန် ကို တစ်နေ့ စာတစ်မျက်နှာ ကျက်ဖို့ ကြိုးစားခဲ့သည်။ သို့သော် အဲဒီနည်းလမ်းရဲ့ ပြဿနာက စကားလုံးများ၏ အဓိပ္ပါယ်ကိုသိနေသော်လည်း၊ ဘယ်လိုအခြေအနေမှာ ဆီလျော်အောင် သုံးရမယ်ဆိုတာ မသိ။ နောက်ပိုင်း အဲဒီနည်းလမ်းကိုရပ်ပြီး၊ နေ့စဉ်ထုတ် သတင်းစာတွေဖတ်၊ အပတ်စဉ် အင်္ဂလိပ် ၀တ္ထုတို ၊ ၀တ္ထရှည် တအုပ်လောက် အနည်းဆုံးဖတ်သည့်နည်းကို လုပ်ခဲ့သည်။ ဖတ်ထားတဲ့ထဲက စကားလုံးအသစ်တွေ၏ အဓိပ္ပါယ်ကိုရှာ၊ ဘယ်လိုသုံးထားတယ်ဆိုတာကို လေ့လာ၊ တချို့ ကြိုက်သော အသုံးအနှုံးများကို ရေးမှတ်ထားပြီး၊ စာစီစာကုံးရေးသောအခါ ပြန်ထည့်သုံးရသည်။

 

အင်္ဂလိပ်စာအုပ်များ စဖတ်ခါစက စာမျက်နှာတိုင်းတွင် မသိသောစကားလုံး အများအပြား ပါဝင်ခဲ့သည်။ မသိသော စကားလုံးတိုင်း၏ အဓိပ္ပါယ်ကိုရှာပြီး ဖတ်ရတာ အလွန်နှေးခဲ့သည်။ တဖြည်းဖြည်းနှင့် စာဖတ်များလာတော့ စကားလုံးအသစ်များကို ထပ်ခါတလဲလဲ ဖတ်ဖြစ်သွာပြီး၊ အဓိပ္ပါယ်တွေ မှတ်မိသွားသည်။ နောက်ပိုင်းတွင် မသိသောစကားလုံးနည်းလာပြီး စာဖတ်ပိုမြန်လာခဲ့သည်။

 

Reader’s Digest ထဲက ကိုယ်တွေ့ဖြစ်ရပ် ဇာတ်လမ်းများက စာစီစာကုံးရေးရာတွင် ကျမအတွက် အထောက်အကူဖြစ်ခဲ့သည်။ ကျမသူငယ်ချင်းတချို့က စာစီစာကုံးအရေးအသား အလွန်ကောင်းကြသည်။ သို့သော် သူတို့ကို ဂရမ်မာပိုင်းအရ  ရှင်းပြခိုင်းလျှင်၊ မရှင်းပြတတ်။ သူတို့က ငယ်စဉ်တည်းက အင်္ဂလိပ်လိုပြော၊ အင်္ဂလိပ်စာ သင်လာသောကြောင့် အင်္ဂလိပ်စကားကို အင်္ဂလိပ်လို တိုက်ရိုက်တွေးတတ်သော အကျင့်ရှိနေပြီးသားဖြစ်သည်။

 

ကျောင်းတွင် ကျမသူငယ်ချင်းများက စင်္ကာပူနိုင်ငံသားများဖြစ်သောကြောင့်၊ အမြဲတန်း သူတို့နှင့် အင်္ဂလိပ်လိုသာ ပြောဖြစ်ခဲ့သည်။ စင်္ကာပူနိုင်ငံတွင် Singlish ဆိုသော စင်္ကာပူအသုံးအနှုံး အင်္ဂလိပ်စကားကို အပြောများကြသည်။ ကျမက Singlish ၏ မှားယွင်းသော အသုံးအနှုံးများ၊ အသံထွက်မမှန်ခြင်းများကို မနှစ်သက်ခဲ့။ စင်္ကာပူနိုင်ငံမှာသာ နားလည်နိုင်သော Singlish မျိုးကို အင်္ဂလိပ်လိုပြောရာမှာ အကျင့်ပါသွားမည် ဆိုးသောကြောင့် သတိထားခဲ့သည်။

 

ကျမအတွက် တခြားအဓိကပြောင်းလဲချက်ကတော့ စာမေးပွဲတွင် တခါမှမမြင်ဖူးသော မေးခွန်းမျိုးကို ဖြေရတာ ဖြစ်သည်။ မြန်မာနိုင်ငံမှာတုန်းက ဒါကျက် ဒါဖြေ နည်းမျိုးနှင့် ကျက်မှတ်တတ်သော အကျင့်ကို အတော်လေး ပြောင်းလဲယူခဲ့ရသည်။ အင်္ဂလိပ်စာမှာဆို Reading Comprehension အတွက် ပြဋ္ဌာန်းစာအုပ်ထဲမှ စာပိုဒ်များကို မမေးဘဲ၊ သတင်းစာ မဂ္ဂဇင်း စသော ပြင်ပစာအုပ်များမှ စာပိုဒ်များကို သုံးခါ မေးခွန်းထုတ်သည်။ ထိုစာပိုဒ်များ၏ အကြောင်းအရာများကလည်း TOEFL မေးခွန်းတွေမှာလို အမျိုးစုံဖြစ်သည်။

 

မှတ်မှတ်ရရ ကျွန်မ GCE O-Level စာမေးပွဲ ဖြေရသောနှစ်က သမိုင်းဘာသာရပ် မေးခွန်းပုံစံပြောင်းခဲ့သည်။ ခါတိုင်းနှစ်တွေမှာလို သင်ထားသော အကြောင်းအရာကို အက်ဆေးအဖြစ် ပြန်ရေးချရတာမျိုး မဟုတ်တော့။ သင်ထားရသော အကြောင်းအရာနှင့် ပတ်သက်သော စာပိုဒ်တချို့ကို ပြဋ္ဌာန်းစာအုပ် (သို့မဟုတ်) အပြင်သမိုင်းစာအုပ်တို့မှ ကောက်နုတ်ဖော်ပြသည်။ အဲဒီစာပိုဒ်တွေကိုဖတ်ပြီး၊ ပြဋ္ဌာန်းစာအုပ်ထဲမှ သမိုင်းအချက်အလက်များကို ကိုးကားပြီး၊ ကိုယ့်အမြင်ကိုထည့်သွင်း အဖြေပေးရတာ ဖြစ်သည်။ ထိုသို့မေးခွန်းမျိုးကို ဖြေနိုင်ဖို့ ကျမတို့ သမိုင်းဆရာက ပြဋ္ဌာန်းစာအုပ်တင်မက အပြင်မှ သမိုင်းစာအုပ်များ၊ ရှေးသတင်းစာများမှ သမိုင်းအဖြစ်အပျက်များကို အသုံးချပြီး အတန်းထဲမှာ ဆွေးနွေးခဲ့သည်။

ခုခေတ်မှာတော့ ကျမတို့တုန်းကထက် သင်ကြားရေးစနစ်တွေက တိုးတက်လာသည်။ တချို့ မူလတန်းကျောင်းတွေမှာ ကျောင်းသားများကို သမိုင်းပြတိုက်သို့ လေ့လာရေးခရီးထွက်ပြီး သင်ကြားတာတွေလုပ်သည်။ တချို့ကျောင်းတွေမှာ အသေးစား သမိုင်းပြတိုက်တခု တည်ဆောက်ထားသည်။ ဥပမာ - မူလတန်းကျောင်းတကျောင်းမှာ စစ်သုံ့ပန်းတွေရဲ့ အကျဉ်းခန်းကို ပြတိုက်အသေးလေးဆောက်ပြီး ဖော်ပြထားသည်။

 

အလယ်တန်းကျောင်းတကျောင်းမှာ အင်္ဂလိပ်စာ ရသစာပေ (English Literature) ကို သင်ကြားရာမှာ၊ သူတို့သင်ကြားရသော ဇာတ်လမ်းတချို့ကို ကျောင်းသားတွေကိုယ်တိုင် ပြဇာတ်လုပ် ကပြကြသည်။ ပြဇာတ်ကဖို့အတွက် ကိုယ်သင်ရသော ဇာတ်လမ်းကို သေချာနားလည်အောင်၊ ဇာတ်ကောင်တွေ၏ စရိုက်၊ ခံစားမှု၊ အတွေးအမြင် စတာတွေကို ခွဲခြားစိတ်ဖြာဝေဖန်နိုင်အောင် ဇာတ်လမ်းကို သေချာဖတ်ကြရသည်။ အဲလိုနဲ့ သူတို့သင်နေရသော အကြောင်းအရာများကို ပေါ့ပေါ့ပါးပါးနှင့် ပိုစိတ်ဝင်စားပြီး ပိုထဲထဲဝင်ဝင် လေ့လာဖြစ်သွားသည်။

 

မူလတန်း ယောက်ျားလေးကျောင်းတကျောင်းမှာတော့ အငြိမ်မနေနိုင်သော ကျောင်းသားများကို သင်္ချာ နဲ့ သိပ္ပံဘာသာရပ်များ သင်ပြဖို့ တိရိစ္ဆာန်ရုံကို သွားသည်။ တိရိစ္ဆာန်တွေရဲ့ အလေးချိန်၊ အမြင့်၊ သူတို့ အစားအသောက် ပမာဏကို သုံးပြီး သင်္ချာတွက်နည်းတချို့ကို သင်ပြပေးသည်။ ထိုနည်းက ကျောင်းသားတွေကို သူတို့သင်နေတာတွေက လက်တွေ့ဘ၀မှာ တကယ်အသုံးဝင်ကြောင်း ပြသနိုင်သောကြောင့် သူတို့ ပိုစိတ်ဝင်စားပြီး ပိုတတ်မြောက်လွယ်သည်။

ကျောင်းမှာ ကျမအကြိုက်ခဲ့ဆုံးအချိန်ကတော့ လက်တွေ့လုပ်ရသည့် အချိန်ဖြစ်သည်။ ဓာတုဗေဒဘာသာမှာ pH scale တွေ သင်တုန်းက လစ်တမတ် (Litmus) စာရွက်ကို သုံးပြီးစစ်ခဲ့သည်။ အမည်မသိ ဒြပ်ပေါင်းတခုကို အဆင့်လိုက် တခြားအရည်များနှင့် ရောစပ် စစ်ဆေးပြီး chemical equation ဖော်ခဲ့သည်။ ကိုယ် ကိုယ်တိုင်လုပ်သော ရလဒ်များမှ အဖြေရှာရတာ အားရစရာ ကောင်းသည်။ မြန်မာနိုင်ငံတွင်လည်း ကျောင်းသားမျာအတွက် အမြဲလက်တွေ့လုပ်ရသည့်စနစ်ကို ရှိစေချင်သည်။ ကျောင်းသားအများစုက စာသင်ကြားရတွင် မျက်စိနှင့်မြင်ရလျှင်၊ လက်တွေ့လုပ်ရလျှင် ပိုတတ်မြောက်လွယ်သည်။

စင်္ကာပူနိုင်ငံရှိ Secondary School များတွင် ဘာသာရပ်များသာမက၊ Home Economics လို ချက်နည်းပြုတ်နည်း၊ ပန်းချီ၊ အားကစား၊ ပြည်သူ့နီတိ၊ လူ့ကျင့်ဝတ်တို့နှင့် ဆိုင်သော အတန်းများလည်း ပါဝင်သည်။ ကျောင်းသားများကို ဘာသာရပ်သင်ခန်းစာများသာမက ဘ၀မှာ ရင်ဆိုင်ရမည့်အရာများအတွက်ပါ  သင်ကြားပေးတာမျိုး ဖြစ်သည်။ မီးဖိုချောင်ထဲ တခါမှ မ၀င်ခဲ့ဖူးသော ကျမအတွက် ထိုအတန်းများက ဟင်းချက်နည်းဆိုတာနှင့် မိတ်ဆက်ပေးခဲ့သည်။ ဟင်းချက်တာအပြင် ကိတ်မုန့်ဖုတ်နည်း၊ စက်ချုပ်နည်းတို့လည်း သင်ပေးသည်။ ပြည်သူ့နီတိ နှင့် လူ့ကျင့်ဝတ်အကြောင်း ဘာသာရပ်များမှ နိုင်ငံသားတယောက်နှင့်ဆိုင်သော တာဝန်ဝတ္တရားများ၊ စင်္ကာပူနိုင်ငံမှ တရုတ်၊ မလေး၊ အိန္ဒိယ လူမျိုးများအကြောင်း တို့ကို လေ့လာသိရှိခဲ့ရသည်။

 

တချို့ဘာသာရပ်တွေမှာ ကျွန်မတို့ကို လေး-ငါးယောက်တဖွဲ့ စုပြီး ပရောဂျက်အသေးလေးတွေ လုပ်ခိုင်းတာမျိုးလည်း ရှိခဲ့သည်။ ပရောဂျက်အတွက် report ရေး၊ ပိုစတာဒီဇိုင်း ဆွဲရသည်။ ထိုပရောဂျက်မျိုး လုပ်လျှင် ကိုယ့်ပရောဂျက်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှာဖွေလေ့လာနိုင်ဖို့ စာကြည့်တိုက်ကို သွားရသည်။ မူလတန်းကျောင်း (Primary School)၊ အလယ်တန်းကျောင်း (Secondary School)၊ ကောလိပ်၊ ပေါ်လီတက္ကနစ် (Polytechnic)၊ တက္ကသိုလ် တို့တွင် စာကြည့်တိုက်တစ်ခုတော့ အနည်းဆုံး ရှိကြသည်။ ဒါ့အပြင် နယ်မြေတိုင်းမှာလည်း စာကြည့်တိုက်တွေ ရှိသည်။ စာကြည့်တိုက်တိုင်းမှာ ကိုးကားစရာ စာအုပ်များ၊ ရသ သုတ စာအုပ်များ၊ ကလေးစာအုပ်များနှင့် ပြည့်စုံကြသည်။

 

စာကြည့်တိုက်များကို ကလေး၊ လူငယ်၊ လူကြီး အကုန်လာချင်အောင် ဒီဇိုင်းအမျိုးမျိုးနှင့် ပြုပြင်မွန်းမံထားသည်။ စာကြည့်တိုက်၏ ကလေးများအပိုင်းမှာ သူတို့ကြိုက်တတ်သော အဆောင်အယောင် အခန်းအနားများ၊ လူငယ်များအပိုင်းမှာ ခေတ်မှီသော စားပွဲ ထိုင်ခုံများနှင့် အဖွဲ့လိုက် စာကျက်နိုင်သော နေရာများ၊ လူကြီးများတွက် အနားယူချင်စရာ နေရာများ စသဖြင့် ဖန်တီးပေးထားသည်။ ထို့ကြောင့် စာကြည့်တိုက်တွေမှာ စာဖတ်ရတာ ကလေးတွေ ပျော်မွေ့ ကြသည်။ လူငယ်တွေက သူတို့ ပရောဂျက်တွေလုပ်ဖို့ ၊ သူငယ်ချင်းတွေနှင့် စာအတူကျက်ဖို့ စာကြည့်တိုက်မှာ အချိန်ကုန်ကြသည်၊ လူကြီးတွေဟာ စာအုပ်တစ်အုပ် (သို့) မဂ္ဂဇင်းတစ်အုပ်နဲ့ အနားယူဖို့ စာကြည့်တိုက်ကိုလည်း ရောက်လာတတ်ကြသည်။


(ဆက်လက်ဖေါ်ပြပါမည်)

 

ခင်နှင်းစိုး

၂၄ မေလ ၂၀၁၂


(၃၁ ရက် မေလ ၂၀၁၂ ထုတ် Venus News Journal တွင် ဖော်ပြပြီးဖြစ်သည်)

Views: 284

Reply to This

Replies to This Discussion

ကျေးဇူးပါ အမရယ် ကျနော်တို့ လိုနိုင်ငံခြားကျောင်းသွားတတ်မယ့်

ကျောင်းသားတွေအတွက် တကယ့်ကိုအသုံးဝင်ပါတယ် ဖတ်သွားတယ်နော် ကုးလဲကူးထားတယ်

အိမ်ကလူတွေကိုပြမလို့ ..

အများကြီး ဗဟုသုတရပါတယ်

ကျေးဇူးပါ

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service