ဒီလိုလေးတွေ ဖြစ်လာပြီဆိုရင် ယူကေ ခရစ်စမတ်ဆိုတာ သင်သိရပြီ

ယူကေရဲ့ ခရစ်စမတ်ကာလထဲရောက်နေပြီလို့ သင်ဘယ်လို သိရပါသလဲ။ ကျွန်တော်တို့ရဲ့ Education UK ကျောင်းသားသံတမန်များဖြစ်တဲ့ Lordina Arthur၊ Raquel Ferreira နှင့် Omolabake Fakunle တို့ရဲ့ အကူအညီနဲ့ ခရစ်စမတ် အခါသမယရဲ့ ရိုးရာအစားအစာများ၊ လှုပ်ရှားမှုပွဲလမ်းများနှင့် ပုံပြင်ဇာတ်လမ်းများကို ဖော်ထုတ်တင်ပြထားပါတယ်။ အဲ့ဒါတွေကို ယူကေမှာ ခရစ်စမတ်ကို ကျင်းပဆင်နွှဲဖို့ လက္ခဏာ ၁၂ ရပ် လို့ တင်စားခေါ်ဆိုနိုင်ပါတယ်။


၁။ ခရစ်စမတ်သစ်ပင် တန်ဆာဆင်ကြပြီဆိုရင်…….


ဒါဆိုရင်တော့ ခရစ်စမတ်နေ့မှာ လက်ဆောင်တွေ ဖောက်ကြည့်ဖို့ ပြင်ထားပေတော့။


ခရစ်စမတ်သစ်ပင်တွေဆိုတာ ဟိုး ဝိတိုရိယခေတ်ကတည်းက ယူကေခရစ်စမတ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိခဲ့ပါတယ်။ ဝိတိုရိယဘုရင်မကြီးရဲ့ ကြင်ယာတော်အိမ်ရှေ့စံမင်းသား အဲလ်ဘတ်က ပထမဦးဆုံး ခရစ်စမတ်သစ်ပင်ကို ယူကေကို ယူဆောင်လာသူလို့ ပြောစမှတ်ပြုကြပါတယ်။ (အဲ့ဒီလိုသစ်ပင်ကို ဆင်ယင်တဲ့အလေ့အထဟာ ဂျာမနီနိုင်ငံကနေ လာပါတယ်။ ပြီးတော့ အိမ်ရှေ့မင်းသားအဲလ်ဘတ်က ဂျာမန်လူမျိုးဖြစ်ပါတယ်။)


အခုခေတ်ကာလမှာတော့ အရွယ်အစားစုံလင်လှတဲ့ ပလတ်စတစ်သစ်ပင်တွေဟာ သစ်ပင်အစစ်တွေလိုဘဲ ပေါ်ပြူလာဖြစ်လာပါတယ်။ ပြီးတော့လည်းဘဲ အဲ့ဒီသစ်ပင်တွေကို တောက်တောက်ပြောင်ပြောင်ချိတ်စရာ အလှဆင်ပစ္စည်းလေးတွေ ဒါမှမဟုတ် မိမိကိုယ်ပိုင်ရောင်စုံအလှဆင် ပစ္စည်းလေးတွေ စတာတွေနဲ့ ဥာဏ်စွမ်းရှိသလောက် စိတ်ကြိုက်အလှဆင်လို့ရပါတယ်။


၂။ အနည်းဆုံး ခရစ်စမတ်ကဒ် တစ်ခုလောက် ရလိုက်တယ်၊ ဒါမှမဟုတ် ပို့ဖြစ်လိုက်တယ်ဆိုရင် ………..


အခုခေတ်မှာ email ကိုဆက်သွယ်ရေးမှာ သုံးနေကြပြီဆိုပေမယ့်လည်း ယူကေက လူအများစုကတော့ တစ်ကယ့်ခရစ်စမတ်ကဒ်ကို ပို့ရတာကို နှစ်ခြိုက်ကြပါတယ်။ ခရစ်စမတ်ကဒ်လှလှလေးတွေကို ရွေးချယ်ဝယ်ယူရတာ၊ ကဒ်ထဲမှာ စာတိုလေးတွေရေးကြတာဟာ သင်ခင်မင်နှစ်သက်တဲ့ သူတစ်ဦးဦးကို ဘယ်လောက် ဂရုတစိုက်ရှိကြောင်း ပြသလိုမျိုး ဖြစ်သလို အလှုအတန်းတွေအတွက်လည်း ကဒ်ပြားဝယ်ယူအားပေး ထောက်ခံသလိုမျိုးလည်း ဖြစ်စေပါတယ်။


ပေါ်တူဂီဇာတိဖြစ်တဲ့ Raquel က “ဗြိတိသျှလူမျိုးတွေရဲ့ အသုံးအများဆုံးအရာကတော့ ပေါ်တူဂီမှာတောင် သိပ်မတွေ့ရတော့တဲ့ postcard (ပို့စ်ကဒ်) တွေဘဲ ဖြစ်တာကို ကျွန်မ သတိပြုမိပါတယ်။ ဒီကကဒ်လေးတွေကလည်း အရမ်းလှပပြီး၊ အရမ်းကို လှပအဓိပ္ပါယ်ရှိတဲ့ စာလေးတွေပါတာမို့ ခရစ်စမတ်လက်ဆောင်ကောင်းကောင်းအဖြစ် အသုံးပြုလို့ရပါတယ်။ ကျွန်မ မိသားစုဆီကို ခရစ်စမတ်ကဒ်တွေ ပို့ခဲ့တာ သူတို့တွေ တော်တော်သဘောကျကြပါတယ်။“ လို့ ပြောပြပါတယ်။


၃။ ခြေအိတ်လေးတွေ ချိတ်ဆွဲပြီ (ပြီးတော့ ဖွင့်ကြည့်ပြီ) ဆိုရင်…


ခရစ်စမတ်အကြိုနေ့မှာ ရောင်စုံခြေအိတ်အကြီးကြီးတစ်ခုကို ချိတ်ဆွဲထားပြီး ခရစ်စမတ်နေ့မှာ အဲ့ဒီခြေအိတ်ထဲကနေ လက်ဆောင်ပစ္စည်းလေးတွေ၊ ချိုချဉ်တွေနဲ့ ပြည့်နေလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ကြတာတွေဟာ ယူကေက ကလေးတွေရဲ့ စိတ်အလှုပ်ရှားဆုံး ဓလေ့တစ်ခုဖြစ်ပါတယ်။ ဒီထုံးတမ်းစဉ်လာအရဆိုရင် ခရစ်စမတ်ဘိုးဘိုးဟာ ခရစ်စမတ်အကြိုနေ့ (ဒီဇင်ဘာ ၂၄ ရက်နဲ့ ၂၅ ရက်ကြားညမှာ) ကမ္ဘာကြီးကို ပတ်ပြီး ကလေးတွေကို လက်ဆောင်တွေ ဝေငှတယ်လို့ ဆိုပါတယ်။


အဲ့ဒီဟာက မိဘတွေအတွက်လည်း အကောင်းဆုံးဓလေ့ထုံးစံ တစ်ခုလည်း ဖြစ်ပါတယ်။ ခလေးတွေ ခရစ်စမတ်နေ့ မနက်မှာ ခရစ်စမတ်သစ်ပင်အောက်က လက်ဆောင်တွေကို ဝိုင်းပြီး ဖောက်တာ ဖွတာတွေ မလုပ်ခင် အရင်ဆုံး လက်ဆောင်ရှာစရာနေရာအဖြစ် သူတို့ရဲ့ အာရုံကို လွှဲထားလို့ရပြီး၊ ခရစ်စမတ်ဘိုးဘိုးအတွက် (လက်ဆောင်ချဖို့) အချိန်ပေးဖို့ ခလေးတွေက အဲ့ဒီညမှာ နည်းနည်းကြာကြာလေး ပိုအိပ်ပေးအောင်လည်း ဆွဲဆောင်မှု ဖြစ်စေပါတယ်။


၎။ စွပ်ဖားလှည်းဆွဲတဲ့ သမင်ကာတွန်းပုံ၊ ပင်ဂွင်းကာတွန်းပုံ တစ်ပုံပုံပါတဲ့ အင်္ကျီမျိုးဝတ်ထားတယ်ဆိုရင်………


အဲဒီလို အဝတ်အစားတွေထဲမှာ အသားကပ်အင်္ကျီလိုမျိုး အဓိကဖြစ်ပြီး၊ နက်တိုင်တို့ ခြေအိတ်တို့ ဒါမှမဟုတ် လက်ဝတ်တန်ဆာတို့လည်း ပါဝင်ပါတယ်။


၅။ သင့်ခေါင်းထဲမှာ ခရစ်စမတ်သီချင်းသံစဉ်တွေ ကြားနေရပြီဆိုရင်……..


နိုဝင်ဘာလလောက်ကတည်းက Christmas Carol သီချင်းတွေကို ရေဒီယိုတွေကနေ စကြားနေလောက်ပါပြီ။  ဒီလိုကြားရဖန်များလာတော့ သင့်ခေါင်းထဲမှာ အဲ့ဒီသီချင်းက အနည်းဆုံး ဇန်နဝါရီလလောက်အထိ ကျန်နေတတ်ပါတယ်။ Raquel အတွက်ကတော့ Jingle bells သီချင်းကို ကြားလိုက်တယ်ဆိုရင်ဘဲ ယူကေကို တန်းပြီး သတိရစေတယ်လို့ ဆိုပါတယ်။ လက်စတာမှာ ဆိုရင် လမ်းတိုင်းလိုလိုမှာ၊ ဆိုင်တိုင်းလိုလိုမှာ အဲ့ဒီသီချင်းကို ကြားရပါတယ်။ ဂါနာ ဇာတိ Lordina အတွက်ကတော့ ယူကေရဲ့ ခရစ်စမတ်သီချင်းဟာ အခြားနိုင်ငံများအပေါ်လွှမ်းမိုးမှုကို ဖော်ပြနေတယ်လို့ ဆိုပြီး သူအများဆုံးကြားရတဲ့ သီချင်းကတော့ Feliz Navidad ဘဲဖြစ်ပါတယ်လို့ ဆိုပါတယ်။


၆။ မုန့်အချိုတွေ အရမ်းစားနေပြီဆိုရင်……


လက်ဆောင်ထည့်တဲ့ ခြေအိပ်တွေကနေ လျှံကျလောက်အောင် ပေါများလှတဲ့ ချောကလက်တွေပြီးတော့ သီးစုံ mince pie တွေ၊ ခရစ်စမတ်ပူတင်းတွေအပြင် အမျိုးစုံလှတဲ့ အချိုပွဲတွေ ရှိနေပါတယ်။ အဲ့ဒီလိုအချိုပွဲတွေက ခရစ်စမတ်မတိုင်ခင် ညကတည်းက စတင်ပါတယ်။ ခရစ်စမတ်ဘိုးဘိုး ညသန်းခေါင်မှာ ရောက်လာရင်စားဖို့ဆိုပြီး mince pie အချိုပွဲတွေကို အိမ်အပြင်မှာ ထားပေးထားတာဟာ ယူကေရဲ့ ဓလေ့ထုံးစံတစ်ခုဘဲ ဖြစ်ပါတယ်။


Raquel က “ခရစ်စမတ်ရဲ့ အနံ့အသက်ကို မီးဖိုထဲက လှော်ထားတဲ့ သစ်ချသီး ပြီးတော့ လတ်လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ ကွတ်ကီးအများကြီးရဲ့  အနံ့နဲ့တွဲဖက် သတ်မှတ်မိပါတယ်။ ခရစ်စမတ်ရဲ့ အရသာကိုတော့ လှော်ထားတဲ့ သစ်ချသီး၊ သစ်ဂျပိုးခေါက်နဲ့ အခြားဟင်းခေတ်အမွှေးအကြိုင်တွေရဲ့ အရသာနဲ့ နှိုင်းလိုပါတယ်” လို့ ပြောပါတယ်။


၇။ ခရစ်စမတ်ညစာ ပြင်ဆင်ထားကြပြီဆိုရင်…..


ယူကေရဲ့ ခရစ်စမတ်ညစာဖြစ်တဲ့ အမယ်အစုံပါဝင်တဲ့ multi-course ညစာစားဖို့သာ ပြင်ဆင်ထားပါ။ ရိုးရာပုံစံအနေနဲ့ ပြောရရင်တော့ ကင်ထားတဲ့ ကြက်ဆင်အကြီးကြီးတစ်ကောင် ဖြစ်လေ့ရှိပြီး ကြက်ကင်တို့၊ ဘဲငန်းကင်တို့လည်း ပေါ်ပြူလာဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း သတ်သတ်လွတ်အမယ်အဖြစ် လှော်ထားတဲ့ သစ်သီးဆံများ (nut roast) လည်းပါဝင်တတ်ပါတယ်။ ဒီအစားအစာတွေဟာလည်း အခြားသော သင့်စိတ်ကူးထဲရှိသမျှ အရံဟင်းအများကြီးဖြစ်တဲ့ မုန်လာဥနီ၊ ဂေါ်ဖီသုပ်စတဲ့ ဟင်းသီးဟင်းရွက် အမယ်တွေအပြင် အာလူးကင်၊ အစာသွပ် စားဖွယ်များ၊ (အဓိကဟင်းလျာနှင့် တွဲလျှက် သို့မဟုတ် ကြက်/ ဝက်အူချောင်း အစာသွပ်များ) pigs in blankets လို့ခေါ်တဲ့ ဝက်အူချောင်းငယ်လေးများကို bacon အသားပြားနှင့် ပတ် ပြီး ချက်ထားတဲ့ ဟင်းလျာတွေ အပါအဝင် စားဖွယ်မျိုးစုံပါဝင်ပါတယ်။


Lordina က “ယူကေကခရစ်စမတ်စ်နဲ့ တွဲဖက်အမှတ်ရစရာတွေထဲက ကျွန်မအကြိုက်ဆုံးကို ပြောရရင် ကျွန်မတို့ ကောလိပ်စားဖိုဆောင်ရဲ့ မီးခိုးခေါင်းတိုင်က တစိမ့်စိမ့်ထွက်လာတဲ့ ခရစ်စမတ်စ် ပူတင်းရဲ့ မွှေးကြိုင်တဲ့ ရနံ့ရယ်၊ သွားရည်ယိုစရာ ကောင်းတဲ့ ခရစ်စမတ်စ် ကြက်ဆင်ကင်တဲ့အနံ့တို့ဘဲ ဖြစ်ပါတယ်။“ လို့ ပြောပါတယ်။


၈။ ဘယ်လိုရာသီဥတုမျိုးဘဲဖြစ်ဖြစ် သင်လမ်းလျှောက်ထွက်ဖြစ်တယ်ဆိုရင် ………


ခရစ်စမတ်စ်နေ့ (၂၅ ဒီဇင်ဘာ) သို့မဟုတ် ဘောက်ဆင်နေ့ (၂၆ ဒီဇင်ဘာ) စတဲ့တစ်ရက်ရက်မှာ အကြာကြီးလမ်းလျှောက်ထွက်ကြတဲ့ အလေ့အထဟာ မိမိတို့ စားသောက်ခဲ့ကြတဲ့ အစာတွေကြေစေဖို့ လုပ်တဲ့ ပေါ်ပြူလာနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီလိုလမ်းလျှောက်ထွက်ခြင်းဖြင့် လေကောင်းလေသန့်တွေကို ရှုရှိုက်နိုင်ရုံမျှမက ယူကေရဲ့ လှပတဲ့ ရှုခင်းတွေကို (မြို့လည်ခေါင်က ပန်းခြံထဲမှာဘဲဖြစ်ဖြစ်၊ မြို့ပြင်ကျေးလက်ဒေသ တစ်နေရာမှာဘဲဖြစ်ဖြစ်) လျှောက်ကြည့်ဖို့အတွက် အခွင့်အရေးကောင်းတစ်ခုဘဲ ဖြစ်ပါတယ်။ ကံကောင်းရင် နှင်းကျတာနဲ့ပါ ကြုံနိုင်ပါတယ်။


လမ်းလျှောက်ထွက်တော့မယ်ဆိုရင် ရာသီဥတုအခြေအနေ သတင်းထုတ်ပြန်ချက်တွေကို ကြိုတင်လေ့လာထားပါ။ နိုက်ဂျီးရီးယားသူ Omolabake က “ယူကေမှာ နှင်းကျပြီဆိုတာနဲ့ ကျွန်မကတော့ ဆောင်းတွင်းဝတ် အဝတ်အထည်တွေအားလုံး ဥပမာ - ခပ်ထူထူ အနွေးထည်တွေ၊ လက်အိပ်တွေ၊ လည်စည်းပုဝါတွေ၊ ခေါင်းဆောင်းဦးထုပ်တွေနဲ့ နှင်းတောစီးဖိနပ်စတာတွေကို အဆင်သင့် ပြင်ဆင်ထားတော့တာဘဲ။ ချော်မလဲအောင်လည်း အဆူးပါတဲ့ ဖိနပ်စွပ်တွေကိုလည်း အဆင်သင့် လုပ်ထားပါတယ်။ နှင်းတွေက ပျော်ကြပြီး ပြန်ခဲသွားတဲ့အခါ black ice လို့ခေါ်တဲ့ ရေခဲပြင်လိုမျိုး မျက်နှာပြင်တွေ ဖြစ်ကုန်တတ်ပါတယ်။ အဲ့လိုမျိုးဖြစ်တဲ့အခါ ခြေလှမ်းကိုသတိထားပြီး တစ်လှမ်းချင်းစီ လိုရာခရီးရောက်အောင်သွားရပါတယ်။” လို့ သတိပေးစကား ပြောကြားသွားပါတယ်။


၉။ Christmas cracker (သကြားလုံးပုံစံထုပ်ထားသော လက်ဆောင် အထုပ်) တွေကို ဆွဲဖောက်ကြပြီဆိုရင် …..


ရောင်စုံဦးထုပ်တွေ ဝတ်ပြီးတော့ ဝီစီမှုတ်တာတို့၊ နှုတ်ခမ်းမွှေးအတုတတ်တာတို့ လုပ်ပြီး အရွှန်းဖောက်ကာ ဟာသတွေ ပြောဖို့အဆင်သင့်ဖြစ်ပြီလား။


Christmas cracker တစ်ဗူး ဆောင်ထားပြီး ခရစ်စမတ်စ်စားပွဲတွေ မစားခင်မှာ သူငယ်ချင်းတွေကို ဝေငှပေးလိုက်ပါ။ အဲ့ဒီအထုပ်တွေကို ဆွဲဖောက်ကြည့်တဲ့အခါ၊ အများအားဖြင့် စက္ကူဦးထုပ်၊ ဟာသ သို့မဟုတ် ရီစရာတစ်ခုခုအကြောင်းပါတဲ့ စာရွက်တစ်ရွက်နှင့် လက်ဆောင်အသေးလေးတစ်ခု ပါတတ်ပါတယ်။ တစ်ခါတစ်လေလည်း လက်ဝတ်ရတနာနဲ့ ရေမွှေးပုလင်းငယ်များ ပါဝင်တဲ့ တန်ဖိုးကြီး cracker တွေကိုလည်း သုံးချင်သုံးနိုင်ပါတယ်။ ဒါပေမဲ့ ဈေးသက်သာပြီး နောက်ပြောင်စရာပစ္စည်းတွေပါတဲ့ ဟာမျိုးတွေသုံးတာ ပိုပြီးပျော်စရာကောင်းတာပေါ့နော်။


၁၀။ ဘုရင်မကြီးရဲ့ မိန့်ခွန်းကို စောင့်ကြည့်နားထောင်ဖို့ မေ့သွားတဲ့အခါဆိုရင်…………


နှစ်စဉ်ခရစ်စမတ်စ်နေ့မှာ ပြောကြားလေ့ရှိတဲ့ ဘုရင်မကြီးရဲ့ မိန့်ခွန်းကို နေ့ခင်း ၃ နာရီအချိန်မှာ ရုပ်မြင်သံကြားမှာ တိုက်ရိုက်လွှင့်လေ့ ရှိပါတယ်။ အဲ့ဒီအစီအစဉ်က တိုတောင်းတဲ့ အစီအစဉ်လေးဖြစ်ပြီး ဘုရင်မကြီးက ကုန်လွန်ခဲ့တဲ့နှစ်က ကိစ္စရပ်များနဲ့ ရှေ့လာမည့်နှစ်အတွက် ရည်မှန်းချက်များကို မိန့်ကြားပြောဆိုတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ခရစ်စမတ်စ်လိုနေ့မှာ အစားအသောက်တွေနဲ့ လက်ဆောင်တွေ စတာတွေနဲ့ အလုပ်ရှုပ်နေလို့ အဲ့ဒီအစီအစဉ်ကို စောင့်ကြည့်နားထောင်ဖို့ မေ့သွားတတ်ကြတယ်။ ဒါပေမဲ့ အဲဒါကို အွန်လိုင်းပေါ်မှာ ပြန်ကြည့်လို့ရပါတယ်။


၁၁။ The Snowman  နှင့် A Christmas Carol ဇာတ်လမ်းတွေနားထောင်ပြီး မျက်ရည်ကျမိပြီဆိုရင် ……….


ခရစ်စမတ်စ်လို အခါသမယမှာ ကျွန်တော်တို့ရဲ့ နှစ်လုံးသားကို ထိစေတဲ့ ဇာတ်လမ်းတွေ၊ ရုပ်ရှင်တွေ အများကြီးရှိပါတယ်။ အဲ့ဒီထဲက လူသိအများဆုံး ဂန္တဝင်ဇာတ်လမ်းနှစ်ပုဒ်ရှိပါတယ်။


A Christmas Carol ကတော့ Charles Dickens ရဲ့ သင်ခန်းစာပေးတဲ့ ဝတ္တုတစ်ပုဒ်ဖြစ်ပြီး ကပ်စေးနဲ လူ့ဂွစာကြီး Ebenezer Scrooge တစ်ယောက် ခရစ်စမတ်စ်ကာလမှာ လူတစ်ဦးနှင့် တစ်ဦး ခင်မင်ရင်းနီးမှုနဲ့ ပေးကမ်းစွန့်ကြဲမှု စသည်တို့ရဲ့ အဓိပ္ပါယ်အစစ်အမှန်ကို သိရှိနားလည်သွားပုံကို ဇာတ်လမ်း ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ ဝိတိုရိယ ခေတ်ကာလတုန်းက လူမှုဘဝကို နောက်ခံထားကာ ရေးထားပြီး မျက်ရည်ကျစရာ ဇာတ်ဝင်ခန်းများလည်း ပါဝင်ပါတယ်။ ဒီအရသာလေးတွေ ခံစားဖို့ စာအုပ်ဖတ်တာတို့၊ ရုပ်ရှင်ပြန်ရိုက်ထားတဲ့ ဇာတ်လမ်းတွေကြည့်တာတို့ လုပ်လို့ရပါတယ်။


The Snowman ဇာတ်လမ်းကတော့ အထီးကျန်တဲ့ ကောင်လေးတစ်ယောက်ရဲ့ သူလုပ်ထားတဲ့ စနိုးမင်း ခရစ်စမတ်စ်အကြိုနေ့မှာ အသက်ဝင်လာပြီး၊ ခရစ်စမတ်စ်ဘိုးဘိုးကိုတွေ့ဖို့ မြောက်ဝင်ရိုးစွန်းကို ခေါ်သွားရာမှ ကြုံတွေ့ရတဲ့  အံ့သြဖွယ်ရာစွံ့စားခန်းများအကြောင်းဇာတ်လမ်းဘဲ ဖြစ်ပါတယ်။ ကာတွန်းဆရာ Raymond Briggs  က လှပတဲ့ ပုံလေးတွေနဲ့အတူ ကာတွန်းသရုပ်ဖော်ပြသွားပြီး လူကြိုက်များလှတဲ့ ရုပ်ရှင်အဖြစ်ပြန်လည် ရိုက်ကူးထားရာမှာလည်း We’re walking in the air သီချင်းကို စနိုးမင်းနဲ့ ကောင်လေးအတူတစ်ကွ လေထဲမှာပြန်ဝဲပြီး ကမ္ဘာပတ်နေတဲ့ပုံနဲ့ သရုပ်ဖော်ထားပါတယ်။ ဒီဇာတ်ဝင်ခန်းကတော့ ကျွန်တော်တို့အားလုံးကို တစ်ခုခုကို သတိရသလိုမျိုးကို ဖြစ်စေပြီး မျက်ရည်ကျစေတဲ့ အခန်းဖြစ်ပါတယ်။


၁၂။ စားသောက် ပျော်ပါးပြီး လက်ဆောင်တွေလည်း ဖွင့်ဖောက်ပြီး ပင်ပန်းနွမ်းနယ်လျှက် ရှိသော်လည်း သင်ဟာ ဂိမ်းတွေကစားနေတုန်းဘဲ၊ သူငယ်ချင်းမိတ်ဆွေ မိသားစုများနဲ့ လေကန်နေတုန်းဘဲ၊ ပြီးတော့မှ အချိန်ကို ကြည့်မိတော့ ညသန်းခေါင်တောင်ကျော်နေပြီဆိုရင် ………


Lordina က “ကျွန်မအတွက်ကတော့ ခရစ်စမတ်စ်ဆိုတာ ကျောင်းစာတွေနဲ့ လုံးပန်းနေရာကနေ အနားယူဖို့ အချိန်ဖယ်ထုတ်ပြီး သူငယ်ချင်းမိတ်ဆွေများနဲ့ အတူပြန်လည်ဆုံတွေ့ခါ ကြုံတုန်းဆုံတုန်း ပျော်ရွှင်မှု နွေးထွးမှုတွေကို အတူတစ်ကွ မျှဝေကြဖို့ အခွင့်အလမ်းတစ်ခုလို့မြင်ပါတယ်။” လို့ ပြောပါတယ်။


Raquel ကတော့ “ယူကေမှာ ဒီပွဲတော်ကြီးကို ဆင်နွှဲမယ့်လူတွေအတွက် ကျွန်မအကြံပြုချင်တာကတော့ သူငယ်ချင်းတစ်ယောက်ကို အဖော်ခေါ်ပြီး လမ်းမကြီးတွေ၊ လမ်းသွယ်တွေမှာ လမ်းလျှောက်ထွက်ရင်း၊ ပတ်ဝန်းကျင်အလှကို ကြည့်ရှုခံစားကြပါ။ သင်တို့အရင်က သတိမထားမိတဲ့ အရာလေးတွေကို သတိပြုမိလာမှာ အမှန်ဘဲဖြစ်ပါတယ်။ ဒီအချိန်မှာ ခရစ်စမတ်စ်အလှဆင်ထားတာတွေဟာ နေရာအနှံ့မှာ ရှိတာမို့ သင်တို့ ကြိုက်နစ်သက်ကြမှာ အမှန်ဘဲဖြစ်ပါတယ်။”


Omolabake က “ကျွန်မ ခရစ်စမတ်စ်ကို အရမ်းချစ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဒီအချိန်ဒီကာလမှာ သင်ဟာ ကမ္ဘာရဲ့ ဘယ်အရပ်ကို ရောက်နေသည်ဖြစ်စေ ဘယ်လောက်ဘဲ ချမ်းအေးတဲ့ ရာသီဥတုမျိုးမှာဘဲဖြစ်စေ၊ နှင်းတွေကျပြီး ရေတွေခဲနေပါစေ ဒါမှမဟုတ် နေသာနေသည်ဖြစ်စေ လူတိုင်းလူတိုင်းစီမှာ စိတ်ကောင်း စေတနာကောင်းများ ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာများနဲ့ပြည့်နှက်နေတာကို တွေ့ရှိခံစားရမှာကြောင့်ဖြစ်ပါတယ်။” လို့ ပြောထားပါတယ်။


အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မူရင်းဆောင်းပါးကို www.educationuk.org/global/articles/12-signs-of-christmas-in-the-uk တွင် ဖတ်ရှုနိုင်ပါသည်။

Views: 274

Reply to This

Featured Discussions

© 2017   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service