သင်တန်းစတဲ့ နေ့မှာ သင်တန်းသား/သူတွေကို မေးခွန်း ၂ ခု မေးလေ့ရှိပါတယ်။ တစ်ခုက ဘာကြောင့် အင်္ဂလိပ်စာကို လေ့လာတာလဲ ? နောက်တစ်ခုက အင်္ဂလိပ်စာ 4 skills မှာ ဘယ် က စလေ့လာရင်ကောင်းမလဲ? အဲဒီ မေးခွန်း ၂ ခုမှာ ပထမ မေးခွန်းထက် ဒုတိယ မေးခွန်းနဲ့ ပတ်သက်လို့ ပြောချင်ပါတယ်။ သင်တန်းသား/သူ အများစုဟာ writing က စမယ်လို့ ဖြေတတ်ကြပါတယ်။ ဒါအပြင် grammar က စသင်မယ် လို့ ဖြေတဲ့သူတွေလည်း တော်တော် များပါတယ်။ အင်္ဂလိပ်စာကို စတင်လေ့လာပြီ ဆိုတာနဲ့ ပထမဆုံး တံခါးပေါက်ဟာ သဒ္ဒါလို့ လေ့လာသူ တော်တော်များများက ထင်ကြပါတယ်။ အဲဒီလို ထင်ခဲ့တဲ့ အထဲမှာ ကျွန်တော်ကိုယ်တိုင်လည်း ပါခဲ့ပါတယ်။ “သဒ္ဒါ မတတ်၊ စာမတတ်” ဆိုတဲ့စကားက လည်း ရှိတယ်လေ။ အဲဒါက ဘာသာစကား (Language) နဲ့ စာပေ (Literature) ကို မကွဲပြာတဲ့ သဘောပါ၊ တကယ်တော့ အင်္ဂလိပ်စာလောကို စဝင်ပြီဆိုရင် ဘာသာစကား ကို အရင်လေ့လာရမှာပါ၊ ဘာသာစကား အခြေခံရှိမှ စာပေကို ဆက်လက်လေ့လာရမှာပါ။
ဘာသာစကား နဲ့ စာပေ ဘာကို အရင်တတ်မြောက်ခဲ့သလဲ လို့ မိခင်ဘာသာစကား ကိုပဲ ပြန်ကြည့် ကြည့်ပါ။ ဘာသာစကားတတ်မြောက်ပြီးမှ စာပေကို လေ့လာခဲ့ ကြတာပါ။ အဲဒီမှာ သဒ္ဒါရဲ့ အခန်းကဏ္ဍက စပါတယ်။ ဘာသာစကား အတွက် သဒ္ဒါဟာ အတိုင်းအတာ တစ်ခုအထိ မလိုအပ်သေးပါ။ ဒီလိုပြောလို့ သဒ္ဒါ အရေးမကြီးဘူး၊ သဒ္ဒါကို လေ့လာစရာ မလိုဘူးလို့ တယူသန်ပြောတာ မဟုတ်ပါ။ သူ့နေရာနဲ့သူ လိုအပ်တဲ့ နေရာအတွက် လေ့လာဖို့လိုပါတယ်။ ဘာသာစကား အတွက်ပဲ ပြောတာပါ၊ ကိုယ့်ရဲ့ မိခင်ဘာသာစကားကို နေ့တိုင်း ပြောနေတယ်၊ သာကြောင်း/ မာကြောင်း လူမှုရေး ကိစ္စတွေ အတွက် စာတွေ ရေးနေကြတယ်၊ ဒါပေမယ့် မြန်မာသဒ္ဒါကို ဘယ်လောက်တတ်ပါသလဲ ? အဲဒီလို ပြောကြ၊ ရေးကြတဲ့အခါ ဘာက ဖြင့် ‘ကတ္တား’၊ ဘာကဖြင့် ‘ကြိယာ’၊ ဘာက ဖြင့် ‘ကံပုဒ်’၊ ဘယ်လို ‘ဝိဘတ်’ ကို ဘယ်နေရာမှာ သုံးတယ်၊ ဘယ် ‘ပစ္စည်း’ ကို ဘယ်လို ‘နာမ်’ အတွက် သုံးမယ်၊ ဘယ်လို ခံစားချက်ကြောင့် ဘယ်လို ‘အာမေဋိတ်’ မျိုးကို သုံးမယ် စသဖြင့် စဉ်းစား ဘူးကြပါသလား။
အဲဒီလိုမျိုး စဉ်းစားတဲ့သူဟာ မရှိသလောက် ရှားပါလိမ့်မယ်၊ ဒါဆို ဘယ်လို ပြောကြ/ ရေးကြတာလဲ ? ဘာသာစကားကို တတ်မြောက်ပြီး ဖြစ်တဲ့အတွက် ကကြီး၊ ခခွေး စတဲ့ အက္ခရာတွေကို သိတာနဲ့ ပြောချင်တာတွေ/ ရေးချင်တာတွေကို သူ့အလိုလို ပြောနေ/ ရေးနေကြတာပါ ဒါဆိုရင် ဘာသာစကားမှာ သဒ္ဒါဟာ အတိုင်းအတာ တစ်ခုအထိ မလိုအပ်ဘူးဆိုတာကို သဘောပေါက်ပါလိမ့်မယ်။ ဘာသာစကားကို လေ့လာဖို့အတွက် Listening က စတင်ပါ။ Listening က တဆင့်အတူယူပြီး Speaking ကို သွားပါလို့ ရှေ့ကရေးခဲ့တဲ့ ဆောင်းပါးတွေမှာလည်း ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဒီဆောင်းပါမှာတော့ သဒ္ဒါ အကြောင်းကိုပဲ အဓိက ပြောချင်ပါတယ်။ ကိုယ့်မိခင်ဘာသာစကား မှာလည်း ဆောင်းပါး၊ ဝတ္ထု၊ ကဗျာ၊ စာတမ်း စတဲ့ စတွေ ရေးမယ်ဆိုရင်တော့ ဘာသာစကား တတ်ရုံနဲ့ မရတော့ဘဲ သက်ဆိုင်ရာ ကဏ္ဍအလိုက် သီးသန့် လေ့လာဖို့ လိုအပ်ပါတယ်။ အဲင်္ဂလိပ်စာမှာ လည်း ဒီအတိုင်းပါပဲ။
ဘာသာစကားလေ့လာတဲ့အခါ အထူးသဖြင့် စကားပြောမှာ သဒ္ဒါစည်းမျဉ်း၊ စည်းကမ်းနဲ့ မကိုက်ညီတာတွေ အများကြီးရှိပါတယ်။ ဥပမာ - Come quick. လို့ ပြောတာဟာ သဒ္ဒါ စည်းမျဉ်း/ စည်းကမ်းအရ ဆိုရင် မှားပါတယ်၊ Come က verb ဖြစ်တဲ့ အတွက် quick ဆိုတဲ့ adj ကို မသုံးဘဲ quickly ဆိုတဲ့ adv သုံးမှ သဒ္ဒါအရ မှန်ကန်ပါတယ်၊ ဒါပေမယ့် ဘယ်အင်္ဂလိပ်၊ ဘယ်အမေရိကန်မှ Come quickly လို့မပြောပါဘူး။ ထို့အတူပဲ မြန်မာက လည်း လျှင်မြန်စွာ လာပါ လို့ မပြောဘဲ မြန်မြန်လာလို့ပဲ ပြောတာကို သတိပြုသင့်ပါတယ်။
နောက်တစ်ခုက မြန်မာလို တွေးပြီး အင်္ဂလိပ်လို subject, verb တွေနဲ့ စာပြန်စီကာ ရေးတဲ့၊ ပြောတဲ့ ကိစ္စပါ၊ အဲဒါကလည်း ဘာသာစကား လေ့လာသူတွေ အတွက် လွဲတတ်တဲ့ အမှားတစ်ခုပါ၊ ဥပမာ - ‘ရေပိုက်ခေါင်းက ရေကျသည်’ ကို အင်္ဂလိပ်လို ရေးမယ် ဆိုကြပါစို့၊ ရေ က water ၊ ကျသည် က fall ၊ ရေပိုက်ခေါင်းက tap အဲဒါကို ပြန်ရေးလိုက်မယ်ဆိုရင် ‘The water falls from the tap.’ လို့ ဖြစ်သွား ပါမယ်။ အဲဒီ sentence ဟာ သဒ္ဒါ စည်းမျဉ်း/ စည်းကမ်း အရ လုံးဝမှန်ပါတယ်။ ဒါပေမယ့် အင်္ဂလိပ်ဘာသာ စကားမှာ အဲဒီလို sentence မျိုးမရှိပါ၊ တကယ့် အင်္ဂလိပ်စကား အစစ်က ‘The tap runs’ လို့ ရေးပါတယ်။ ထိုအတူ သူငယ်ချင်းကို ‘မင်း ဖုန်း လာနေတယ်’ လို့ပြောချင်တာကို အင်္ဂလိပ်လို ပြန်ရေးကြည့်မယ်၊ မင်းက you ၊ ဖုန်းက telephone ၊ လာတာက come ၊ အဲဒီတော့ sentence ပြန်စီလိုက်ရင် ‘Telephone is coming for you.’ လို့ဖြစ်သွားပါမယ်၊ အဲဒီစကားလည်း အင်္ဂလိပ်မှာ မရှိပါဘူး၊ တကယ်ပြောရမှာက ‘You are wanted on the phone’ ဖြစ်ပါတယ်။ nay kaung lar လို့ ရေးမှ မြန်းင်္ဂလိပ် မဟုတ်ပါဘူး၊ မြန်မာလိုတွေးပြီး အင်္ဂလိပ်လို ပြန်ရေးတာလည်း သဒ္ဒါ ဘယ်လောက်မှန်မှန် မြန်းင်္ဂလိပ်ပါ ပဲ။ အင်္ဂလိပ်လို ပြောချင်/ရေးချင်ရင် အင်္ဂလိပ်လိုတွေးပြီးမှ ပြောရ/ရေးရပါတယ်။ အင်္ဂလိပ်လို တွေးတတ်ဖို့ ဆိုရင်တော့ အင်္ဂလိပ်လို များများနားထောင်ပါ၊ အင်္ဂလိပ်ရုပ်ရှင်ကြည့်ပါ၊ အင်္ဂလိပ် ဝတ္ထုဖတ်ပါ၊ အဲဒါမှ အင်္ဂလိပ်တွေ ရဲ့ တွေးပုံ၊ ရေးပုံ၊ ပြောပုံတွေကို အတုယူပြီး သိနိုင်မှာပါ။
ဘာသာစကား တစ်ခုကိုလေ့လာတဲ့အခါ အထူးသဖြင့် စကားပြောမှာ သဒ္ဒါ(grammar) နဲ့ အသုံး အနှုန်း (usage) ယှဉ်လာရင် အသုံးအနှုန်းကို ဦးစားပေးရပါတယ်။ အင်္ဂလိပ်ဘာသာစကား ကို လေ့လာတဲ့အခါ User နဲ့ Learner ဆိုပြီး ၂-မျိုးကွဲပြားပါတယ်။ User ဆိုတာ အင်္ဂလိပ်ဘာသာစကားကို ရေးတတ်၊ ဖတ်တတ်မယ်၊ သူများပြောတာ နားလည်မယ်၊ ပြန်ပြောတတ်မယ်။ အဲဒါကို လုပ်ငန်းခွင်မှာ အသုံးချမယ်၊ ဒါပါပဲ။ Learner ကတော့ ဥပမာ - အင်္ဂလိပ်ဘာသာစကားဆရာ လုပ်မယ်၊ သတင်းစာတွေမှာ အင်္ဂလိပ်လို ရေးမယ် စသည့်ဖြင့် အင်္ဂလိပ်ဘာသာစကားနဲ့ အသက်မွေးဝမ်းကြောင်း ပြုမယ့်သူတွေဖြစ် ပါတယ်။ User တွေထက် Leraner တွေအတွက်ပဲ သဒ္ဒါ လိုအပ်တာပါ။ သဒ္ဒါမှန်တိုင်း ရေးလို့/ ပြောလို့မရတဲ့ ပုံစံတွေကို လည်း သတိထားရပါမယ်။ ဘာသာစကား တစ်ခုရဲ့ ပထမဆုံး တံခါးပေါက်ဟာ သဒ္ဒါ လို့ထင်နေတတ်တဲ့ အတွေးရှိရင် အဲဒီအတွေးရှိနေသရွေ့ စကားပြောမယ်လုပ်တိုင်း မြန်မာလို စဉ်းစားပြီး subject တွေ verb တွေ စီနေတာနဲ့ စကားပြောဖြစ်မှာ မဟုတ်တော့ပါဘူး။
နောက်တစ်ပတ်မှာ Language လေ့လာသူတွေ အယူအဆလွဲတတ်တဲ့ vocabulary, speed တွေနဲ့ ပတ်သက်တဲ့ အင်္ဂလိပ်စာလောက အလွဲများကို ဆက်လက်ရေးမယ့် အကြောင်းပြောရင်း ဒီတစ်ပတ်တော့ နားပါဦးမယ် … ။
အောင်ကိုဦး (UMK)
Be the Best !

www.facebook.com/aungkou

Views: 367

Reply to This

Replies to This Discussion

Thanks

hi
Thank a lot.

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service