ရှေ့ဆက်ရမယ့်ခရီး - ၂

 

အချိန်က မနက် ခြောက်နာရီကျော်ကျော်လေးပဲရှိပါသေးတယ်။

            မနက်ခြောက်နာရီကျော်ကျော်လို့ဆိုပေမယ့် ဆောင်းအကုန်နွေအကူးကာလဆိုတော့ လမ်းပေါ်မှာ တစ်ယောက်နဲ့တစ် ယောက် သဲသဲကွဲကွဲရှင်းရှင်းလင်းလင်းမြင်ရတဲ့အနေအထားတော့ မဟုတ်သေးပါဘူး။ အမှောင်ကနေအလင်းဘက်ကို ကူး ပြောင်းခါစ နံနက်ခင်းဆည်းဆာချိန်လို့ ပြောရမယ်ထင်ပါတယ်။

            အဲဒီအချိန်မှာ ကုမ္ပဏီဝန်ထမ်းတွေဖြစ်တဲ့ ကျွန်တော်တို့ဇနီးမောင်နှံဟာ နေပြည်တော်ရဲ့ အထင်ကရလမ်းမကြီးဖြစ်တဲ့ ရာဇသင်္ဂဟလမ်းမကြီးပေါ်ကို ဆိုင်ကယ်တစ်စီးနဲ့ရောက်နေပါပြီ။ ဒါကလည်း ကျွန်တော်တို့ဇနီးမောင်နှံအတွက် တစ်နေ့တာကိစ္စ မဟုတ်ပါဘူး။ကျွန်တော်အိမ်ငှားနေတဲ့လယ်ဝေးမြို့ကနေ ကုမ္ပဏီလုပ်ငန်းခွင်ရှိတဲ့ဟိုတယ်ဇုန်ကို မနက်ခြောက်နာရီခွဲအရောက် သွားရတာမို့ အချိန်မှီဖို့အရေး နေ့တစ်ဓူဝ စောစောစီစီး သွားလာနေရတာပါ။

နေပြည်တော်မှာ ဆိုင်ကယ်စီးနေကျလူတစ်ယောက်အနေနဲ့ လမ်းမပေါ်မှာ အဆင်မပြေတာလေးတွေ၊ အခက်အခဲ လေးတွေ၊ အမြင်မတော်တာလေးတွေကိုတော့ နေ့စဉ်လိုလိုမြင်တွေ့နေကျပါ။ အဲဒီလိုမြင်တွေ့နေရတာတွေအများကြီးထဲကမှ ဒီနေ့တွေ့ရတဲ့ပုံစံလေးကတော့ နည်းနည်းလေးထူးဆန်းနေသလိုပါပဲ။

တွေ့ရတဲ့ပုံစံလေးကိုမပြောခင် နေပြည်တော်ရာဇသင်္ဂဟလမ်းကြီးရဲ့ လက်ရှိအနေအထားကိုပြောပြပါမယ်။ ရာဇသင်္ဂ ဟလမ်းမကြီးဟာ အသွားလေးလမ်းသွား၊ အပြန်လေးလမ်းသွားပုံစံနဲ့ အလယ်မှာ လမ်းလယ်ကျွန်းခံထားတဲ့ ရှစ်လမ်းသွားလမ်းမ ကြီးပါ။ နေပြည်တော်ကြီး စတင်တည်ဆောက်ခါစအချိန်ကတည်းကခင်းထားခဲ့တဲ့  ရှစ်လမ်းသွား ကွန်ကရစ်လမ်းမကြီးပေါ့။

အခုတော့ အဲဒီ တစ်ဘက်လေးလမ်းသွားလမ်းမကြီးရဲ့ အသွားအပြန်နှစ်ဘက်စလုံးမှာ အတွင်းဘက်ယာဉ်ကြောနှစ်ခုစီ ကို နိုင်လွန်ကတ္တရာခင်းလိုက်ပါတယ်။ ဆိုလိုတာက တစ်ဘက်လေးလမ်းသွားရှိတဲ့အထဲကမှ အတွင်းဘက်နှစ်လမ်းကို နိုင်လွန် ကတ္တရာခင်းပြီးတော့ ကျန်တဲ့နှစ်လမ်းသွားကိုတော့ နဂိုကအတိုင်း ကွန်ကရစ်လမ်းအတိုင်းပဲ ထားတဲ့သဘောပေါ့။ အသွားအပြန် နှစ်ဘက်စလုံး အဲဒီပုံစံအတိုင်းလုပ်ထားတာပါ။

နောက်တစ်ခုက နိုင်လွန်ကတ္တရာခင်းထားတဲ့နှစ်လမ်းသွားနဲ့ ကွန်ကရစ်အတိုင်းထားတဲ့နှစ်လမ်းသွားကို သံပန်းတွေနဲ့ ကာရံ ခွဲခြားထားပါသေးတယ်။

ပြီးတော့ အနှေးယာဉ်နဲ့ကုန်တင်ယာဉ်တွေကို ကွန်ကရစ်ခင်းထားတဲ့နှစ်လမ်းသွားမှာ မောင်းနှင်အသုံးပြုဖို့နဲ့၊ လူစီး ယာဉ်တွေကိုတော့ နိုင်လွန်ကတ္တရာခင်းထားတဲ့လမ်းပေါ်ကနေမောင်းနှင်အသုံးပြုဖို့ လမ်းညွှန်ဆိုင်းဘုတ် တပ်ထားပါသေးတယ်။

ဒီလောက်ဆိုရင်တော့ နေပြည်တော်ရာဇသင်္ဂဟလမ်းမကြီးရဲ့အနေအထားကို မြင်သာထင်သာရှိလောက်ပြီထင်ပါ တယ်။

ဒါဆိုရင် စောစောကကျွန်တော်ပြောပြမယ်ဆိုတဲ့ လမ်းပေါ်ကအနေအထားလေးကို ပြောပြပါမယ်။

ကျွန်တော်ပြောခဲ့သလို မနက်ခင်းဆည်းဆာအချိန်လေးမှာ ကျွန်တော်စတွေ့တာက ဆိုင်ကယ်တစ်စီးပါ။ ပြီးတော့ သူ့ နောက်မှာကပ်လျှက်လိုက်လာတာက စက်ဘီးတစ်စီးပါ။ ကျွန်တော်ကတော့ လမ်းညွှန်ဆိုင်းဘုတ်အတိုင်းလိုက်နာပြီး လမ်းရဲ့ လက်ယာဘက်အစွန်ဆုံးဖြစ်တဲ့ ကွန်ကရစ်လမ်းပေါ်ကနေ မောင်းနေပါတယ်။ အခုနက ဆိုင်ကယ်နဲ့စက်ဘီးကတော့ အမြန်ကား တွေအတွက် သီးသန့်သတ်မှတ်ထားတဲ့ တတိယယာဉ်ကြော နိုင်လွန်ကတ္တရာလမ်းမပေါ်ကို တက်မောင်းနေတာပါ။

ကျွန်တော့်အမျိုးသမီးကို လက်ကုတ်လိုက်ပြီး `တော်တော်သတ္တိကောင်းတဲ့လူတွေကွာ၊ ဆိုင်ကယ်နဲ့စက်ဘီးကို သတ် မှတ်လမ်းကြောင်းကနေမမောင်းပဲ ကားလမ်းကြောင်းပေါ်ကိုတက်မောင်းနေကြတယ်´လို့ ပါးစပ်ကပြောနေရင်း အဲဒီ ဆိုင်ကယ်နဲ့ စက်ဘီးကို သေချာလှမ်းကြည့်မိတော့ ----

ဆိုင်ကယ်ကိုစီးလာတာက အမျိုးသားပါ။ အဲဒီဆိုင်ကယ်ပေါ်မှာက ထော်လာဂျီတစ်စီးစာနီးပါးလောက်ရှိတဲ့ ကုန်စိမ်း  တွေကို မနိုင်မနင်းတင်လာတာပါ။ သာမန်ဆိုင်ကယ်စီးတတ်တဲ့လူတစ်ယောက်အနေနဲ့ဆိုရင် ဒီဆိုင်ကယ်လဲမကျဖို့ကိုတောင် တော်တော်လေးဂရုစိုက်ပြီး စီးရလိမ့်မယ်ထင်ပါတယ်။ ပြောရရင်တော့ အိုဗာဝိတ်ဆိုင်ကယ်ပေါ့ဗျာ။

အဲဒီဆိုင်ကယ်နောက်မှာကပ်ပါလာတဲ့ စက်ဘီးကိုစီးလာတာက အမျိုးသမီးတစ်ယောက်ပါ။ စက်ဘီးပေါ်မှာတော့ ဘာမှ တင်ထားတာမတွေ့ပါဘူး။

ဒီအထိ ကျွန်တော် နားလည်လို့ရပါသေးတယ်။ အံသြစရာလည်းမဟုတ်သေးပါဘူး။ ထူးခြားတယ်လို့လည်း မထင်မိ သေးပါဘူး။ သေချာကြည့်လိုက်မိလို့ သဲသဲကွဲကွဲမြင်လိုက်ရတဲ့အနေအထားမှာတော့ ကျွန်တော် သူတို့လုပ်ရပ်တွေအတွက် အံလည်းအံသြမိပါတယ်၊ စိတ်လည်းတိုမိပါတယ်၊ လက်ဖျားလည်းခါမိပါတယ်၊ စိတ်လည်းတော်တော်ပျက်မိပါတယ်၊ သနားစိတ် တွေလည်း တဖွားဖွား ၀င်လာမိပါတယ်။

ဘယ့်နှယ့်ဗျာ ဒီလို မမြင်ဝိုးတ၀ါးအချိန်မျိုးမှာ သတ်မှတ်ယာဉ်ကြောမဟုတ်တဲ့ အမြန်ယာဉ်ကြောကနေပြီးတော့လည်း တက်မောင်းသေးတယ်၊ တင်သင့်တဲ့အနေအထားအထားထက်ပိုတဲ့ ပစ္စည်းတွေကိုလည်း ဆိုင်ကယ်ပေါ်မှာတင်ထားသေးတယ်။ ဒါလောက်တင်မကပဲ နောက်ကပါလာတဲ့စက်ဘီးကို ကြိုးတစ်ချောင်းတပ်ပြီး ဆွဲခေါ်လာသတဲ့လေ။

နောက်ကအမျိုးသမီးကတော့ စက်ဘီးကိုအားစိုက်နင်းရတာမဟုတ်ပဲ ဆိုင်ကယ်ဆွဲအားနောက်မှာ လွယ်လွယ်ကူကူ လေးလိုက်လာရတာဆိုတော့ ကြွကြွရွရွလေးနဲ့ ခေါင်းလေးမော့ပြီး ပြုံးပြုံးကြီးတောင် လုပ်ပြနေသေးရဲလေ။

သူတို့ကတော့ သူတို့လုပ်ရပ်အတွက် မှားတယ်လို့လည်း ထင်ကြပုံမရပါဘူး။ သူတို့ကိုစိတ်ပျက်လက်ပျက် လှမ်းကြည့် နေမိတဲ့ ကျွန်တော်တို့ဇနီးမောင်နှံကိုလည်း အလေးထား ဂရုစိုက်ရမှန်းလည်း မသိကြပါဘူး။

သာမန်လုပ်ရိုးလုပ်စဉ်အလုပ်တစ်ခုကို လုပ်နေကျအတိုင်း လုပ်မြဲလုပ်နေတဲ့ပုံစံမျိုးနဲ့ ပေါ့ပေါ့ပါးပါးတက်ကြွ လန်းဆန်း နေကြလို့ပေါ့ဗျာ ။

ကျွန်တော်ကတော့ သူတို့အနေအထားကိုကြည့်ပြီး တော်တော်လေးကို စိတ်ပျက်မောပန်းသွားမိပါတယ်။

တကယ်တော့ သူတို့လုပ်ချင်သလိုလုပ်နေတဲ့နေရာဟာ ဒီမိုကရေစီစနစ်ကူးပြောင်းစနိုင်ငံတစ်ခုအဖြစ် တစ်ကမ္ဘာလုံးက စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးမြို့တော်ကြီးမှာပါ။ အဲဒီမြို့တော်ကြီးရဲ့ အထင်ကရလမ်းမကြီးတစ်ခု ဖြစ်တဲ့ ရာဇသင်္ဂဟလမ်းမကြီးပေါ်မှာပါ။

အဲဒီရာဇသင်္ဂဟလမ်းမကြီးပေါ်ကနေ ကျွန်တော်တို့နိုင်ငံရဲ့ အရေးကြီးပုဂ္ဂိုလ်တွေဖြစ်တဲ့ နိုင်ငံတော်သမ္မတကြီးအပါအ ၀င် ပြည်ထောင်စုဝန်ကြီးတွေ၊ အဆင့်မြင့်အရာရှိကြီးတွေ အချိန်မရွေး ဖြတ်သန်းသွားလာနေတတ်ကြပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးကလာရောက်လည်ပတ်ကြတဲ့ နိုင်ငံတကာက သမ္မတကြီးတွေ၊ နိုင်ငံတကာက ၀န်ကြီးချုပ်တွေ၊ နိုင်ငံတကာက အဆင့်မြင့်အရာရှိကြီးတွေ ဥဒဟို ဖြတ်သန်းသွားလာနေတတ်ကြပါတယ်။

ရန်ကုန်၊မန္တလေးအစရှိတဲ့နေရာတွေကနေ  အရှိန်မြင့်မားစွာနဲ့မောင်းနှင်လာကြတဲ့ကားကြီးတွေကလည်း ဒီလမ်းမကြီး ပေါ်ရောက်လာတဲ့အထိ အရှိန်လျှော့ရကောင်းမှန်းမသိသေးပဲ တရစပ် မောင်းနှင်သွားလာနေတတ်ကြပါတယ်။

အဲဒီလိုမျိုးလမ်းမကြီးပေါ်ကို အိုဗာဝိတ်တင်ထားတဲ့ဆိုင်ကယ်တစ်စီးက အလင်းရောင်ကောင်းကောင်းမရသေးတဲ့အချိန် မှာ တက်မောင်းခွင့်မရှိတဲ့လမ်းကြောပေါ်ကိုတက်ပြီး လူတစ်ယောက်တက်လိုက်လာတဲ့စက်ဘီးတစ်စီးကို ကြိုးနဲ့ဆွဲပြီး မောင်းရဲ တယ်ဆိုတာ ကျွန်တော်တော့ဖြင့် စောစောကပြောခဲ့သလို တော်တော်လေးလည်း အံသြ၊ စိတ်ပျက်၊ ဒေါသထွက်၊ ၀မ်းနည်းတုန် လှုပ်မိပါတယ်။

သာမန်လူတစ်ယောက်အတွက် လုပ်ရဲဖို့တော်တော်ခက်တဲ့ကိစ္စတစ်ခုပါ။

ဒါပေမယ့် ကျွန်တော်ကတော့ လက်တွေ့ကျကျ မြင်နေတွေ့နေရပါပြီ။

ဒီလိုလုပ်ရပ်ကိုလုပ်တဲ့သူတွေအတွက် ဘာတွေဖြစ်နိုင်မလဲ ကျွန်တော်ဆက်တွေးကြည့်မိပါသေးတယ်။

ပထမဆုံးအနေနဲ့ ယာဉ်စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့နဲ့တွေခဲ့ရင် သတ်မှတ်ယာဉ်ကြောမှာ မမောင်းတဲ့အတွက်ဖြစ်စေ၊ စက်ဘီးကို မဆင်မခြင်ကြိုးနဲ့ဆွဲခေါ်လာတဲ့အတွက်ဖြစ်စေ၊ အနည်းဆုံး ငွေဒဏ်လောက်တော့ အရိုက်ခံရပါလိမ့်မယ်။

ဒီအချိန်မှာ အရေးကြီးပုဂ္ဂိုလ်တွေရဲ့ ယာဉ်တန်းတွေ သွားတာပြန်တာနဲ့မတော်တဆတွေ့ကြုံခဲ့ရင်လည်း ကိုယ့်အတွက် အရေးမကြီးဘူးလို့ထင်ထားတဲ့ပြုမူချက်ကလေးတစ်ခုဟာ အချိန်ကိုတန်ဘိုးထားပြီး ကြီးမားတဲ့တာဝန်တွေကိုထမ်းဆောင်နေကြ သူတွေရဲ့လမ်းခရီးကို အနှောက်အယှက် အဟန့်အတားတစ်ခု ဖြစ်စေနိုင်တယ်။

အရှိန်အနေအထားအရကွာဟလွန်းတဲ့ စက်ဘီးနဲ့ဆိုင်ကယ်ကို ကြိုးနဲ့တွဲချည်ထားတဲ့အတွက် တစ်ချက်မှားတာနဲ့ စက် ဘီး(သို့မဟုတ်)ဆိုင်ကယ်တစ်စီးမဟုတ်တစ်စီး အချိန်မရွေးလဲကျသွာနိုင်သလို စက်ဘီး(သို့မဟုတ်)ဆိုင်ကယ်ပေါ်မှာပါလာတဲ့ လူတစ်ယောက်ယောက် အချိန်မရွေးပြုတ်ကျ၊ နာကျင်၊ သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။

အမြန်လမ်းမက ၀င်ရောက်လာတဲ့ အဝေးပြေးကားကြီးတွေနဲ့ မတော်တဆထိတွေ့ပွတ်တိုက်မိပြီးတော့လည်း အသက် အန္တရယ် ထိခိုက်နိုင်ပါတယ်။

နိုင်ငံတကာကလာတဲ့ဧည်သည်တွေမြင်တွေ့သွားခဲ့ရင်လည်း ဒီနိုင်ငံ၊ ဒီမြို့တော်ကြီးရဲ့ လမ်းအသုံးပြုကြသူတွေဟာ တော်တော်လေးစည်းကမ်းမဲ့ကြပါလားဆိုတဲ့ ကဲ့ရဲ့ပြစ်တင်တာကိုခံရနိုင်တဲ့အပြင် ဒီနိုင်ငံ၊ဒီမြို့တော်ကြီးပါ သိက္ခာကျသွားနိုင်ပါ သေးတယ်။

အခု ကျွန်တော်တွေးမိသလောက်ကို ပြန်ကြည့်မယ်ဆိုရင် ဒီလုပ်ရပ်တွေကိုပြုလုပ်သူတွေအတွက် ကောင်းကွက်ဆိုလို့ ဘာတစ်ခုမှ မရှိနိုင်တာသေချာနေပါတယ်။

ကာယကံရှင်အတွက်မကောင်းနိုင်တဲ့အပြင် ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ်လူမျိုး၊ ကိုယ်နိုင်ငံအတွက်ပါ ကောင်းကျိုးမပေး နိုင်ဘူးဆိုတာ ငြင်းချက်ထုတ်စရာမရှိပါဘူး။

ဟုတ်ပြီ။ ဒါဆိုရင်…

အဲဒီလောက် ကောင်းကျိုးမရှိတဲ့၊ ဆိုးကျိုးတွေပေးနိုင်တဲ့ အပြုအမူတွေကို ဘာကြောင့်များ မဆင်မခြင် လုပ်နိုင်ကြသ လဲ၊ လုပ်ရဲကြသလဲ။ သေသေချာချာ တွေးကြည့်မယ်ဆိုရင် အဖြေက တစ်ခုတည်းထွက်ပါတယ်။

မသိမှု…ပါ။

နံပါတ်တစ်- ဆိုင်ကယ်၊ စက်ဘီး စတာတွေကို ဒီလမ်းကြောင်းကနေ မောင်းခွင့်မရှိဘူး၊ မမောင်းသင့်ဘူးဆိုတာကို မသိတာလည်း ဖြစ်နိုင်ပါတယ်။

နံပါတ်နှစ်- ဒီလိုလုပ်ရင် ဒီလိုအရေးယူခံရမယ်၊ ဒီလိုသေနိုင်တယ်ဆိုတာကို မသိတာလည်းဖြစ်နိုင်ပါတယ်။

နံပါတ်သုံး- ဒီလိုလုပ်ရင် ဒီလို သိက္ခာကျနိုင်တယ်ဆိုတာကို မသိတာလည်းဖြစ်နိုင်ပါတယ်။

တစ်ခုတစ်လေမသိတာဖြစ်နိုင်သလို အားလုံးမသိတာလည်းဖြစ်နိုင်ပါတယ်။

အားလုံးသိပါလျှက်နဲ့ ဂရုမပြု သတိမမူတာလည်းဖြစ်နိုင်ပါတယ်။

သေချာတာကတော့ ဘယ်ကိစ္စ၊ ဘယ်အရာမှာမဆို မသိလို့ကျူးလွန်မိပါကြောင်း အကြောင်းပြပြရုံနဲ့တော့ ကိုယ့်ပြုတဲ့ အကြောင်းကံကနေ ရှောင်ဖယ်လွတ်မြောက်သွားရိုး ထုံးစံမရှိပါဘူး။

သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ကိုယ့်ပြုတဲ့ကံ ကိုယ့်ဆီပြန်လာမှာကတော့ မြေကြီးလက်ခတ်မလွဲပါဘူး။

ကျွန်တော်တို့နိုင်ငံက အခု ရှေ့ကို တည့်တည့်လျှောက်နေပါပြီ။

ဒီမိုကရေဒီနိုင်ငံတော်သစ်ဆီကို အရှိန်အဟုန်နဲ့ သွားနေပါပြီ။

ဒီလိုအချိန်မျိုးမှာ ကျွန်တော်အပါအ၀င်ပြည်သူလူထုအားလုံးကတော့ မိမိစိတ်တိုင်းကျရင်ကျသလို၊ စိတ်တိုင်းမကျရင် မကျသလို နိုင်ငံတော်သမ္မတကြီးကဖြင့်ဘယ်လို၊ လွှတ်တော်ဥက္ကဌကြီးကဖြင့် ဘယ်ပုံ၊ ဘယ်ဝန်ကြီးကတော့ ဘယ်နည်း ..စသ ဖြင့် ချီးမွမ်းသူချီးမွမ်း၊ ကဲ့ရဲ့သူကဲ့ရဲ့နဲ့ အဟုတ်ကြီးဟုတ်နေကြလေရဲ့။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ နိုင်ငံတော်အကြီးအကဲတွေမှာတင်ပဲ တာဝန်ရှိတာသေချာရဲ့လား။

ကျွန်တော်တို့ပြည်သူတစ်ယောက်ချင်းအနေနဲ့ကော ကိုယ်တတ်နိုင်တဲ့ဘက်က တတ်နိုင်သလောက်ကူညီပေးဖို့ တာ ၀န်မရှိဘူးလား။

မလုပ်သင့်တာမှန်သမျှကို လုံးဝမလုပ်ပဲ လုပ်သင်တာမှန်သမျှကို ရဲရဲဝံ့ဝံ့လုပ်ရဲတဲ့သတ္တိမျိုးတွေ မမွေးမြူသင့်ဘူးလား။

ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုး ဂုဏ်သိက္ခာမြင့်မားစေမယ့်လုပ်ရပ်တွေကို အားကျိုးမာန်တက်ဆောင်ရွက်ပြီး ကိုယ့်နိုင်ငံ ကိုယ့် လူမျိုး ဂုဏ်သိက္ခာကျဆင်းစေမယ့်လုပ်ရပ်တွေကို ပြတ်ပြတ်သားသား မရှောင်ရှားသင့်ဘူးလား။

ဘယ်အရာကတော့လုပ်သင့်တယ်၊ ဘယ်အရာကတော့မလုပ်သင့်ဘူးဆိုတာကို ခွဲခွဲခြားခြားသိရှိနိုင်တဲ့ ကိုယ်ပိုင်အ တွေး ကိုယ်ပိုင်ဥာဏ်တွေ ကျွန်တော်တို့တစ်ဦးချင်းစီမှာ ရှိမနေသင့်ဘူးလား။

ကျွန်တော်တို့စဉ်းစားကြဖို့ အချိန်တန်ပြီလို့ထင်ပါတယ်။

စာရေးဆရာမ ခင်ခင်ထူး နေပြည်တော်ပျဉ်မနား စာဆိုတော်နေ့အထိမ်းအမှတ်စာပေဟောပြောပွဲမှာ ပြောသွားခဲ့တဲ့ စကားလေးတစ်ခွန်းကို ကျွန်တော် ကောင်းကောင်းကြီးမှတ်မိနေပါသေးတယ်။

``ကျွန်မတို့က ကျောင်းဆရာဆိုလည်းကျောင်းဆရာအလျောက်၊ ဆရာဝန်ဆိုလည်းဆရာဝန်အလျောက်၊ နိုင်ငံရေးသ မားဆိုလည်း နိုင်ငံရေးသမားအလျောက်၊ အစိုးရဆိုလည်း အစိုးရအလျောက်..ဟိုကျောင်းဆရာကတော့မကောင်းဘူး၊ ဟိုဆရာ ၀န်ကတော့မကောင်းဘူး၊ ဟိုနိုင်ငံရေးသမားကတော့မကောင်းဘူး၊ ဟိုအစိုးရကတော့မကောင်းဘူးဆိုပြီး လွယ်လွယ်လေးပြော ကြတယ်၊ ဟုတ်ပြီ သူတို့မကောင်းဘူးဆိုရင် ကျွန်မတို့ကိုယ်တိုင်ကော ဘယ်လောက်ကောင်းအောင်ကြိုးစားထားလဲ၊ သူများက မကောင်းဘူးဆိုတော့..ဘာတွေမကောင်းတာလဲ ကျွန်မတို့ထောက်ပြနိုင်ရမှာပေါ့၊ ထောက်ပြနိုင်တဲ့အရည်အချင်းရှိအောင် ကျွန်မတို့ကြိုးစားရမှာပေါ့၊ ပါးစပ်ကလွယ်လွယ်ပြောရုံနဲ့မပြီးဘူး။ ကျွန်မတို့ကိုယ်တိုင်လည်း တစ်ဦးချင်းအရည်အချင်းရှိအောင် ကြိုးစားဖို့လိုသေးတယ်´´ တဲ့။

၏၊ သည်မလွဲမဟုတ်ပေမယ့် ဆရာမခင်ခင်ထူးက အဲဒီလိုမျိုးအဓိပ္ပါယ်ပါတဲ့စကားကို ပြောသွားခဲ့တာပါ။

အဲဒီတော့ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ နိုင်ငံတော်ကြီးကို အမှန်တကယ်တိုးတက်စေချင်သလား၊ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံစစ်စစ် တကယ်ဖြစ်ချင်သလား။

ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် လက်ညှိုးထိုးအပြစ်တင်နေရုံနဲ့တော့ ဘာမှဖြစ်မလာနိုင်ပါဘူး။

ကျွန်တော်တို့အားလုံးမှာ နိုင်ငံကြီးသားပီသတဲ့ အတွေးအခေါ်တွေ၊ နိုင်ငံကြီးသားပီသတဲ့လုပ်ရပ်တွေရှိနေဖို့ သိပ်အ ရေးကြီးပါတယ်။

ကျွန်တော်တို့တွေရဲ့ ရှေ့ဆက်ရမယ့်ခရီးကို လှလှပပချောချောမွေ့မွေ့ဖြစ်စေချင်တယ်ဆိုရင်တော့ …………၊

မသိမှုဖုံးလွှမ်းခြင်းဒဏ်ကို မခံရအောင်၊ မသိမှုဖုံးလွှမ်းခြင်းဒဏ်ကိုခံစားနေရတဲ့သူတွေ .. နည်းပါးသည်ထက် နည်းပါး လာအောင် တက်ညီလက်ညီတစ်စိတ်တစ်ဝမ်း ၀ိုင်းဝန်းကြိုးပမ်းကြပါစို့လို့ တိုက်တွန်းလိုက်ပါရစေဗျာ။

 လေးစားစွာဖြင့်                         

     မောင်အေးကို(ပေါင်းတလည်)

  ဖေဖော်ဝါရီလ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့၊ညနေ ၅:၅၂ နာရီ

 

(Vol-1, No-9 , 1 March-2013 နေ့ထုတ် စံတော်ချိန်ဂျာနယ်တွင် ဖော်ပြပြီး)

Views: 815

Reply to This

Replies to This Discussion

စည်းကမ်းမဲ့အပြုအမူတွေကတော့အများကြီးဘဲ၊မြန်မာနိုင်ငံသားတွေနိုင်ငံကြီးသားဖြစ်လာဖို့ကတော့အနာဂတ်ကိုမျှော်ကြည့်လိုက်ရင် ရင်လေးစရာပေါ့၊ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့ အရေးကြီးတယ် ဆိုတဲ့တရား ကိုလက်ကိုင်ထားပြီးချီတက်ကြမယ်ဆိုရင် တော့တိုးတက်လာမယ်လို့ မျှော်လင့်ရတာဘဲ....

အကြံပြုပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။

ဟုတ်ပါတယ်...လိုအပ်ချက်နဲ့အားနဲချက်တွေကို အသိစိတ်ဓါတ်ရှိရှိနဲ့ ပြုပြင်ကြမယ်ဆိုရင်......

ရေးစေချင်တဲံအကြောင်းအရာလေးတွေရှိရင် ရေးပေးခဲ့ပါ။

ဘယ်သူမကောင်းဘူး လိုက်ပြောနေတာထက် ကိုယ့်ကရော ဘယ်လောက်ကောင်းနေလဲ ဆိုတာ သိပ်မှန်ပါတယ် အားလုံးကောင်းအောင် ကြိုးစားကြရမှာပါ ဘောလုံးပွဲ တခုလိုပဲ တယောက်ကောင်းနဲ အောင်ပွဲမခံနိုင်ပါဘူး အားလုံးကောင်းအောင်ကြိုးစားသွားရမှာပါ

Thank u
thank you for your information.
Thanks you very much
let's keep law & order with hearth & soul!!!

RSS

Featured Discussions

© 2020   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service