ကျောင်းဆရာ ဆရာမတွေ စာသင်ရင်းနဲ့ ကြုံရင်ကြုံသလို ပုံပြင်ဝတ္ထုတွေ ပြောပြပြီး ကျောင်းသားတွေကို ဆုံးမကြတာကို စာသင် သားတိုင်း ကြုံဖူးကြပါလိမ့်မယ်။ ကျွန်မ ငါးတန်းတုန်းက သင်္ချာဆရာမ ဒေါ်သန်းသန်းဌေးက ကိုလံဘတ်အကြောင်းကို ပြောပြပြီး လူသဘာဝလေးကို ဖွင့်ပြခဲ့ပါတယ်။

ဆရာမပြောပြတဲ့ ကိုလံဘတ်အကြောင်းက ကျွန်မတို့ ကမ္ဘာ့သမိုင်းမှာသင်ရတဲ့ နယ်မြေသစ်ရှာဖွေတဲ့ ကိုလံဘတ်လား၊ တခြား တယောက်လားတော့ မသိပါဘူး။ ဆရာမပြောပြတာ ဒီလိုပါ။ တနေ့မှာ ရှင်ဘုရင်က ကိုလံဘတ်ရဲ့ အစွမ်းအစကို လူထုပရိတ်သတ် သိအောင်ပြချင်တဲ့အတွက် အစည်းအဝေး ဆင့်ခေါ်ပါတယ်။ တက်ရောက်လာတဲ့ ပရိတ်သတ်တွေထဲမှာ ကြက်ဥပြုတ်ကို ထောင်နိုင် တဲ့သူပါရင် ထောင်ပြဖို့ ဖိတ်ခေါ်ပါတယ်။ အချို့ပရိတ်သတ်တွေက ဘုရင်ဖိတ်ခေါ်တဲ့အတိုင်း  ကြက်ဥပြုတ်ကို ကြိုးစားထောင်ကြည့် ကြပါတယ်။ ကြက်ဥက လုံးချောနေတော့ ဘယ်သူမှရအောင် မထောင်နိုင်ကြပါဘူး။ စာဖတ်သူတွေထဲမှာ ကြက်ဥပြုတ်ကို ထောင်ပြ နိုင်တဲ့သူတွေ ပါနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့ ကြက်ဥကိုထောင်လို့ ရသလဲဆိုတာလေးကို စဉ်းစားကြည့်ပြီးမှ ကိုလံဘတ်ရဲ့ နည်းလမ်းကို ဖတ်ကြည့်ရင် ပိုကောင်းပါတယ်။

ပရိတ်သတ်ထဲမှာ အစွမ်းပြမဲ့လူ မရှိတော့ဘူးဆိုတဲ့အခါ ရှင်ဘရင်က ကြက်ဥပြုတ်ထောင်ပြဖို့ ကိုလံဘတ်ကို ဖိတ်ခေါ်လိုက်ပါတယ်။ ဥာဏ်ကြီးရှင်ကိုလံဘတ်က ကြက်ဥပြုတ်ရဲ့ ထိပ်တဖက်ကို ခုံစောင်းနဲ့ အသာလေး ထုချေလိုက်ပါတယ်။ ထုချေလိုက်တော့ ကြက်ဥခွံ ကြေသွားပြီမို့၊ ကြက်ဥထိပ်တဖက်က ထောင်လို့ရအောင် ပြားသွားပါတယ်။ ဒီတော့ ကိုလံဘတ်က ထိပ်တဖက်ပြား သွားတဲ့ ကြက်ဥကို ခုံပေါ်မှာ ထောင်ပြလိုက်ပါတယ်။ ကိုလံဘတ် ကြက်ဥပြုတ်ထောင်ပြတဲ့ နည်းလမ်းက ဘာမှမခက်ပါဘူး။  လွယ်လွယ်လေး ဆိုပေမဲ့ ပုရိတ်သတ်တွေမှာမရှိတဲ့ စိတ်ကူးဥာဏ်မျိုး ကိုလံလတ်မှာရှိတာမို့ ချီးကျုးထိုက်ပါတယ်။ ဒါပေမဲ့ ဆရာမပြောပြတဲ့ ပုရိတ်သတ်ရဲ့ တုန့်ပြန်မှုက တမျိုးပါ။ ကိုလံဘတ်ကို ချီးကျူးထောပနာပြုရမဲ့အစား၊ သူ့လိုဆိုရင်တော့ ငါတို့လည်း ကြက်ဥပြုတ်ကို ထောင်ပြနိုင်တာပေါ့လို ဆိုကြသတဲ့။

ပုံပြင်ထဲက ရှင်ဘုရင်ရဲ့ ပုရိတ်သတ်တွေဟာ သူတို့မှာ ကိုလံဘတ်လို စွမ်းရည်မရှိဘူးဆိုတာကို လက်မခံကြသလို၊ ကိုလံဘတ်ရဲ့ အရည်အချင်းကိုလည်း အသိအမှတ် မပြုချင်ကြပါဘူး။ ဒါဟာ လူတွေရဲ့သဘာဝပဲ ဆိုတာကိုမြင်တတ်အောင် ဆရာမက ဒီပုံပြင် လေးနဲ့ ဥပမာပေး နှိုင်းပြခဲ့ပါတယ်။ လူတွေအများစုဟာ ကိုယ့်ကိုကိုယ်သာ အကောင်းမြင် အထင်ကြီးတတ်ကြပြီး၊ လူတဖက်သား ကို အထင်သေးလွယ် အပြစ်တင်လွယ် တတ်ကြပါတယ်။ ပညာမပြည့်တဲ့ သူတွေဟာ သူတို့သိသလောက် တတ်သလောက် ကိုအဟုတ်ကြီးထင်ပြီး၊ သူများကို အထင်ကြီးရမှန်းမသိတော့အောင် ဘောင်ကျဉ်းနေတတ် ပါတယ်။ ပညာသိပ်တတ်တဲ့ သူတွေဟာ လည်း သူသာလျှင် အသိဆုံးအတတ်ဆုံး ဆိုတဲ့မာနစိတ်နဲ့ လူတွေကို အထင်အမြင်သေးတတ် ကြပါတယ်။

ပညာရှိသူတော်ကောင်း တွေကတော့ မိမိအကြောင်းကို အမှန်တိုင်းသိကြတယ်။ မိမိအပါအ၀င်လူတိုင်းမှာ အားနည်းချက် အားသာချက် တွေရှိနေတာမို့ နိမ့်သူမြင့်သူအားလုံးကို တန်းဖိုးထားလေးစား တတ်ကြပါတယ်။ သူတထူးရဲ့ အရည်အချင်းနဲ့ ထူးချွန် ထက်မြက်မှုကို အသိအမှတ်ပြု ချီးကျူးဖို့ ၀န်မလေးကြ ပါဘူး။ ဒီလိုပညာရှိတွေပါဝင်တဲ့ လူအဖွဲ့အစည်းမှာဆိုရင် အချင်းချင်း အပြန်အလှန် တန်ဖိုးထားလေးစားကြသလို ညှိနှိုင်းဆွေးနွေးရာမှာ သဟဇာတဖြစ်လွယ်ကြတာမို့ အကျိုးကိုညီညာစွာ ဆောင်ရွက် နိုင်ကြပါတယ်။ မိမိရဲ့ယုံကြည်ချက် ကိုသာ ပုံသေအမှန်လို့ စွဲယူမထားပဲ တခြားတယောက်ရဲ့ သဘောထားအမြင်ကို ထည့်သွင်း စဉ်းစား ပါတယ်။ သူ့အမြင်ကိုယ့်အမြင်တွေကို စိစစ်သုံးသပ်ပြီး၊ အများစုအကျိုးရှိမဲ့ နည်းလမ်းကို ရွေးချယ်ဆုံးဖြတ်ကြတာမို့ အဖွဲ့အစည်း တိုးတက်အောင်မြင်ပြီး ရေရှည်တည်မြဲ ပါတယ်။ တယူသန်အတွေးနဲ့ အမြင်ကျဉ်းမြောင်း နေကြသရွေ့တော့ ညီညွတ်မှု ရဖို့ဝေးနေမှာပါ။

အရာရာ နောက်ကျကျန်နေတဲ့ မြန်မာပြည် ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်အောင် ညီညီညွတ်ညွတ် အလုပ်တွေလုပ်နိုင်ဖို့ ကျွန်မတို့ သဘောအမြင်ကျယ် ကြရပါမယ်။ မိမိတို့ရဲ့ အားနည်းချက် အားသာချက်တွေကို အစဉ်အမြဲဆန်းစစ်ပြီး၊ အားနည်းချက်ကို ကြိုးစား ပြုပြင်လို့ အားသားချက်ကို ပိုကောင်းအောင် စွမ်းဆောင်နိုင်ရပါမယ်။ လုပ်ဖော်ကိုင်ဖက်တွေ၊ လက်အောက်ငယ်သားတွေရဲ့ အားနည်းချက် အားသာချက်တွေကိုလည်း အရှိအတိုင်းမြင်နိုင် သုံးသပ်နိုင်ဖို့လိုပါတယ်။ ကိုယ့်မှာ မရှိတဲ့အရည်းအချင်း သူ့မှာရှိနေ တယ်ဆိုရင် အမြင်ကြည်လင်စွာ အသိအမှတ်ပြု လက်ခံနိုင်တဲ့ နှလုံးရည်ရှိကြဖို့ အရေးကြီးပါတယ်။

သဘောအမြင်ကျယ်ဖို့ ပထမဆင့်အနေနဲ့ ကျွန်မတို့ ကိုယ့်အကြောင်း အမှန်တိုင်းသိမှု (Self-Awareness) ရှိရပါမယ်။ မိမိရဲ့ အားနည်းချက် အားသာချက်အပြင်၊ ကိုယ်ရည်ကိုယ်သွေး၊ ခံယူချက်သဘောထားနဲ့ စိတ်ခံစားချက်တွေကို အရှိတိုင်းရိုးသားစွာ သိမြင်နိုင်ဖို့ အချိန်ရှိသရွေ့ လေ့ကျင့်နေရပါမယ်။ တစုံတယောက်ကို ဝေဖန်တော့မယ်ဆိုရင် ကိုယ်ကိုကိုယ် အရင်ဆုံးပြန် ကြည့်တတ်ဖို့ လိုပါတယ်။ လူတွေ ကိုယ့်အကြောင်း ကိုယ်အသိဆုံးလို့ ဆိုကြပါတယ်။ ကျွန်မတော့ အဲဒီလိုမထင် ပါဘူး။ ကိုယ့်အကြောင်းကိုယ် ပြန်သိဖို့ဆိုတာ လွယ်သလိုနဲ့ အင်မတန်နက်နဲ ပါတယ်။ အတိုင်းအတာတခုထိ ရင့်ကျက်မှုရှိမှသာ ကိုယ့်ရဲ့ စိတ်သဘောအမှန် အရည်အသွေးမှန်ကို ပြန်နိုင်ကြပါတယ်။

ကိုယ့်အကြောင်း ကိုယ်ပြန်သိအာင် လေ့ကျင့်တဲ့ နည်းလမ်းကောင်းတွေ များစွာရှိပါတယ်။ တနေ့ကုန်သွားရင် မိမိရဲ့တနေ့တာ အတွေ့အကြုံတွေကို ပြန်စဉ်းစားသုံးသပ်ခြင်း၊ ဒိုင်ယာရီရေးမှတ်ခြင်းဖြင့် ကိုယ်ရဲ့ ကာယကံ၊၀စီကံ၊မနောကံတွေကို ပြန်လေ့လာ ဆန်းစစ်နိုင်ပါတယ်။ နေ့စဉ်ရင်ဆိုင်တွေ့ကြုံရတဲ့ ဖြစ်စဉ်တွေအပေါ် ကိုယ်၊နှုတ်၊နှလုံး သုံးပါးနဲ့တုန့်ပြန် ဖြေရှင်းတဲ့ မိမိရဲ့စိတ်ခံစား ချက်တွေ၊ အပြုအမူ၊ အပြောအဆိုတွေကို အစဉ်အမြဲ ပြန်လည်ဆန်းစစ်ခြင်းဖြင့် မိမိရဲ့အကြောင်းကို ပိုပိုပြီးသိလာနိုင်ပါတယ်။ ဥပမာ လူတွေကကိုယ့်ကို တော်တယ်လို့ချီးမွမ်းရင် သူတို့ပြောတဲ့အတိုင်း ကိုယ်တကယ်တော်သလား ဆိုတာပြန်သုံးသပ်နိုင် ရပါမယ်။ ချီးကျူးခံရတဲ့အခါ နှစ်သက်သဘောကျမိတဲ့ မိမိရဲ့စိတ်သဘောကို သတိပြုမိရင်၊ ချီးကျုးပြောဆိုခြင်းကို လိုလားကြတဲ့ လူ့သဘာဝကို နားလည်လာပါတယ်။ သို့ကလိုပဲ လူတွေကိုယ့်ကို မကောင်းဝေဖန်တဲ့အခါ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုကို အရင်းဆုံး ပြန်ကြည့်သင့်ပါတယ်။ စိတ်ဆိုးသလား၊ စိတ်မကောင်းဖြစ်သွားသလား၊ စိတ်ဓာတ်ကျသွားသလား စတဲ့မိမိရဲ့ စိတ်အခြေအနေကို ပြန်သိနိုင်ရပါမယ်။

ဝေဖန်အပြစ်တင်မှုအပေါ် စိတ်မသက်သာဖြစ်နေရင် မိမိပြုခဲ့တဲ့ လုပ်ရပ်ကိုပဲ ပြန်သုံးသပ်ရပါမယ်။ ပြုခဲ့မိတဲ့ အားနည်းချက်၊ ချွတ်ယွင်းချက်တွေကို အမှန်တိုင်းပြန်မြင်နိုင်ပြီး၊ ပိုကောင်းအောင်ပြုပြင် ရမှာပါ။ ပိုကောင်းအောင် ကြိုးစားနိုင်တဲ့အခါ အားပေး ထောက်ခံမှု တွေပြန်ရလာပြီး၊ မိမိကိုယ်ကို ယုံကြည်မှုတွေရလာမှာ ဖြစ်ပါတယ်။ နောင်သူများရဲ့အမှားကို မြင်ရင်လည်း ကိုယ်တိုင် မှားခဲ့ ဖူးတာကိုဆင်ခြင်မိပြီး နားလည်ပေးတတ်သွား ပါတယ်။ ဝေဖန်မှုတွေကြောင့် စိတ်ဓာတ်ကျခဲ့ဖူးတာကို ပြန်အမှတ်ရမိရင် အခြားလူတွေရဲ့ အားနည်းချက်ကို စာနာထောက်ထားတတ်ပြီး၊ အပြုသဘောဆောင်တဲ့ ဝေဖန်အကြံပေးမှုတွေနဲ့ ကူညီဖေးမ နိုင်မှာဖြစ်ပါတယ်။ ကိုယ်တိုင်မှားခဲ့ဖူးတာတေ၊ွ အားနည်းချက်တွေ ပြန်သုံးသပ်တဲ့ အကျင့်မရှိရင် ပြသနာကြုံတဲ့အခါ တစုံတယောက်ကို အပြစ်ပုံချ၊ တရားခံရှာတတ်တဲ့ အကျင့်တွေစွဲနေမှာ ဖြစ်ပါတယ်။

စာဖတ်ခြင်းဖြင့်လည်း အတွေးအမြင်သစ်တွေ ရလာသလို ပြုပြင်စရာတွေကို မြင်နိုင်လာပါတယ်။  ဥပမာပြရရင် ကျွန်မတို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြာင်းတွေ၊ သူ့ရဲ့သမိုင်းဝင်မိန့်ခွန်းတွေကို ဖတ်ရတဲ့အခါ ဗိုလ်ချုပ်အပေါ် လေးစားကြည်ညိုစိတ် ဖြစ်ကြပါတယ်။ တချိန်တည်းမှာပဲ ကျွန်မတို့ သာမန်လူတွေရဲ့ စိတ်ရင်းအမှန်ဟာ ဗိုလ်ချုပ်ရဲ့ အာဇာနည် စိတ်ဓာတ်နဲ့ တခြားစီပဲဆိုတာကို သိမြင်လာပါတယ်။ ဒီလိုကိုယ့်စိတ်ထား အမှန်ကိုသိလိုက်ပြီး၊ ဗိုလ်ချုပ်အပေါ် ကြည်ညိုစိတ်က စေ့ဆော်မှုကြောင့် နိုင်ငံသားကောင်း တယောက်ဖြစ်အောင် ကြိုးစားပြုပြင်လိုတဲ့ စိတ်ဆန္ဒတွေ ဖြစ်လာပါတယ်။ ကိုယ်တိုင်ရေး  အထ္ထုပ္ပတ္တိတွေကို ဖတ်ခြင်းဖြင့်လည်း စာရေးတဲ့ပုဂ္ဂိုလ်များ သူတို့ကိုယ်ကို ဘယ်လိုပြန်ဝေဖန် သုံးသပ်ထားသလဲ ဆိုတာကို မှတ်သားအတုယူ နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အကြောင်း ကိုယ်တကယ်သိပြီး၊ ပိုကောင်းအောင် အမြဲပြုပြင်နိုင်ဖို့ စာတွေများများ ဖတ်သင့်ပါတယ်။ ပိုပြီးအဆင့်မြင့်နိုင်မယ်ဆိုရင် ရုပ်နာမ်ဓမ္မ သင်္ခါရတွေကို ရှုမှတ်ပွါးများခြင်းနဲ့ သတိပဌာန် ကျင့်စဉ်တွေဟာ  မိမိတို့ရဲ့ အတွင်းသဏ္ဍာန်ကို ပကတိအတိုင်း အသေးစိပ် ပြန်မြင်အောင်ကြည့်တဲ့ အကျင့်မြတ်တွေပါ။

အဖွဲ့အစည်းတွေမှာ အချင်းချင်း သဟဇာတဖြစ်ကြပြီး၊ ညီညွတ်မှုအားကောင်းစေဖို့ လူတိုင်းမိမိတို့ရဲ့ ကံသုံးပါးကို အမြဲပြန်ကြည့် သင့်တယ်လို့ အကြံပြုချင်ပါတယ်။ ပညာရပ်စာပေတိုင်းမှာ ပြန်လည်ကြည့်မြင် သုံးသပ်ခြင်း (Reflection) ဟာ အရေးကြီးတဲ့ အလေ့အကျင့် ဖြစ်တယ်လို့ အဆိုပြုထားပါတယ်။ ဆိုပါစို့ သူနာပြုဆရာမတယောက်ဆိုရင် နေ့စဉ်လုပ်ဆောင်နေတဲ့ သူနာပြုစုခြင်း အလုပ်တွေ၊ လူနာနဲ့ဆက်ဆံရေး အခြေအနေတွေကို အမြဲပြန်သုံးသပ်နေရပါမယ်။ ပြောင်းလဲတိုးတက်နေတဲ့ ခေတ်ကြီးမှာ အရင်က သိထားတဲ့ အကြောင်းအရာတွေဟာ မမှန်တော့တာတွေ ရှိနေပါတယ်။ အရင်ကသိထား တတ်ထားတာထက် ပိုကောင်းတဲ့ နည်းလမ်းတွေကို လက်ခံသင်ယူနိုင်တဲ့ ပွင့်လင်းတဲ့အမြင်တွေ ရှိရပါမယ်။ အတွေ့အကြုံတွေကို လုပ်ဖော်ကိုင်ဖက်များ၊ အကြီးအကဲ များနဲ့ အပြန်အလှန် နှီးနှောဆွေးနွေးခြင်း၊ အပြုသဘော ဝေဖန်အကြံပေးခြင်းဖြင့် ပြုပြင်စရာတွေ၊ အမြင်သစ်တွေ ရလာပါတယ်။ ပညာရေး၊ စီမံခန့်ခွဲရေး၊ ဖွံ့ဖြိုးရေးပညာနဲ့ အခြားပညာရပ် တွေမှာလည်း ပြန်လည်ကြည့်မြင် သုံးသပ်ခြင်းတွေရှိဖို့ အရေးကြီးပါတယ်။

ကိုယ့်ကိုယ်ကို အမြဲပြန်လည် သုံးသပ်ဆင်ခြင်နိုင်ပြီး၊ ကိုယ့်အကြောင်းကို အမှန်တိုင်းသိကြသူတွေဟာ လောကသဘာဝနဲ့ လူ့သဘောတွေကို ကောင်းကောင်း နားလည်ကြသလို စိတ်သဘောထား ကြီးကျယ်မြင့်မြတ် ကြပါတယ်။ ဒီလို သဘောထား အမြင်ကျယ်တဲ့သူတွေနဲ့ ထိတွေ့ဆက်ဆံရတာ အင်မတန် စိတ်ချမ်းသာစရာကောင်း ပါတယ်။ လူတိုင်းမိမိနဲ့ ထိတွေ့ဆက်ဆံရတဲ့ သူတွေကို စိတ်ချမ်းသာမှုပေးနိုင်ကြရင် လူ့ပတ်ဝန်းကျင်ဟာ ငြိမ်းချမ်းသာယာ နေမှာပါ။ အများအကျိုး တိုင်းပြည်အကျိုးအတွက် နိုင်ရာတာဝန်ကို နှလုံးရည်ပြည့်ဝစွာ ထမ်းဆောင်နိုင်ကြဖို့ ကိုယ်၊စိတ်၊နှလုံး ကံသုံးပါးကို အမြဲဆင်ခြင်၊ သုံးသပ် ပြုပြင်ကြစို့လို့ တိုက်တွန်းလိုပါတယ်။

 

ရွှင်လန်းချမ်းမြေ့ကြပါစေ

စံပယ်ဖြူ

အပြင်စီးမဂ္ဂဇင်း၊ စက်တင်ဘာလ ၂၀၁၂။

Views: 512

Reply to This

Replies to This Discussion

လူငယ်တစ်ယောက်ရဲ့ လတ်ဆတ်တဲ့ အတွေးနဲ့ တင်ပြပုံလေး သိပ်ကောင်းပါတယ်..။

ပုံပြင်ကလေးနဲ့ စာဖတ်သူကို စတင်ဆွဲခေါ်သွားပြီး သူပေးချင်တဲ့ မတ်ဆေ့ကို ပါးပါးနပ်နပ်ကလေး ပေးသွားနိုင်ပါတယ်..။

ဒီလိုပို့စ် ကို လူငယ်တွေ ဖတ်မိကြစေချင်တယ်..။

thank for your suggestions.

တကယ်ကို ကောင်းတဲ့ post လေး ပါ လူငယ်တွေအားလုံး ဖတ်မိစေချင်တာ တကယ်ဆန္ဒပါ၊ ပြန် share လို့ရ ရင် share ပေးချင်ပါတယ် ၊ ဒီထဲ က တစ်ချို့အပိုက် လေး ကို facebook မှာ ပြန် share ပေးချင်ပါတယ် လို့ ခွင့်တောင်းပါတယ်

Ma Nant Thin Thin Hmwe ရေ..

Sure, you can share at any site. I am very happy if you share my post to others.

 

hgjhg

thanks

RSS

Featured Discussions

© 2020   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service