ဆိုတော့ကာ (ညီငယ်တစ်ယောက်၏လေသံအား အတုခိုးထားခြင်း) ဒေါက်တာပွ ၏ ဂျီပီအကြောင်း ရေးပြရလျှင်ကား ကုန်နိုင်ဖွယ်မရှိသော်လည်း  ထူးထူးဆန်းဆန်းလူနာများနှင့် ဟာသ အဖြစ်အပျက်များအား ပြန်လည်ဝေမျှရန် အာသီသ ဖြစ်မိ၏။ ဆိုတော့ကာ.......

        တစ်နေ့သော် ဒေါက်တာပွ တစ်ယောက်  ဗိုက်ဆာသည်နှင့် ဆေးခန်းရှေ့မှ မုန့်လင်မယား ၅၀၀ ဖိုးဝယ်ကာ လူနာပြတ်တုန်း အပီဆွဲရန် ပြင်ဆင်နေစဉ် လူကုံထံ ပုံစံပေါက်သော အမျိုးသမီး တစ်ယောက် အဖော်တစ်ယောက်နှင့် အတူ ၀င်ချလာ၏။ ဒီတော့ ဒေါက်တာပွ တစ်ယောက် ပလုတ်ပလောင်း ဖြစ်နေသော ပါးစပ်ကို လက်နှင့် အသာသုတ် ထိုလက်ကို ပုဆိုးနှင့် မသိမသာ ပွတ်ကာ မေးမြန်းရ၏။

 

    " ဆရာက ဆရာလား"

 

    " ဗျာ"  ဘယ်လိုမေးခွန်းကြီးပါလိမ့်။ မသိရင်ပဲ ဆရာက ဆရာ မဟုတ်လို့ ဆရာမ ဖြစ်ရမှာလား သမီးရယ်

 

    " အော် မဟုတ်ဘူးလေ အရင်က ထိုင်သွားတဲ့ ဆရာ မဟုတ်ဘူးနော် အဲဒါကြောင့်ပါ"

 

         ထိုသို့သော ဆရာစွဲ ရှိသောသူများကိုလည်း မကြာ ခဏ ကြုံရပါ၏။ တချို့ဆို ခန်းဆီးလေး အသာလှစ်ကြည့်ကာ အရင်ဆရာလည်း မဟုတ်ဘူး ဆိုပြီး ရုပ်တည်နှင့် ပြန်ထွက်သွားကြသူများလည်းရှိသေးသည်။ မသိရင်ပဲ အခုဆရာက ဘာကြီးလိုလို ညာကြီးလိုလို။ ရှိစေတော့။ ထို လူကုံထံ အမျိုးသမီးအား ဆက်မေးမြန်းရ၏။

 

   " ဟုတ်ကဲ့ ဘာဖြစ်လို့လဲဗျ"

    " အော် ဒီလို ဆရာရယ် ကျွန်မ ကိုယ်ဝန် ရှိ မရှိ စမ်းသပ်ချင်လို့ပါ"

 

    " အဲ အခု လနုသေးရင်တော့ ဆီးစစ်တာရယ် အာထရာ ဆောင်းရယ်နဲ့ပဲ ကိုယ်ဝန် ရှိမရှိ ပြောလို့ရမယ်ဗျ။ ဒီအတိုင်း နားကြပ်တင်လိုက်တာနဲ့တော့ ပြောလို့မရဘူး"

 

    " အင်း ဒီလို ဆရာရဲ့ လမ်းထိပ်က သားဖွားဆရာမကတော့ ကိုယ်ဝန် ရှိနေတယ် ပြောလို့လေ ပိုသေချာသွားအောင် ဆရာ့ဆီ လာပြတာပါ ကျွန်မက ခုမှ သားဦးမို့ပါ"

 

   " တိန်" ဒွတ်ခ  သားဖွားဆရာမကတော့ ဒေါက်တာပွအား မလေပြီ။ ဘယ်လိုဘယ်ပုံနှင့် ဆီးမစစ် အာထရာဆောင်း  မရိုက်ဘဲ ကိုယ်ဝန်ရှိတယ်လို့ တန်းပြောရပါ့ ။ မပြောနိုင်ရင်လည်း သားဖွားဆရာမလောက်တောင် မကျွမ်းကျင်ဘူးအပြောခံရတော့မယ်။

 

   " မဟုတ်ဘူးဗျ ဆီးစစ်တဲ့ ပစ္စည်းနဲ့ အရင် အိမ်မှာ စစ်ကြည့်ပါ အုံး မသေချာမှ အာထရာဆောင်း ရိုက်ကြည့်တာပေါ့ လက္ခဏာ ပြရုံနဲ့တော့ ရှိတယ် မရှိဘူး တန်းပြောလို့မရဘူးဗျ "

 

   " ရှိနီုင်ပါတယ် ဆရာရယ် ကျွန်မ ဖန်ဆင်းရှင် လည်း မလာတာ နှစ်လ ရှိပြီ ဆရာရဲ့"

 

   " ဖန်ဆင်းရှင် ဟုတ်လား"  ဒေါက်တာပွ တစ်ယောက် အနည်းငယ် ခေါင်းစားသွား၏။ ဘာပါလိမ့် ဖန်ဆင်းရှင် ဆိုတာ နားကြားပဲ လွဲတာလား ဒီတော့ မတတ်နိုင် တခါတလေ လူနာတွေဆီက ပြန်သင်ယူရသည်လဲ ရှိသကိုး။ ထပ်မေးမြန်းရ၏။

 

    " အဟဲ ကျွန်တော် နားမရှင်းလို့ဗျ ဖန်ဆင်းရှင်ဆိုတာ ဘာကိုပြောတာလဲဟင်"

 

      ထို အခါ အနှီ လူနာမှာ ဒေါက်တာပွ အား ပိန်းလိုက်တာ ဟူသော အကြည့် ဖြင့် ကြည့်လိုက်တာ

 

     " ဆရာကလည်း သွေးပေါ်တာကို ပြောတာလေ"

 

      " တိန် သေလိုက်ပါတော့ အမိရယ်"။ အမှန်က သူပြောချင်တာက အမျိုး သမီးများ တစ်လ တစ်ခါ သွေးပေါ်ခြင်း( Menstruation) ကို ဗမာလို ပက်ပက်စက်စက် အသံထွက် မွေးစားလိုက်လေရာ ဖန်ဆင်းရှင် ဖြစ်သွားလေ၏။

   ထို့နောက် အနည်းငယ် အာပေါက်အောင် ရှင်းပြပြီးသော အခါ ထိုအမျိုး သမီးမှာ အကြောဆေး တစ်လုံးသွင်းကာ ပြန်သွားလေတော့သည်( စကားချပ်- ထိုအမျိုး သမီး သည် ယောက်ျားလေး ဖွားမြင်ပြီး ယခုထိတိုင် ဒေါက်တာပွ ၏ ဆေးခန်းတွင် အမေရော သားပါ လူနာ အဖြစ် ဆက်လက် ကုသမှု ခံယူနေလေ၏)

 ထိုကဲ့သို့ အင်္ဂလိပ်ဆေးနာမည် ရောဂါ နာမည်များအား ဗမာမှု ပက်ပက်စက်စက်ပြုကြသူများ အများအပြားရှိကြသေး၏။ တချို့လူနာ များမှာ အနည်းငယ် ဗဟုသုတ ရှိသဖြင့် ရောဂါ နာမည် ဆေးနာမည်များအား ဘိုလို ညှပ်ကာ မှုတ်သူများလည်းကြုံဖူးသည်။  ထိုအခါ ဒေါက်တာပွမှာလည်း အားကျမခံ ဘိုလိုပြန်မှုတ်ရလေသည်။ တစ်ခါကလည်းကြုံဖူးသည် ဆေးထိုးလိုက်၍ နာသည်ကိုပင် ဘိုလို အော်သော လူနာ ။ ဘာတဲ့ သူအော်တာ ။

 

" အိုးမိုင်ဂါးးးးးး ဆိုးဟာ့ထ် ( Oh my god , so hurt) "

 

 ဒီတော့ ဒေါက်တာပွလည်း အားကျမခံ

 

  " ဘီခူးလ် ဘီခူးလ် ( Be cool , be cool) " ပေါ့လေ။ မတတ်နိုင် ရေလိုက် ငါးလိုက်ပေါ့ ။

ဒေါက်တာပွ ဘေးမှ အခွေဆိုင်နှင့် ဒေါက်တာပွ ဆေးခန်းမှာ ထရံ တစ်ချပ်သာ ခြား၏။ ဆေးခန်းဖွင့်စတုန်းက ဒေါက်တာပွ လူနာ မရ၍ ဆေးပုလင်းစီသလိုလို စာအုပ်ဖတ်သလိုလို ဂယောင်ဖတ်နေချိန်တွင် ထို ခွေဆိုင်သို့ ခွေလာငှားသော လူတစ်ယောက်မှ 

 

"့ကျွန်မ ကလေးဖျားနေတာ နှစ်ရက်တောင်ရှိပြီ ဆေးစပ်တိုက်တာလည်း မသက်သာဘူး ဆေးခန်းကလဲဝေးတော့ မသွားနိုင်ဘူး ဖြစ်နေတယ် "

ထို အသံအား ကြားသောအခါ ဒေါက်တာပွတစ်ယောက် ဒီမှာ လေဆရာဝန် ရှိပါတယ် ဆေးခန်းလဲ ရှိပါတယ်ဟု ကိုယ်ယောင်ပြေးပြချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာမိသည်မှာ အမှန်ပင်။ ဘယ့်နှယ် ဒီဆေးခန်းကြီး တစ်ခုလုံးတောင် မတွေ့ဘူးလားဗျာ ဟု အော်သာ မေးလိုက်ချင်သည်။သည်းခံ ဒေါက်တာပွ သည်းခံ ။တစ်ခါတစ်လေ ကျိုက်ထီးရိုးဘုရားရှီ စားသောက်ဆိုင်များလူခေါ်သလို ဒီမှာ ဆေးခန်းပါ ခင်ဗျ သွေးပေါင်လည်း ချိန်လို့ရပါတယ် ဆေးတစ်ခါထိုးမှ ၁၅၀၀ ထဲပါ ဈေးချိုပါတယ် ဟု အပြင်ထွက် အော်ခေါ်ချင်စိတ်ပေါက်သည်အထိ လူနာ ပါးလွန်းလှသည်။ အော် အခုမှ အသစ်ဖွင့်တာကိုး သည်းခံ ဒေါက်တာပွ သည်းခံ။

ပြီးလျှင် ဒေါက်တာပွ စိတ်အညစ်ဆုံးမှာ ကလေးများ ဆေးခန်းလာပြခြင်းပင်။ တချို့ ကလေးများမှာ အကျင့်ကောင်းသော်လည်း တချို့မှာ ဒေါက်တာပွ အားမြင်သည်နှင့် ဘယ်ဘ၀က ရေစက်မှန်းမသိ အားရပါးရငိုချလေတော့သည်။ စမ်းသပ်လျှင်လည်း အစမ်းမခံ ။ နားကြပ်တောင် အထောက်မခံ။ တခါတလေ စအိုထဲ ပါရာစီတမော အတောင့်ထည့်မည်ဆိုလျှင်တောင် နှစ်ယောက်ခန့် ချုပ်ထားမှသာလျှင် အဆင်ပြေ၏။ ထို ကလေးကား ဆေးခန်းမှ ပြန်အထွက် ဒေါက်တာပွ အား မျက်လုံးစိမ်းကြီးနှင့် နာကျည်းသော အကြည့်ကြည့်ကာ ပြန်ထွက်သွားသည်ကိုလဲ မကြာခဏ ကြုံဖူး၏။ ယခုနောက်ပိုင်း သတင်း သိုးသိုးသန့်သန့် ကြားရသည်မှာ အိမ်တွင် ကလေးငယ်များ အချို မတရားစားလျှင်ပဲ ဖြစ်ဖြစ် မတရားဆော့လျှင်ပဲ ဖြစ်ဖြစ် " အေး ငါဆရာဝန်ပြေးခေါ်လိုက်ရမလား " ဟု ဆိုလျှင် အဆိုပါ ကလေးငယ်မှာ ချက်ချင်းပင် လိမ်မာသွားသည် ဟူ၍" ။ အိမ်း အဆိုပါ ကလေးငယ်များကြီးလာလျှင် ဒေါက်တာပွ အား ချောင်းမရိုက်လျှင် ကံကောင်း။

 တစ်ခါတစ်လေ ရောဂါနာမည်အား တပ်သည်မှာ ကွက်တိ ဖြစ်တတ်သလို တစ်ခါတစ်လေလည်း တက်တက်စင်အောင်လွဲဖူးသည်လဲ ဖြစ်ဖူးသေး၏။ ဟိုတလောကပဲ လူနာ အမျိုး သမီးတစ်ယောက် ရင်ခေါင်းက အကြီး အကျယ်အောင့်သောကြောင့် ဒေါက်တာပွ ဆီ လာပြ၏။ ဒေါက်တာပွ ရောဂါနာမည် တပ်ပေးလိုက်သည်က အစာအိမ်ရောင်။ ထို့ကြောင့် ထိုကုသနည်းအတိုင်း ကုသပေးလိုက်ပြီး အစာ မာမာ မစားရန် မှားကြားလိုက်သေးသည်။ သို့သော် လူနာမှာ မသက်သာ သဖြင့် ဆေးရုံသို့ နောက်နေ့တွင်လွှဲပေးလိုက်သော အခါ ဆေးရုံမှ အာထရာ ဆောင်းရိုက် ကြည့်ရာတွင် တကယ့်ရောဂါ အမှန်မှာ သည်းခြေတွင် ကျောက်တည်ခြင်း ဖြစ်နေလေ၏။ ဒီတော့ ဒေါက်တာပွမှာ လူနာရှင်အား မျက်နှာချိုသွေးရလေတော့သည်။ မဟုတ်ဘူးဗျ ဆရာဝန်တွေက ဗိုက်နာလို့ရောက်လာတဲ့သူတွေဆို ကြောက်တယ်ဗျ ဘာလို့လဲဆိုတော့ ဗိုက်နာမည်ကိုက Magic box တဲ့ ။ ခဏ ခဏ မျက်လှည့်ပြလွန်းလို့လေ စသည် စသည် ပြောရဖောရတော့၏။ အမှန်တကယ်လည်း ဗိုက်အောင့် ဗိုက်နာနှင့်ရောက်လာသော လူနာများအား ဒေါက်တာပွ ကြောက်ပါ၏။ အမှန်တကယ်ပင် အနှီ ဗိုက်မှာ တစ်လုံးဆို တစ်လုံးဆိုသလောက် မျက်လှည့်ပြတတ်လွန်းသောကြောင့်ပင်။

တချို့ ရောဂါတွေဆိုလျှင် ဘာရောဂါမှန်း အမည်တပ်၍ပင် မရလောက်အောင် ပြောတတ်သော လူနာများလည်းကြုံဖူးပါသေး၏။

    ဥပမာ- " ဆရာ ကျွန်တော်လေတက်လာရင် ခေါင်းထဲ ဝေကနဲ ဝေကနဲ ဖြစ်ဖြစ်သွားတယ် အဲ့ဒါ Gelmag တစ်လုံး စားလိုက်ရင် လေလည်သွားမှ ဝေတာ ပျောက်သွားတယ်။ ဒါပေမယ့် အဲဒီဝေတာလည်း ပျောက်သွားရော ကိုယ်တွေပူလာပြီး ခြေဖျားလက်ဖျားတွေအေးလာရော ။ အဲ့ဒီမှာ တဖန်ပြန်ဝေလာပြန်ရော"။ သူပြောတာ နားထောင်ကြည့်လိုက်တာ ဒေါက်တာပွ ပါ ခေါင်းတွေ ဝေကုန်၏။ မည်သို့မည်ပုံမျှ ချိတ်ဆက်၍ မရ။ ဘာရောဂါမှန်းလည်း အမည်တပ်လို့မရ ဒီတော့ ထင်တာ ရမ်းကြိတ်ရလေသည်။ ဒေါက်တာပွ ၏ ပညာရည် မပြည့်ဝမှုကြောင့်သာ ဖြစ်မည်ထင်၏။

 

 တစ်လောက အမျိုးသမီးတစ်ဦးနှင့် သူ၏ အမျိုးသား ဖြစ်သူတို့ ဆေးခန်းသို့ ပေါက်ချလာသည်။ အကြောင်းမှာ ကိုယ်ဝန်ပျက်ကျပြီး တစ်ပတ်ခန့် အကြာတွင် သွေးများဆင်း၍ ဖျားလာခြင်းကြောင့် ဖြစ်သည်။ ဒီတော့ အာထရာဆောင်းရိုက်ထားလားဆိုတော့ ထိုနာမည်ကိုပင် မကြားဖူးပေ။ ကဲ ဒါဆိုလည်းရှိစေတော့။ အာထရာဆောင်းရိုက်ရမယ် ဖြစ်နိုင်တာက အသားစ အကြွင်းအကျန်များ ပုပ်၍ ပိုးဝင်ကာ ဖျားနာခြင်း ဖြစ်နိုင်သည် အကယ်၍ ကျန်နေသေးလျှင် သားအိမ်ခြစ်ရမည် ဆိုတော့ အာထရာဆောင်းတော့ရိုက်ပါမည်။ သားအိမ် ဘယ်မှာ သွားခြစ်ရမလဲ ဆရာဆိုတော့ ဆေးရုံတက်ခြစ်ပေါ့ ဆေးရုံမှာဆို ပိုးသတ်ထားတဲ့ အခန်းထဲမှာ ခြစ်ရတာဆိုတော့ ပိုးမွှားအန္တရာယ် မရှိတော့ဘူးပေါ့ ဆိုတော့။

 

" ဆရာရယ် ဆေးရုံတက်ဖို့က ပိုက်ဆံ ဘာညာ သာရကာ %$#%^*^ ပေါ့လေ ။ ဒီတော့ ဒီဆေးခန်းမှာပဲ ဆရာ ခြစ်ပေးလို့မရဘူးလားဆိုတော့

 

" အေးဟယ် ငါလဲ ခြစ်ပေးချင်ပါတယ် ဒါပေမယ့် ငါ့ဆီမှာကလည်း နင့်သားအိမ်ကို ခြစ်စရာဆိုလို့ ဇွန်းတောင် မရှိဘူး"

 

ဆိုတော့ သူတို့အနားမှာ သားဖွားဆရာမ တစ်ယောက် မွေးခန်းဖွင့်ထားသည် ထို အခန်းတွင် ခြစ်ပေးပါ ဆိုတော့ ပိုးမွှားကင်းရဲ့လား ဟုမေးလိုက်ရာ

 

" အို ဆရာကလည်း ပိုးသတ်ဆေးဗူး တစ်ဗူးဝယ်ပြီး ဖျန်းလိုက်မယ်လေတဲ့" ။ ကောင်းလိုက်တဲ့ အကြံ အစည်။

 နောက်တော့ ဒေါက်တာပွ ၏ အတင်းတိုက်တွန်းမှုကြောင့် ဆေးရုံတွင်သာ ခြစ်လိုက်လေသည်။ သားအိမ်ခြစ်သည်နှင့် ပတ်သက်၍ နယ်တွင် တစ်ခေါက် သားအိမ်ခြစ်စဉ်က သားအိမ်မခြစ်ခင်  မွေးလမ်းကြောင်းချဲ့တုန်းရှိသေး ထိုအမျိုးသမီး၏ ယောင်ယမ်း၍ မျက်နှာကို ခြေထောက်နှင့် လှမ်းကန်တာလဲ ခံခဲ့ရဖူးသည်။ နောက်တော့ ထိုအမျိုးသမီးမှ ပုဆိုးတစ်ထည်နှင့် လာရောက်တောင်းပန်ကန်တော့သွား၏။ အင်း မျက်နှာ တစ်ခါ အကန်ခံရင် ပုဆိုးတစ်ထည်ဆိုတော့ တန်တယ်ပဲ ပြောရတော့မလိုလိုပင်။

 ဟောက်စ်ဆာဂျင် ဘ၀တုန်းက ကလေးစမွေးသော အခါ assist လုပ်ရ၏။ Assist ဆိုသည့် အတိုင်း ဗာဟီရပေါ့ သွေးထွက်များလာရင် သုတ်ပေး ကတ်ကြေးလိုလျှင် လှမ်းယူပေးစသည် နှင့် အတွေ့အကြုံ ယူရ၏။ တစ်ခါတစ်လေ သားဦး ကလေးအမေများ မညှစ်တတ်လေတော့ အီးပါသလို ညှစ် အီးပါသလို ညှစ်ဟု ဆရာဝန်မှ လှမ်းအားပေးသော အခါ ကလေးအမေမှလည်း အီးပါသလို ညှစ်ချလိုက်ပါသည်။ ကလေးတော့ ထွက်မလာ ။ အီးတုံးလေးများသာ အစီ အရီ ထွက်ကျလာ၏။ ထိုအခါ ဗာဟီရ ဒေါက်တာပွ အား ကလေးမွေးပေးနေသူ စီနီယာမှ မျက်စပစ်ပြလေသော အခါ ဒေါက်တာပွလည်း အလိုက်တသိနှင့်ပင် အီးကျုံး ရလေတော့သည်။ ထိုအကြောင်း အား အမေ့အား ပြောပြလေသော အခါ မွေးသမိခင်မှ ဒေါက်တာပွအား နာမည်တစ်ခု ပေးလိုက်လေသည်။ " အကျုံး " တဲ့။

 မိုးတွင်းကာလဆိုလျှင် ဒေါက်တာပွ အတွက် အလွန် အဆင်ပြေ၏။ ဖျားကြနာကြသည်ကိုး။ ဒေါက်တာပွတို့ ဘ၀ကလည်း သူများနေမကောင်းမှ ပိုက်ဆံရသလို ဘာကြီးမှန်းကိုမသိ။ တစ်ခါတစ်လေ ကံကောင်းတာလား ကံဆိုးတာလား မသိ ။ လာပြတုန်းက လူနာကတစ်ယောက် ။ ထိုလူနာအားဆေးထိုးသည်ကို ကြည့်ပြီး မူးမေ့လဲသွားကြသော အဖော်အဖြစ်ပါလာသူများလဲ ရှိကြသောအခါ အလိုလိုနေရင်း လူနာ နှစ်ယောက် ရဖူးသည်လဲ ရှိသေး၏။ ပြီးတော့ အရပ်အခေါ် ပုလင်းကြီး ချိတ်သည်ပေါ့လေ ။ အဲ့ဒီ ပုလင်းကြီး ချိတ်နေစဉ် လူနာမှာ အပေါ့ မတရား သွားချင်လာသောကြောင့်လူနာအဖော်လည်း မပါသဖြင့် ထိုပုလင်းအားလက်မှ ကိုင်ကာ အိမ်သာ အပြင်ဘက်တွင် ထိုင်စောင့်ပေးခဲ့ရသည်လည်း ရှိသေးသည်။ ဘာပဲ ပြောပြော အတွေ့အကြုံသစ်ပေါ့။ ပြီးလျှင် ဆေးဖိုးရှင်းသော အခါ ပိုက်ဆံ အပြဲများပေးတတ်သော လူနာများလည်းရှိသေးသည်။ ထိုအခါ ဒါလေးလဲပေးပါအုံးဟု ပြောရန် မကောင်းသော အခါ ယူထားလိုက်ရသည် ရှိသလို တချို့ လူနာများက အကြံကောင်း ပေးသွားတတ်သေးသည်။

 

"တိတ်လေးနဲ့ ကပ်သုံးလိုက် ဆရာ " တဲ့။

 

တစ်ခါကလည်း အမျိုးသား တစ်ယောက် ဆီးပူ ညောင်းကျ (ဂနို) ဖြစ်သဖြင့် ရာဇ၀င်အားမေးရ၏။

 

" ခင်ဗျား မိန်းမရှိလား"

 

" မရှိပါဘူး ဆရာ"

 

" ဒါဆို အပျော်အပါးလိုက်စားလား"

 

" ဟုတ်ကဲ့ တစ်ခါတစ်ရံပေါ့ ဆရာရယ် ယောက်ျားဆိုတော့လည်း"

 

" အင်း ဒီတစ်လ အတောအတွင်းရော အဲ့လို ပျော်ပါးဖူးလား"

 

" ဟုတ်ကဲ့ ဆရာ အဲ့ကောင်မလေးက ကပြားမလေးဆရာ ချောလဲ အတော်ချောတယ် သဘောလဲကောင်းတယ် ဆရာရဲ့ ရှယ်ပဲ"

 

" ဟုတ်လား ကောင်းတာပေါ့ ဟာာာာာ ဒီလူ ဘာမဆိုင်တာတွေ လျှောက်ပြောနေတာလည်း မေးနေတာတခြား ဖြေနေတာ တခြား "

ထိုသို့သော လူနာများလည်း လတ်လတ်ဆတ်ဆတ် တွေ့ဖူးပါ၏။ မသိရင်ပဲ ကိုယ်က သူ့ကို ပွဲစား လုပ်ခိုင်းနေသလိုလို ဘာလိုလိုနဲ့ ကြော်ငြာသွားသေးသည်။

 

ဒေါက်တာပွတို့ အချင်းချင်း ပြောကြသော စကားရှိသေးသည်။ ထိုအရာမှာ ဂိုက်သင်ရာမှ ရသော ၀င်ငွေအား ကျောင်းသား မျက်ရည် ဟူ၍၄င်း ၊ ဆေးခန်းထိုင်ရာမှ ရသော ၀င်ငွေအား လူနာမျက်ရည် ဟူ၍၄င်း နာမည်ပေးထားကြ၏။  ဟုတ်တော့လည်း ဟုတ်သလိုလိုပင်။ သို့ပေမယ့် သမာအာဇီဝ မို့ ဒေါက်တာပွ လိပ်ြ့ပာလုံပါ၏။  ယခုလည်း ဒေါက်တာပွ တစ်ယောက် လူနာမျက်ရည်များအား တရှပ်ရှပ်ရေတွက်ရင်းနှင့်ပင် နေ့သစ်များ၏ အတွေ့အကြုံ သစ်အတွက် စောင့်စားရင်း

 " ကိုး ၊ တစ်ဆယ်၊ ဆယ့်တစ်"

credit to Ko Pwa Gyi

Views: 1006

Reply to This

Replies to This Discussion

Is it real story of Dr. Pwa? or I think it is Real story for all doctors.

i  just share his experience and writing skill :D

RSS

Featured Discussions

© 2020   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service