လုပ်ငန်းခွင် အသီးသီးမှာ အင်္ဂလိပ်ဘာသာစကား လိုအပ်ချက်များပြားလာတဲ့ နဲ့ အမျှ အင်္ဂလိပ် ဘာသာစကား လေ့လာသင်ယူသူတွေလည်း တစ်နေ့တစ်ခြား ပိုမိုများပြားလာပါတယ်။ အင်္ဂလိပ် ဘာသာစကား သင်တန်းတွေလည်း ရန်ကုန်မြို့မှာ လက်ညိုးထိုးမလွဲတွေ့ နေရပါတယ်။ စာရေးသူ ကိုယ်တိုင်လည်း အင်္ဂလိပ်ဘာသာစကား သင်ယူလေ့လာစဉ်မှာ ရန်ကုန်မြို့ နေရာအနှံ့အပြားက သင်တန်းပေါင်း မြောက်များစွာကို မန္တလေး ဘုရာကြီးရှေ့မှာ ထိုးမုန့် မြည်းသလိုမျိုး တစ်တန်းတစ်ဝင် တစ်တန်းထွက် ရန်ကုန်မြို့မှာ ရှိတဲ့ သင်တန်းတွေ ကုန်သလောက်နီးပါး တက်ခဲ့ဖူးပါတယ်။ ဘာသာစကား သင်ယူရတာ ထင်သလောက် မခက်ပါ၊ ဒါပေမယ့် ဘာသာစကားရဲ့ သဘော သဘာဝ ကို နားလည်ဖို့ လိုပါတယ်။ အဲဒီသဘောတရားကလည်း အလွန် နူးညံ့သိမ့်မွေ့ပါတယ်။

          ဘာသာစကား ဆရာတစ်ယောက် အဖြစ် အသက်မွေးတဲ့အခါ သင်တန်းသူ/သားအမျိုးမျိုး နဲ့ ထိတွေ့ရပြီး ဘာသာစကား အပေါ်ထားတဲ့ သဘောထား အမျိုးမျိုးကို သိခဲ့ရပါတယ်။ ဒီဆောင်းပါးမှာ ဘာသာစကား လေ့လာသူတွေရဲ့ သဘောထားအလွဲတွေကို အဓိက ရေးသားသွားပါမယ်။ ဒီဆောင်းပါးဟာ လေ့လာသူတွေရဲ့ အားနည်းချက်ကို နှိမ့်ချလိုတဲ့ သဘောနဲ့ ရေးတာမဟုတ်ဘဲ အားနည်းချက်ကို မြင်ပြီး အမှန်ပြင်နိုင်ဖို့၊ ကိုယ့်မှာ အယူအဆ/ သဘောထား အလွဲတွေရှိနေရင် ပြုပြင်နိုင်ဖို့ ရည်ရွယ်ပြီး ရေးသား ရခြင်း ဖြစ်ပါတယ်။ (ခေါင်းစဉ် ကတော့ ဒေါက်တာစိုးလွင်ရဲ့ ဆေးလောကအလွဲများ ကို သဘောကျလို့ “အင်္ဂလိပ်စာလောက အလွဲများ” လို့ ပေးလိုက်တာပါ။) အင်္ဂလိပ်ဘာသာစကား လေ့လာတဲ့ အခါ ပထမဆုံး တွေ့ရတတ်တာက Speaking ဆိုတဲ့ ကိစ္စပါ၊ အင်္ဂလိပ် စပီကင် သင်တန်း ဆိုတာတွေကလည်း တော်တော်များသားဆိုတော့၊ သင်တန်းသားတွေ က သင်တန်းကို ရောက်လာတာနဲ့ အပြောတစ်ခုပဲ သင်ရမယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ဘာသာစကား ဆိုတာ Listening, Speaking, Reading, Writing 4 Skills လုံးကို အချိတ်အဆက် မိမိ သင်ယူရမှာ ဖြစ်ပါတယ်။ Skill တစ်ခုခုကို ဦးစားပေးပြီး လေ့လာလို့ရပေမယ့် ကျန်တဲ့ Skill တွေကို ဖြုတ်ထားဖို့ဆိုတာ သိပ်တော့ မဖြစ်နိုင်ပါဘူး၊ ရှေ့က ရေးခဲ့ဆောင်းပါးတွေမှာလည်း ပြောခဲ့ဘူးပါတယ်။ Listening မရှိဘဲ Speaking ပြောဖို့မဖြစ်နိုင် ပါဘူး၊ တစ်ချို့သော သင်တန်းသားတွေက စကတည်းက Speaking ကို သင်ယူချင်ကြပါတယ်။ ဘာနဲ့တူလဲဆိုတော့ ထမင်းမစားဘဲ ဝိတ်မဖို့ ကြိုးစားသလို၊ input မရှိဘဲ output ထုတ်ဖို့ စဉ်းစားတတ် ကြပါတယ်။ အလားတူပဲ တစ်ချို့ကလည်း ဆရာ Writing သက်သက်ပဲ သင်ချင်တယ်လို့ ပြောတတ် ကြပါတယ်။ ကျွန်တော်က အဲဒီလို ကျောင်းသားမျိုးကို အင်္ဂလိပ် စာအုပ် ဘယ်နှစ်အုပ်လောက်ဖတ်ပြီးပြီလဲ လို့မေးကြည့်ပါတယ်။ အဲဒီလိုမေးတော့ ကျောင်းသား တစ်ယောက် ဖြေပါတယ်။ ဆရာ့လောက်တော့ ဖတ်မလားတဲ့၊ ကျွန်တော်က သူ့ကို ပညာစမ်းချင်လို့ မေးတယ်လို့ထင်ပုံရပါတယ်။ တကယ်တော့ မိခင်ဘာသာစကား ဖြစ်တဲ့ မြန်မာမှာလည်း စဉ်းစားကြည့်ပါ၊ မြန်မာလို စာတွေရေးချင်တယ်ဆိုရင် မြန်မာစာအုပ်တွေ တော်တော်များများ ဖတ်ထားဖို့လို ပါတယ်။ ဒါတောင်မှ ရေးမယ့် အတွေးပဲရှိသေးတာပါ၊ တစ်ကယ်ရေးဖို့ အတွက်က အလေ့အကျင့် များစွာ လိုပါသေးတယ်။ အင်္ဂလိပ်ဘာသာစကား မှာလည်း ဒီအတိုင်းပါပဲ၊ Listening ရှိမှ Speaking လုပ်လို့ရသလို Reading ရှိမှ Writing လုပ်လို့ ရမှာပါ။ Listening နဲ့ Reading Skill တွေဟာ Input Skill တွေ  ဖြစ်ပြီး Speaking နဲ့ Writing Skill တွေဟာ Output Skill တွေ ဖြစ်ပါတယ်။

          သဘောထားမှန်ပြီဆိုရင် အားထုတ်မှု မှန်ဖို့လည်း လိုပါတယ်။ Practice makes perfect ဆိုတဲ့စကား အတိုင်း လေ့ကျင့်ပါများမှ အမှားနည်းလာမှာပါ။ အဲဒီမှာလည်း လွဲတတ်တဲ့ အလွဲတစ်ခုက လေ့လာသူတွေဟာ Practice နဲ့ Repeat ကို မကွဲပြားတတ်ကြပါ။ Practice ဆိုတာ တစ်ကြိမ်ထက် တစ်ကြိမ် ပို၍ ပို၍ ကောင်းအောင်၊ မှန်အောင် လေ့ကျင့်ရမှာ ဖြစ်ပါတယ်။ တစ်ကြိမ်ထက် တစ်ကြိမ် ကိုယ့်ရဲ့အမှားကို သတိထားပြီး မှန်အောင် ပြုပြင်ကာ လေ့ကျင့်ရပါတယ်။ ဒါပေမယ့် တစ်ချို့သော လေ့လာသူတွေဟာ မှားနေတာကို သတိထားပြီး ပြုပြင်ဖို့ မကြိုးစားဘဲ လေ့ကျင့်လို့ ပြောတာနဲ့ မှားနေတာကိုပဲ ထပ်ခါထပ်ခါ ပြုလုပ်တတ်ကြပါတယ်။ အမှားကို ထပ်ခါထပ်ခါ လုပ်တာများလာရင် Repeat ကနေ Habit ဖြစ်လာတတ်ပါတယ်။ Habit ဖြစ်လာတတ်ပါတယ်၊ Habit က ကြာလာတဲ့အခါ Character ဖြစ်လာတတ်ပါတယ်။ စတင် လေ့ကျင့်ကတည်းက အမှားကို သတိထားပြီး ပြုပြင်ဖို့လိုပါတယ်။ Character ဖြစ်လာရင်တော့ ပြုပြင်ရတာ ခက်သွားပါပြီ။

          စတင်လေ့လာတဲ့ အချိန်မှာတော့ မှားခြင်း/ မှန်ခြင်းထက် Output Skill တွေ ထွက်လာဖို့ပဲ ဦးတည်ပြီး ကြိုးစားရမှာပါ။ အသံထွက်တွေ မမှန်တာ၊ အသုံးအနှုန်းတွေ မမှန်တာ အစရှိတာတွေကို ဂရုစိုက်နေရင် မပြောရဲ/ မရေးရဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ ပြောနိုင်ဖို့၊ ရေးနိုင်ဖို့ ကိုပဲ အဓိက ထားရမှာပါ။ ဒါပေမယ့် ကိုယ့်မှာ Output Skill အတော်အသင့် ရှိလာပြီဆိုရင်တော့ မှန်ကန်ဖို့အတွက် ထပ်ပြီး ကြိုးစားရမှာပါ။ အဲဒီမှာလည်း နောက်ထပ်လွဲတာတစ်ခုက ပြောတတ်၊ ရေးတတ်လာပြီ ဆိုရင် မှန်ကန်ဖို့အတွက် လေ့ကျင့်ဖို့ကို ပျင်းသွားတတ်ကြပါတယ်။ အဲဒီလိုနဲ့ ပြုပြင်ရခက်တဲ့ အခြေအနေကို ရောက်သွားတတ်ပါတယ်။ ဘာသာစကားဆိုတာ သိပ္ပံပညာ လောက်တော့ မခက်ခဲပါ။ ဒါပေမယ့် သဘောထားမှန်ဖို့၊ အားထုတ်မှု မှန်ကန်ဖို့ အရေးကြီးပါတယ်။ ဘာသာစကား လေ့လာသူတစ်ယောက်ဟာ အဲဒီလို သဘောထားတွေ လွဲနေပြီဆိုရင် လမ်းမှန်ကို ရောက်ဖို့ မလွယ်တော့ပါ။ ဒီလိုပဲ အားထုတ်မှု မှားပြီဆိုရင်လည်း လမ်းမှန်နဲ့ လွဲသွားပါလိမ့်မယ်။

          ဒီတစ်ပတ်မှာ သတိထားရမည့် အလွဲတွေကို အချုပ်ပြန်ပြောရရင် ဘာသာစကားဆိုတာ Skill တစ်ခုတည်းကို ဖြုတ်ထုတ်ပြီး လေ့လာလို့ မရဘဲ Skill အားလုံးကို ချိတ်ဆက် လေ့လာသင့်တယ်၊ Input Skill ရှိမှ Output Skill ရမယ်ဆိုတာကို သတိပြုသင့်ပါတယ်။ Repeat နဲ့ Practice ကို ကွဲပြားဖို့ လိုတယ်ဆိုတာကို ပြောရင်း နားပါဦးမယ် … ။

          နောက်တစ်ပတ်မှာ Course Book များနဲ့ ပတ်သက်လို့ အင်္ဂလိပ်စာလောက က အယူအဆ အလွဲတွေကို ဆက်လက်ရေးပါဦးမယ် … ။

 

 

အောင်ကိုဦး (UMK)

Be the Best !

www.facebook.com/aungkou

Views: 608

Reply to This

Replies to This Discussion

Thanks & hopie more

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service