လက်မှုအနုပညာ ဖန်တီးမှု လက်ရာအသစ်များကို ခင်းကျင်းပြသမည့် “လက်မှုမှသည် အနုပညာဆီသို့” ဟု အမည်ပေးထားသည့် ခေတ်ပြိုင်လက်မှုအနုပညာပြပွဲ တစ်ရပ်ကို ဗြိတိသျှကောင်စီ၊ SDC [Swiss Agency for Development and Cooperation] နှင့် New Zero Art Space တို့မှ ပူးပေါင်းပြီး ရန်ကုန်မြို့၊ ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ Goethe Villa (ယခင် ပန်းချီပန်းပုကျောင်း၊ ရေခဲဆိုင်မှတ်တိုင်အနီး) တွင် ၂၀၁၅ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့မှ (၂၅) ရက်နေ့ထိ နံနက် ၁၀ နာရီ မှ ညနေ ၅ နာရီအတွင်း ပြုလုပ်ပြသသွားမည်ဖြစ်ပါသည်။ ပြပွဲတွင် ရှမ်းပြည်နယ် အင်းလေးဒေသ၊ မန္တလေး နှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တို့မှ လက်မှုပညာရှင်များ၏ တီထွင်ဖန်တီးမှု လက်မှု အနုပညာပစ္စည်း သုံးရာ့ငါးဆယ်ကို ခင်းကျင်းပြသ သွားမည် ဖြစ်ပြီး သက်ဆိုင်ရာ ဒေသအသီးသီးရှိ လက်မှုပညာရပ်များအလိုက် မှတ်တမ်းရယူထားသော မှတ်တမ်းဗီဒီယိုများကိုလည်း ပြပွဲပြသချိန်များအတွင်း ပြသမည်ဖြစ်သည်။
ယခုပြပွဲသည် ပြပွဲတစ်ရပ် အနေဖြင့်သာ စုစည်းပြသသည့် ပြသရုံရည်ရွယ်ချက်သက်သက် ပွဲတစ်ခုမဟုတ်ဘဲ လက်မှုပစ္စည်းများ အနုပညာမြောက်စွာ ထွက်ပေါ်လာရေးအတွက် ဒေသအလိုက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း နှင့် ရန်ကုန်အခြေစိုက် ဒီဇိုင်းပညာရပ် ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို ပြုလုပ်ခြင်းတို့ နှင့်ပါ စတင်ခဲ့သည့် လူထုအခြေပြု နှစ်ရှည် လက်မှုအနုပညာစီမံကိန်းတစ်ရပ်ဖြစ်သည်။ ရှမ်းပြည်နယ် အင်းလေးဒေသ၊ မန္တလေး၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ မွန်ပြည်နယ် ပေါင်မြို့၊ တနင်္သာရီတိုင်း ထားဝယ်မြို့နှင့် ချင်းပြည်နယ် တီးတိန်၊ ကလေးမြို့တို့တွင် လက်မှုလုပ်ငန်းဆိုင်ရာများကို လေ့လာရှာဖွေခြင်း၊ ရှမ်းပြည်နယ် အင်းလေးဒေသ၊ မန္တလေး နှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တို့တွင် လက်မှုပညာရှင်များအား စုစည်း၍ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ အဆိုပါ ဒေသသုံးခုမှ လက်မှုပညာရှင်များကို ရန်ကုန်သို့ ဖိတ်ခေါ်ပြီး ကနေဒါနိုင်ငံမှ ဒီဇိုင်းအနုပညာရှင်ဦးဆောင်သည့် ရက်သတ္တ နှစ်ပတ်ကြာ ဒီဇိုင်းပညာပိုင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ကျင်းပခြင်းတို့ကို ၂၀၁၄ ခုနှစ် ဇူလိုင်လမှ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလထိ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
အရည်အသွေးမြင့် လက်မှုပစ္စည်းအသစ်များတီထွင် ပြုလုပ်ခြင်းသာမကဘဲ၊ လက်မှုအနုပညာရှင်များကိုယ်တိုင် ဦးဆောင်နိုင်သည့် ဈေးကွက်တစ်ခု ဖြစ်ပေါ်လာရေး၊ မြန်မာ့လက်မှုပညာရပ်များကို နိုင်ငံတကာ အသိအမှတ်ပြုဈေးကွက်များအထိ ထိုးဖောက်ဝင်ရောက်နိုင်ရေး နှင့် လက်မှုပညာရှင်များ ကိုယ်တိုင်ဦးဆောင်စုစည်းသည့် လက်မှုအနုပညာအဖွဲ့အစည်းများ ဒေသအလိုက် စုစည်းနိုင်ရေး အစရှိသည့် ရည်ရွယ်ချက်များဖြင့် စီမံကိန်းကို အကောင်အထည်ဖော်လုပ်ဆောင်နေပြီး စီမံကိန်း ပထမနှစ်၏ ခြေလှမ်းအစအဖြစ် ယခု ပြပွဲကို ပြုလုပ်ပြသခြင်းဖြစ်ပါသည်။
ပြပွဲတွင် ဒေသအသီးသီးမှ လက်မှုပညာရှင်အချို့နှင့် ဒေသဆိုင်ရာ လက်မှုပညာရှင်များ၏ ကိုယ်စားလှယ်များလည်း ရှိနေကြမည် ဖြစ်ပြီး လက်မှုပညာကို ချစ်မြတ်နိုး ၊ စိတ်ပါဝင်စားကြသည့် မည်သူမဆို လာရောက်ကြည့်ရှု၍ သိလိုသည်များကို လွတ်လပ်စွာ မေးမြန်းဆွေးနွေးနိုင်ကြပါသည်။
လက်မှုအနုပညာပြပွဲနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို ဟေမာန်ဦး (New Zero Art Space) hayymann.oo@gmail.com သို့မဟုတ် နေခြည်သွင် (ဗြိတိသျှကောင်စီ) nechye.thwin@mm.britishcouncil.org သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပြပွဲအစီအစဉ်
ပြပွဲနေရာ
Goethe Villa (ယခင်ပန်းချီပန်းပုကျောင်း (ရေခဲဆိုင်မှတ်တိုင်))
အမှတ် (၈)၊ ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ ဗဟန်းမြို့နယ်
ပြပွဲဖွင့်လှစ်ပြသထားမည့် နေ့ရက်နှင့်အချိန်
၂၁.၃.၂၀၁၅ မှ ၂၅.၃.၂၀၁၅ ထိ
နေ့စဉ် နံနက် ၁၀:၀၀ နာရီမှ ညနေ ၅:၀၀ နာရီထိ
Tags:
© 2019 Created by Myanmar Network.
Powered by
![]() |
Find us on Google map | Share us on Facebook | Terms of use | Tips for account security | Number of page views:
This site is best viewed with Google Chrome and you will need to download and install Zawgyi One font to see Myanmar characters. British Council is the United Kingdom’s international organisation for cultural relations and educational opportunities. A registered charity: 209131 (England and Wales) SC037733 (Scotland). Privacy and cookies. Our commitment to freedom of information. © Copyright 2018 Myanmar Network |