ဒီတစ်ခါလည်း လွဲဦးမှာပဲလား..။


အမလေးဟဲ့….ရေများ တစ်ပိဿာပြည့် သန့်တာပါပဲအေ…ရေကိုများ ၀ယ်သာက်ရတယ်လို့….ကြား… မကြားဘူးပေါင်တော်..တဲ့..။

ရန်ကုန်ရောက်ကာစက အဆောင်ပိုင်ရှင် အဒေါ်ကြီး ပြောတာကို ကြားခဲ့ရဖူးတာပါ..။ အဲတုန်းက သောက်ရေသန့်ဗူးတွေ စ ဖြန့်ကာစ အဆောင်က မိတ်ဆွေတစ်ယောက်က အားလုံး တီဗီစုကြည့်နေကြတဲ့ နေရာမှာ ကြွားဝါချင်တဲ့သဘော ရေသန့်ဗူးလေးတကိုင်ကိုင်နဲ့ လုပ်ပြနေလို့ အဆောင်ရှင် အဒေါ်ကြီးက ပြောထည့်လိုက်တာပါ..။ တကယ်တော့ အဲတုန်းက ကျနော်တို့ အားလုံးလည်း အဒေါ်ကြီးနဲ့ တစ်သဘောတည်းပါပဲ..။ ရေ…ဆိုတာ ၀ယ်သောက်ရတဲ့ အမျိုးအစားလို့ တစ်ကြိမ်တစ်ခါမှ မတွေးခဲ့မိ မစဉ်းစားမိခဲ့ဖူးပါဘူး..။ မီးရထားနဲ့ ခရီးသွားတဲ့အခါမျိုး ရေရမယ်…ရေရမယ်…လို့ ရေအိုးလေးတွေ ခေါင်းပေါ်ရွက်ပြီး ညကြီးအချိန်မတော် ရေရောင်းနေကြ တဲ့ ရေသည် ကလေးမလေးတွေဆီက ရေ၀ယ်ပြီး သောက်ဖြစ်တာမျိုး မျက်နှာသစ်မိတာမျိုးတော့ ရှိခဲ့ဖူးတာပေါ့..။ ပုံမှန် အနေအထားမျိုးမှာတော့ ရေကို ၀ယ်သောက်ရလိမ့်မယ်…လို့ တစ်ကြိမ်တစ်ခါမှ မစဉ်းစားမိခဲ့ဖူးပါဘူး..။

ဒီနေ့ ဒီအချိန်မှာတော့ ရေသန့်ဗူးထဲက ရေကိုမှ မသောက်ရင် ချက်ချင်းပဲ ၀မ်းပျက်ဝမ်းလျှော ဖြစ်ရတော့မှာလိုလို ရိုးရိုးရေကို သောက်မိရင် ရောဂါပိုးတွေ အများကြီး ဗိုက်ထဲကို အခုချက်ချင်းပဲ ရောက်ရတော့မှာလိုလို စိုးရိမ်နေကြတဲ့အထိ ရေသန်ဗူး ယဉ်ကျေးမှုက အတော်ကလေး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေခဲ့ပါပြီ..။

အတွေးလွဲခဲ့ပုံများ ပြောပါတယ်..။

-------------------------------------

-------------------------------------

 

ကိုညီညီရာ…ခင်ဗျား အခုလုပ်နေတဲ့ အလုပ်က ကြီးပွားချင်စရာ မရှိပါဘူး….စနေ တစ်ညနေလောက် ကျနော်နဲ့ လိုက်ခဲ့စမ်းပါ…. ပြီးမှ ကိုညီညီ့ဘာသာ လုပ် မလုပ် ဆုံးဖြတ်ပေါ့…တဲ့..။

အဆောင်မှာ အတူနေ မိတ်ဆွေတစ်ယောက်က ကျနော်နေတဲ့ အခန်းလေးထဲကို တကူးတက ၀င်လာပြီး မိတ်ဖွဲ့တာမျိုး စကားစတာမျိုး ဆိုတော့…အင်းလေ လာမယ့် စနေနေ့ကျ လိုက်ခဲ့သေးတာပေါ့…လို့ ခပ်လွယ်လွယ် ကတိပေးလိုက်မိတယ်..။ စနေနေ့ တကယ် ရောက်လာတော့ ကိုယ်က မေ့မေ့ပျောက်ပျောက် ရှိနေပေမယ့် အဲဒီမိတ်ဆွေကတော့ ဘယ်အချိန်သွားမယ် အဆင်သင့်လုပ်ထားပါ ဆိုတာမျိုး အမှတ်တရ အသိပေးတာလို သတိပေးတာလို လုပ်လာမှ…အော်…ဟုတ်သားပဲ…ကျနော် လိုက်ခဲ့ပါ့မယ် ဆိုပြီး သူနဲ့ လိုက်သွားဖြစ်ခဲ့တယ်..။

လသာလမ်းမပေါ်က ခန်းမကြီးတစ်ခုထဲမှာ လူ 3-4 ရာလောက်ကို တစ်စုတစ်ဝေးထဲ တွေ့လိုက်ရတယ်..။ အားလုံးဟာ ကိုယ့်ထက်စာရင် သပ်သပ်ရပ်ရပ် ၀တ်စားထားကြသလို တစ်ယောက်နဲ့တစ်ယောက်ကလည်း ဖက်လှဲတကင်း ရင်းရင်းနှီးနှီး ရှိလှပါတယ်..။ နောက်မှ တဖြေးဖြေး သိလာရတာက လင်ဇီး ဆေး ဖြန့်ဖြူးရေး လုပ်ငန်း…တဲ့..။ မှတ်မိသလောက် ပထမဆုံး နယ်မြို့တစ်မြို့က ကိုယ်စားလှယ်တစ်ယောက် စကား စပြောပါတယ်..။ နယ်မြို့က လာတယ်လို့သာ ဆိုတယ် စကားပြောရာမှာတော့ တကယ်ပဲ ပရိတ်သတ်မကြောက် ဘာမကြောက်နဲ့ အတော်ကို ချောချောမွေ့မွေ့ ပြောသွားနိုင်တာ ကိုကြည့်ပြီး လေးစားခဲ့မိပါတယ်..။ သူ ဦးတည် ပြောသွားတာက…တစ်ချိန်တုန်းက သူဟာ သာမန် လက်လုပ်လက်စား တစ်ယောက်ပါ..တဲ့..။ 10-တန်းအထိတောင် ပညာမသင်ခဲ့ဖူးပါဘူး..တဲ့..။ ဒီ လင်ဇီးဆေး ဖြန်ဖြူးတဲ့ အဖွဲ့ထဲကို အသင်းဝင်ပြီး တက်တက်ကြွကြွ လုပ်ဆောင်ပြီးတော့မှ အခုဆို တစ်လ တစ်သိန်းကျော် ၀င်ငွေ ရနေပါပြီတဲ့..။ (အဲ အချိန်တုန်းက ကုမ္မဏီဝန်ထမ်းတစ်ယောက် လစာက တစ်လမှ 4-5 ထောင် ၀န်းကျင်ပဲ ရှိပါသေးတယ်..။) သူပြောတဲ့ တစ်လ တစ်သိန်းကျော် ဆိုတာက အတော်ကို စွဲမက်ဖွယ် ကောင်းလှပါတယ်..။ တစ်ယောက်ပြီးတစ်ယောက် အလှည့်ကျသဘောမျိုး ထ ထ ပြောကြပေမယ့် ဦးတည်ချက်ကတော့ အတူတူပါပဲ….ဒီ လင်ဇီးကို ဖြန်ဖြူးတော့မှ သူ…ဘယ်လို အဆင်ပြေလာကြောင်း သူ့ဘ၀ဟာ အစစ ပြည့်စုံလာကြောင်းတွေပါပဲ..။

ခန်းမထဲမှာ နားထောင်နေစဉ်ကတော့ ငါလည်း ဒီအလုပ်ကိုလုပ်ပြီး သူတို့လို ပြည့်စုံတဲ့ဘ၀ကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားမယ်ကွလို့ ထက်သန်စိတ်တွေ တကယ်ပဲ တဖွားဖွား ဖြစ်ပေါ်ခဲ့ပါတယ်..။ ဒါပေမယ့် ခန်းမထဲကထွက်ပြီး လိုင်းကားပေါ် တက်ကာစရှိသေး စောစောက သူတို့ ပြောခဲ့တာတွေကို ယုံကြည်တဲ့စိတ် တဖြေးဖြေးချင်း လျော့ပါးလာခဲ့သလိုပါပဲ..။ အဆောင်ပြန်ရောက်ကြတော့ အဲဒီမိတ်ဆွေကို…ဒါနဲ့…ခင်ဗျားတို့က ဘာလို့ သတင်းစာတွေ မဂ္ဂဇင်းတွေမှာ မကြော်ငြာတာလဲ… လို့မေးမိတော့…အာာာာ ကျနော် တို့က Direct Distribution ဗျ… ကြော်ငြာစရာ မလိုဘူးးးတဲ့ ချက်ချင်း တုန့်ပြန်ပါတယ်..။ ဒါဆို အစိုးရ ဆေးဝါးကွပ်ကဲရေးဌါနကနေ ခွင့်ပြုချက်ရော ရထားပြီးသားလားး ဆိုတော့…အင်းမလုပ် အဲမလုပ်နဲ့ သူကိုယ်တိုင်လည်း ဂဃနဏ မသိတဲ့ အမူအယာမျိုး လုပ်ပြပါတယ်..။

မိတ်ဆွေကို အားနာပြီး စနေ 4-ပတ်လောက် သူတို့ရဲ့တွေ့ဆုံပွဲကို တက်ဖြစ်ခဲ့ပါသေးတယ်..။ ထူး မခြားနားပါပဲ..။ လင်ဇီးသောက်ရင် 96-ပါးရောဂါတွေ အကုန်ပျောက်တဲ့အပြင် မဖြစ်ပေါ်သေးတဲ့ 97-ပါးမြောက် 98-ပါးမြောက် ရောဂါတွေကိုတောင်မှ ဖြစ်မလာအောင် တားဆီးပေးနိုင်သတဲ..။ လင်းဇီး ကို ဆောင်ထားရင် မသေတော့မယ့်ပုံမျိုး အထိ တင်စားပြောကြတာကို ခံစားလို့ မရခဲ့တာ..။ ကျနော့်သဘောထားကို ရိပ်မိသွားလို့ အဲဒီမိတ်ဆွေ ကလည်း တွေ့ဆုံပွဲတွေကို အပါတ်တိုင်း သူတက်ရောက်ဖြစ်ပေမယ့် ကျနော့်ကို လိုက်ခဲ့ပါလားးးလို့ မခေါ်တော့ပါဘူး..။ အခုလောက်ဆို အဲဒီမိတ်ဆွေ အတော်ကို ကြီးပွားနေလောက်ပြီလို့…ရံဖန်ရံခါ စဉ်းစားဖြစ်ခဲ့ ပေမယ့် ငါ…အခွင့်အရေးတစ်ခု လက်လွှတ်ဆုံးရှုံး လိုက်ရတယ်လို့ နောင်တရမိတာမျိုးတော့ မရှိသေးဘူးရယ်..။

ဒီနေ့ ဒီအချိန်မှာတော့ လင်ဇီးနဲ့ ထုတ်လုပ်ထားတဲ့ အားဆေးတွေ မြန်မာပြည်နေရာ အနှံ့ ပြန့်နှံ့ ခေတ်စားနေပြီ ဖြစ်သလို လင်ဇီးလ္ဘက်ခြောက်ဆိုတာကလည်း ရှမ်းပြည်ကထွက်တဲ့ ပင်းတယ လ္ဘက်ခြောက်ထက် အဆပေါင်းများစွာ သာတယ်လို့ ယုံကြည် လက်ခံတဲ့ သူတွေ များသထက် များလာနေပါပြီ..။ နောက်ဆို လင်ဇီးနဲ့ လုပ်ထားတဲ့ မိတ်ကပ် ၊ လင်ဇီးနဲ့ လုပ်ထားတဲ သနပ်ခါး ၊ လင်ဇီးနဲ့ လုပ်ထားတဲ့ သကြားလုံး ၊ လင်ဇီးနဲ့ လုပ်ထားတဲ့ မုန့်ပြားသလက်တွေတောင် ပေါ်ချင် ပေါ်လာတော့မှာ ဆိုတော့…အင်းးးး ငါ….အတွေးလွဲခဲ့တာပဲပေါ့..။

------------------------------------

------------------------------------

 

တစ်ခါတုန်းက သူငယ်ချင်း နှစ်ယောက်နဲ့ ကြို့ကုန်းက ဘီယာဆိုင်မှာ ထိုင်ဖြစ်ခဲ့ကြသေးတယ်..။ သူငယ်ချင်းတွေက ဆိုင်မှာ ဖွင့်ပြထားတဲ့ ဘောလုံးပွဲကို စိတ်ရောက်နေကြပေမယ့် ကျနော်ကတော့ ထုံးစံအတိုင်း တီဗီကို ကျောပေးထားမိတာမို့ ကိုယ့် မျက်စိရှေ့တည့်တည့် မှာ ရှိနေတဲ့ စားပွဲဝိုင်းကိုပဲ ငေးကြည့်နေဖြစ်ခဲ့ပါတယ်..။ ဘီယာဆိုင် အရက်ဆိုင်ဆိုတာ ကိုယ်လိုလူတွေပဲလာတာ ဘာမှ ငေးကြည့်လောက်စရာမရှိဘူး ဆိုပေမယ့် အဲတုန်းက ကျနော့် ရှေ့က ၀ိုင်းမှာ ထိုင်နေတာက အမျိုးသမီးနှစ်ယောက် အမျိုးသားနှစ်ယောက်ဗျ..။ အစပထမတော့ အငှါးလိုက်လာတဲ့ အမျိုးသမီးတွေ လို့ ထင်ခဲ့တာ…မဟုတ်ဘူးဗျ..။ စားပွဲချင်း ကပ်ရပ်မို့ သူတို့ ပြောသမျှအားလုံးနီးပါးကို ကြားနေခဲ့ရပါတယ်..။ သူတို့ပြောနေကြတာက စီးပွားရေးအကြောင်း ၊ မိသားစုအကြောင်း ၊ ဒီကနေ့ လုပ်ခဲ့တဲ့ လုပ်ငန်းတွေ အကြောင်းနဲ့ မနက်ဖြန် လုပ်ကြမယ့် အရောင်းအ၀ယ် လုပ်ငန်းတွေ အကြောင်း ပြောနေကြတာမျိုးရယ်..။ အံ့သြနေမိတာက အဲဒီ အမျိုးသမီးတွေ ကလည်း အမျိုးသားကြီးတွေနဲ့အပြိုင် ဘီယာကို တစ်ခွက်ပြီးတစ်ခွက် သောက်နေကြတာကိုပါ..။

တစ်နေ့တုန်းကပဲ သူငယ်ချင်းတစ်ယောက်နဲ့ မထင်မှတ်ဘဲ ဆုံမိပြီး လှည်းတန်းလမ်းမပေါ်က ဘီယာဆိုင်မှာ ထိုင်ဖြစ်ခဲ့ကြတယ်..။ အဲဒီမှာလည်း…အမျိုးသမီးငယ်လေးတွေ (၁၈-၁၉ ၀န်းကျင်) 4-5 ယောက်နဲ့ သူတို့နဲ့ရွယ်တူ လူငယ်လေး 2-ယောက် စုဖွဲ့ထိုင်နေကြတာကို တွေ့ရပြန်တယ်..။ အမူအယာလေး တွေ စကားပြောဟန်လေးတွေက မိကောင်းဖခင် သားသမီးလေးတွေ ကျောင်းသူကျောင်းသားတွေ ဆိုတာ ခန့်မှန်းလို့ ရနေပါတယ်..။ မွေးနေ့မို့ ဒါမှမဟုတ် စာမေးပွဲအောင်လို့ ဒါမှမဟုတ် ချစ်သူဖြစ်သွားကြလို့ စသဖြင့် အထိမ်းအမှတ်တစ်ခုခု ပြုလုပ်နေကြတာမျိုးပါ..။ အံ့သြရပြန်တာက သူတို့လေးတွေကလည်း လူမြင်ကွင်းကြီးထဲမှာ (အမူးသမားတွေ ပတ်ပတ်လည် ၀န်းရံ ထိုင်နေကြတဲ့အထဲမှာ) ဘီယာကို အေးအေးဆေးဆေး နဲ့ ပေါ့ပေါ့ပါးပါး သောက်ဟယ်စားဟယ် ပျော်ဟယ်ပါးဟယ် လုပ်နေကြတာကိုပါပဲ..။

ရေသန့်ဗူးသောက်တာကို ထူးဆန်းဖွယ်လို့ တစ်ချိန်တုန်းက တအံ့တသြပြောမိခဲ့တဲ့ အဆောင်ပိုင်ရှင်အဒေါ်ကြီး နဲ့ ကျနော်တို့တွေ ကိုယ်တိုင်လည်း ဒီနေ့ဒီအချိန်မှာ ရေသန့်ဗူး ယဉ်ကျေးမှုထဲကို စီးဝင်မျောပါနေကြရပြီ ဖြစ်သလို………..

လင်ဇီးနဲ့ ဖော်စပ်ထားတဲ့ ဆေးဝါးတွေ လင်ဇီးနဲ့ ပြုလုပ်ထားတဲ့ စားသောက်ဖွယ်ရာတွေ ဒီနေ့ဒီအချိန်မှာ တကယ်ပဲ ကျယ်ကျယ် ပြန့်ပြန့် တွင်ကျယ်လာနေပြီဖြစ်သလို………….

အရက်ဆိုင်ရှေ့ လမ်းဖြတ်လျှောက်ဖို့တောင် တွန့်ဆုတ်လေ့ရှိကြတဲ့ မြန်မာမလေးတွေ ဘီယာဆိုင်ထိုင်လိမ့်မယ် အရက်သောက် လိမ့်မယ်…လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့မိတာတွေလည်း ဒီတစ်ခါ လွဲဦးမှာပဲလားးးးးးးးးးး

Views: 738

Reply to This

Replies to This Discussion

မြန်မာမလေးတွေ ဒီပို့စ်လေးဖတ်ပြီး ယဉ်ကျေးမှုကို မြတ်နိုးတတ်ကြပါစေ။

Your article is very good.Go on.

Thanks for your article

RSS

Featured Discussions

© 2020   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service