Glitterbombing လက်လက်ကြဲဗုံး လို့ ကြားရင် မဟတ္တမဂန္ဓီ ဘယ်လို နားလည်မလဲ။ နောက်သလို ပြောင်သလိုနဲ့ အလေးနက် ဆန္ဒပြတဲ့ နည်းလမ်းတစ်မျိုးဖြစ်တယ်။ ခပ်ကြမ်းကြမ်း ဆန္ဒပြလို့လည်း ရတယ်။ မင်္ဂလာဆောင်မှာ သတို့သား သတို့သမီးအပေါ် ကြဲတဲ့ ရောင်စုံ လက်လက် စက္ကူစ သေးသေးလေးတွေနဲ့ မကျေနပ်တဲ့သူကို ပစ်ပေါက်တာဖြစ်ပါတယ်။ များသောအားဖြင့် homophobia လိင်တူဆက်ဆံသူတွေကို ရွံမုန်း တတ်တယ်လို့ စွပ်စွဲခံရသူတွေကို glitterbombing လက်လက်ကြဲဗုံး ပစ်ပြီး ဆန္ဒပြတတ်ကြတယ်။ မကြာသေးမီက အမေရိကန်ပြည်ထောင်စု ရီပတ်ဘလီကင်ပါတီ သမ္မတလောင်းတွေ အားလုံး လိုလို တစ်ချိန်မဟုတ် တစ်ချိန် glitterbombing လက်လက်ကြဲဗုံး ပစ်ပြီး ဆန္ဒပြတာ ခံရဖူးကြတယ်။ ဘဏ္ဍာရေး ၀န်ဆောင်မှု လုပ်ငန်း လုပ်တဲ့သူတွေ ဥပမာ ဘဏ်လုပ်ငန်းရှင်တွေကို မကျေနပ်လို့ အဲဒီလုပ်ငန်းတွေ စုဝေးရာ Wall Street ဝေါစထရိ မှာ နေရာယူပြီး ဆန္ဒပြကြတဲ့ Occupy Wall Street ဆန္ဒပြသမားတွေလည်း glitterbombing လက်လက်ကြဲဗုံး ပစ်တဲ့ နည်းဗျူဟာကို အသုံးပြုကြတယ်။


ဒီထက် ညင်သာပျော့ပြောင်းတဲ့ ဆန္ဒပြနည်းတစ်ခုကတော့ yarn bombing ချည်ထိုးဆန္ဒပြခြင်း ဖြစ်တယ်။ knit graffiti လို့လည်း ခေါ်တယ်။ နိုင်ငံရေးသမားတွေ၊ ဘဏ်လုပ်ငန်းရှင်တွေကို ဆန္ဒပြတာ မဟုတ်ဘဲ ပျင်းစရာကောင်းတာ၊ အထူးအဆန်းစိတ်ဝင်စားစရာ မရှိတာကို ဆန္ဒပြတာဖြစ်တယ်။ တိရစ္ဆာန်ပုံ အရုပ်ကို ချည်နဲ့ ထိုးပြီး အများပြည်သူ သွားလာတဲ့ နေရာမှာ ထားတာမျိုး၊ တောက်ပတဲ့ ရောင်စုံသိုးမွှေးထိုး အစတွေနဲ့ လမ်းညွှန် ဆိုင်းဘုတ်တွေ၊ မော်တော်ကားတွေ၊ တယ်လီဖုန်းရုံ တွေကို ရစ်ပတ်ဖုံးအုပ် ထားတာမျိုး ဖြစ်တယ်။ အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ်က အစပြုတဲ့ ဒီဆန္ဒပြနည်းကို Lauren O'Farrell ဆိုတဲ့ အမျိုးသမီးက လန်ဒန်မှာ အသုံးပြု ဆန္ဒပြရာက ပြန့်ပွားသွားတာဖြစ်တယ်။ ‘bombing’ ဗုံးကြဲတယ်ဆိုတာဆိုတာ ကြမ်းတမ်းလွန်းတယ်ဆိုပြီး yarnstorming ချည်ထိုးခြုံလွှမ်းခြင်း လို့ သုံးနှုန်းတယ်။ storming ဆိုတာကတော့ အလုံးအရင်းနဲ့ ၀င်ရောက်လာတာကို ဆိုလိုပါတယ်။ yarn ကတော့ အထည်အလိပ်တွေ ရက်လုပ်ရာမှာ သုံးလို့ရတဲ့ ချည်မျှင် ဖြစ်ပါတယ်။ Lauren O'Farrell က ကင်ဆာရောဂါ ကုလို့ ပျောက်တာကို အထိမ်းအမှတ်အနေနဲ့ လည်စည်းအကြီးကြီး သိုးမွှေးထိုးပြီး လန်ဒန်မြို့ Trafalgar Square ထရာဖာလ်ဂါ ရင်ပြင်မှာ ရှိတဲ့ ခြင်္သေ့ရုပ်တွေကို သွားခြုံပေးထားပါသတဲ့။


အဲဒီလောက် အရောင်မစုံပေမယ့် ပိုပြီး အလေးအနက် ဆန္ဒပြပုံ တစ်မျိုးကတော့ SlutWalk ဆိုတဲ့ အမျိုးသမီးများ မလုံ့တလုံ ၀တ်ဆင်ပြီး လမ်းလျှောက် ဆန္ဒပြပွဲဖြစ်ပါတယ်။ ကနေဒါနိုင်ငံမှာ ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက အမျိုးသမီးများ လုံလုံခြုံခြုံ ၀တ်စားဆင်ယင်ကြမယ်ဆိုရင် ပိုပြီး အန္တရာယ်ကင်းမှာ ဖြစ်ပါတယ်လို့ ပြောတဲ့အတွက် မကျေနပ်တဲ့ အမျိုးသမီးတွေက တုံ့ပြန်ဆန္ဒပြတာ ဖြစ်ပါတယ်။ မပေါ့်တပေါ် မလုံ့တလုံ ၀တ်ဆင်ပြီး ချီတက်ဆန္ဒပြကြတဲ့ အဲဒီ အမျိုးသမီးတွေကို SlutWalker မလုံ့တလုံ ၀တ်ဆင်ဆန္ဒပြသူများ လို့ ခေါ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ အဲဒီလို ဆန္ဒပြပွဲတွေ လုပ်ကြတယ်လို့ ဆိုပါတယ်။


ဆိုရှယ်မီဒီယာ တွေရယ်၊ အခြားဆက်သွယ်ရေး ပုံစံတွေရယ် အဆက်မပြတ် တိုးတက်လာတော့ citizen journalism သာမန် ပြည်သူလူထုက သတင်းမှတ်တမ်းခြင်း ဆိုတာ ထွန်းကားလာပါတယ်။ ကမ္ဘာ့ ဖြစ်ရပ်တွေကို ကိုယ်တွေ့ကြုံရတဲ့ သာမန်ပြည်သူလူထုက ရိုက်ကူး ရေးသား ထုတ်လုပ်တာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာ ဥပမာတွေ အများကြီး ပြလို့ရတယ်။ ဥပမာ အိုဆာမာဘင်လာဒင် ရဲ့ ဘ၀နိဂုံး အကြောင်းကို အိုင်တီအတိုင်ပင်ခံ Sohaib Athar ဆိုတဲ့သူက live-tweeting ခေါ်တဲ့ အချိန်နဲ့ တစ်ပြေးညီ တွစ်တာမှာ စာတိုကလေးတွေ ရေးတင်တာမျိုး ဖြစ်ပါတယ်။ ဒီလိုမျိုး အချက်အလက် ဆက်သွယ် ပေးပို့ပုံဟာ ဆန္ဒပြရာမှာ အားကောင်းတဲ့ နည်းလမ်းကိရိယာတစ်မျိုး ဖြစ်လာနိုင်တယ်။ သက်ဆိုင်ရာ နိုင်ငံရဲ့ အစိုးရက ဖုံးကွယ်ထားချင်တဲ့ ဖြစ်ရပ်တွေကို တစ်ကမ္ဘာလုံး အာရုံစိုက်မိအောင် လုပ်နိုင်တယ်။


နည်းပညာသစ်တွေ ပေါ်လာတော့ အဲဒီနည်းပညာတွေကို သုံးတဲ့ ဆန္ဒပြနည်းသစ်တွေလည်း ပေါ်လာတယ်။ Hacktivism ဆိုပါတော့။ Hacker ဟက်ကာ ခေါ်တဲ့ သူတပါး ကွန်ပျူတာထဲ အင်တာနက်ကနေ ၀င်ပြီး လုပ်ချင်တာလုပ်တဲ့သူတွေက Activist တက်ကြွလှုပ်ရှားသူတွေ လုပ်တဲ့ အလုပ်မျိုးကို ကွန်ပျူတာနဲ့ လုပ်တာမျိုးကို ခေါ်တယ်။ ပုံစံကတော့ အမျိုးမျိုးရှိတယ်။ ကုမ္ပဏီ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုရဲ့ ၀က်ဘ်ဆိုက်ထဲကို ၀င်ပြီး ရေးချင်တာတွေ ၀င်ရေးသွားတာမျိုး၊ ၀က်ဆိုက်ထဲ အခြားသူတွေ ၀င်လို့မရအောင် သုံးလို့မရအောင် (denial of service attack ၀န်ဆောင်မှု ငြင်းပယ်ခြင်း တိုက်ခိုက်မှု ဆိုတာမျိုးတွေ) လုပ်တာမျိုးလည်း ရှိတယ်။ နောက်ပြီး ကွန်ပျူတာကို အဲဒီလောက် အဆင့်မြင့်မြင့် မတတ်ကျွမ်းပေမယ့် လူတစ်စုက အချင်းချင်း တိုင်ပင်ပြီး ၀က်ဘ်ဆိုက်တစ်ခုတည်းကို ၀ိုင်းဝင်ကြတာလည်း ရှိသေးတယ်။ ၀က်ဘ်ဆိုက်က မနိုင်မနင်းဖြစ်ပြီး မူလ ရည်ရွယ်ရင်း အလုပ်တွေ မလုပ်နိုင်တော့အောင် web sit-in အင်တာနက်က ၀င်ရောက်ဆန္ဒပြတာ လို့ ခေါ်တယ်။ အဲဒီလို လုပ်သူတွေ အားလုံးကို စုပေါင်းပြီး hacktivist ကွန်ပျူတာသုံးပြီး တက်<ကလှုပ်ရှားသူတွေလို့ ခေါ်တယ်။


ကွန်ပျူတာသုံးတဲ့ ဆန္ဒပြပုံ အပျော့စားတစ်မျိုးကတော့ မောက်စ်နဲ့ ကလစ်လုပ်ပြီး ဆန္ဒပြတဲ့ clicktivist ကလစ်လှုပ်ရှားသူတွေ ဖြစ်တယ်။ အင်တာနက်ကနေ မေတ္တာရပ်ခံစာ online e-petition တစ်ခု ဖွင့်လှစ်ထားပြီး အဲဒါကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ၀ိုင်းပြီး ကလစ်လုပ်ပေးကြတာ ဖြစ်ပါတယ်။ ဥပမာ ယူကေနိုင်ငံမှာဆိုရင် ဘယ်မေတ္တာရပ်ခံစာမဆို လူပေါင်း တစ်သိန်းက အမည်ဖော် ထောက်ခံပေးမယ်ဆိုရင် ပါလီမန်မှာ အဲဒီကိစ္စကို ထည့်သွင်းဆွေးနွေးပေးမယ်ဆိုပြီး ယူကေအစိုးရက ကတိပြုထားတာ ရှိပါတယ်။ လူတစ်သိန်းအမည် ရရှိခဲ့တဲ့ ပထမဆုံး မေတ္တာရပ်ခံချက်က ဘာလဲဆိုရင် ယူကေမှာ မကြာသေးမီ နှစ်တစ်နှစ် နွေရာသီတုန်းက အဓိကရုဏ်းတွေ ဖြစ်ပါတယ်။ အဲဒီမှာ ပါဝင်ပြီး လုယက်ခိုးဆိုးခဲ့ကြသူတွေကို နိုင်ငံတော်က ပေးနေတဲ့ လူမှုဖူလုံရေး ခံစားခွင့်တွေ မပေးတော့ဖို့ လူထုက ၀ိုင်းဝန်း မေတ္တာရပ်ခံတာ ဖြစ်ပါတယ်။ အချို့ ကိစ္စတွေမှာ ဒီလို ဆန္ဒပြမှုမျိုးက အတော် ထိရောက်ပါတယ်။ (ဥပမာ ဗြိတိန်နိုင်ငံက သစ်တောတွေကို အစိုးရက ရောင်းမလို့ စီစဉ်တော့ လူထုက ကလစ်လှုပ်ရှားမှု နည်းလမ်းနဲ့ ကန့်ကွက်လိုက်တာ အစိုးရက မရောင်းတော့ဘူးလို့ ဆုံးဖြတ်ပါတယ်။) ဒီဆန္ဒပြနည်းကို အချို့လူတွေက slacktivist ရေသာခိုလှုပ်ရှားသူ တွေ ဒါမှမဟုတ် keyboard warrior ကွန်ပျူတာ ကီးဘုတ်သူရဲကောင်း တွေ လို့ နှိပ်ကွပ်ကြတာလည်း ရှိပါတယ်။ ဆန္ဒပြလှုပ်ရှားရာမှာ ထိုင်ရာမထဘဲ ဆန္ဒပြချင်တယ်၊ ထိုက်သင့်တဲ့ အားထုတ်မှု မလုပ်ချင်ဘူးဆိုပြီး နှိပ်ကွပ်သုံးနှုန်းတာ ဖြစ်ပါတယ်။


လုပ်ငန်းစုတွေ ဘဏ်လုပ်ငန်းတွေကို အဓိကထားလာကြပြီး စီးပွားရေး ပျက်ကပ်ဖြစ်တဲ့အထိ တရားလွန်တွေ လုပ်ကြတာကို ကန့်ကွက်တဲ့ activist investor ရင်းနှီးမြှုပ်နှံလှုပ်ရှားသူ ဆိုတာလည်း ရှိသေးတယ်။ အဲဒီလို လူတွေက ကုမ္ပဏီတစ်ခု အလုပ်လုပ်ပုံကို ကန့်ကွက်ချင်တဲ့အခါ အဲဒီကုမ္ပဏီက ထုတ်ရောင်းတဲ့ ရှယ်ယာတွေကို ၀ယ်ထားတယ်။ ပြီးတော့ တစ်နှစ်တစ်ကြိမ် လုပ်တဲ့ ကုမ္ပဏီလုံးကျွတ် အစည်းအဝေးပွဲကို တက်ပြီး မကျေနပ်တာတွေကို ကန့်ကွက်တယ်။


အဲဒီဆန္ဒပြနည်းတွေထဲက တစ်ခုကိုမှ မကြိုက်ဘူးဆိုရင် complaints choir မကျေနပ်ဘူးဂီတ၀ိုင်း ဆိုတာ လုပ်လို့ ရသေးတယ်။ မကျေနပ်တာတွေကို သီချင်းလုပ်ပြီး အားလုံးကြားအောင် သီဆိုတာ ဖြစ်ပါတယ်။ ဘာမင်ဂမ်မြို့က လူတစ်စု အဲဒီလို လုပ်တယ်လို့ ကြားသိရပါတယ်။ သူတို့အုပ်စုက ဆိုထားတဲ့ သီချင်းတွေကတော့ သုံးပြီးသားပစ္စည်းတွေကို ပြန်ပြီး ချက်လုပ် သုံးစွဲနိုင်အောင် လုပ်ပေးမယ့် စက်ရုံတွေ မရှိတဲ့အကြောင်း၊ ဘတ်စကားမောင်းသူတွေ ရင့်သီးတဲ့အကြောင်း၊ ဘီယာဈေးနှုန်းတွေ မတတ်နိုင်တော့တဲ့ အကြောင်း အဲဒါမျိုးတွေပါ။ မကျေနပ်ဘူးဂီတ၀ိုင်းတွေ ဟယ်လ်ဆင်ကီမြို့၊ ဟမ်းဘတ်မြို့ စသည်ဖြင့် တစ်ကမ္ဘာလုံးအထိ ပြန့်နှံ့တယ်လို့ ဆိုပါတယ်။ ဆန္ဒပြနည်းတွေထဲမှာ အထိရောက်ဆုံးတော့ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါပေမယ့် ကြားသိရသူတွေအားလုံး ပြုံးသွားကြမှာတော့ အမှန်ဘဲ။

Views: 2243

Reply to This

Replies to This Discussion

အသုံးအနှုန်းအသစ်အဆန်းတွေလေ့လာ
ခွင့်ရလို့ကျေးဇူးပါဗျာ

thanks!

အသုံးအနှုန်းအသစ်အဆန်းတွေလေ့လာ
ခွင့်ရလိုthank u par shint

Thank you for sharing new phrases.

ကျေးဇူးတင်ပါတယ် ခင်ဗျား။

what a good post!

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်...

thanks

thank u for this post.

thanks

မိုက်တယ်

Thank you very much indeed for New Modern Strike Words.

RSS

Featured Discussions

© 2018   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service