"လစဉ် ဝင်ငွေ နှစ်သိန်းကျပ်မှ ဆယ်သိန်းကျပ်အထိ ရနိုင်သည်" ဆိုတဲ့ အလုပ်အကိုင်ကြော်ငြာကို ကိုဇော်သန်း တွေ့လိုက်ရချိန်မှာ အတော့်ကို စိတ်ဝင်စားမိသည်။

ဒီကြော်ငြာကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက် အချိန်ပိုင်းအလုပ်အကိုင်ရှာဖွေရေး စာမျက်နှာတစ်ခုမှာ ဖတ်လိုက်ရတာ ဖြစ်တယ်။

ဒီထက်ပိုစိတ်ဝင်စားဖို့ကောင်းတာက အဲ့ဒီအလုပ်ကို အချိန်ပြည့်လုပ်ဖို့မလိုဘဲ အချိန်ပိုင်းလုပ်ရုံနဲ့ ဒီလောက်များပြားတဲ့ ငွေကြေးကို ရနိုင်မယ်လို့ ကြော်ငြာထားခြင်းကြောင့်ပင်။ ပုံမှန်အလုပ်လုပ်နေရင်းနဲ့ကို အပိုဝင်ငွေ ရှာနိုင်မယ်လို့လည်း ဆိုထားလေရဲ့။

အခုလိုခေတ်အခါမှာ တစ်လ တစ်သိန်းခွဲ၊ နှစ်သိန်းရနိုင်မယ့် အလုပ်အကိုင်ကို လူငယ်လူရွယ်တိုင်းနီးပါး အသည်းအသန် ရှာဖွေနေရချိန်မှာ အနိမ့်ဆုံး နှစ်သိန်းလောက် အသာလေးရနိုင်မယ့်အလုပ်ကို ကိုဇော်သန်း လုပ်ချင်မိသည်။

သတ်မှတ်ထားတဲ့ အလုပ်အကိုင်ကျွမ်းကျင်မှုမရှိဘဲ ပညာအရည်အချင်းမပြည့်စုံဘဲ လစာကောင်းတဲ့ အလုပ်တစ်ခုရဖို့ မလွယ်ကူချိန်မှာ ပညာအရည်အချင်းမလို၊ ရုံးတက်စရာမလို၊ ရုံးခန်းနေရာမလိုဘဲ ဝင်ငွေအများကြီးရနိုင်မယ်ဆိုတဲ့ ကြော်ငြာကို ကိုဇော်သန်းသာမက လူအတော်များများလည်း စိတ်ဝင်စားကြသည်။

ဒီအလုပ်ကို ဆက်သွယ်ဖို့ သူငယ်ချင်း နှစ်ယောက်လောက်နဲ့ ကိုဇော်သန်း တိုင်ပင်ကြည့်လိုက်တယ်။ သူငယ်ချင်း တစ်ယောက်ကတော့ ရေရေရာရာမပြောနိုင်လှ၊ စိတ်ဝင်စားရင် လုပ်ကြည့်ဖို့လောက်သာ ပြောသော်လည်း နောက် သူငယ်ချင်းတစ်ယောက်ရဲ့ သတိပေးစကားတွေက ကိုဇော်သန်းကို တွေးစရာအများကြီး ပေးလိုက်တယ်။
"မင်း စဉ်းစားလေကွာ၊ မင်းမှာ ဘွဲ့တစ်ခုလည်းရှိတယ်၊ ကွန်ပျူတာလည်း သုံးနိုင်တယ်၊ တခြားအလုပ်အတွေ့အကြုံ တွေလည်းရှိတာပဲ။ ဒါတောင် မင်းကို တစ်လ နှစ်သိန်း၊ နှစ်သိန်းခွဲပေးမယ့်အလုပ်ကို မင်း တွေ့သလား။ မင်းပြောတဲ့ အခုအလုပ်က တစ်လကို အနည်းဆုံး နှစ်သိန်းကနေ ဆယ်သိန်း၊ တစ်နှစ်အတွင်း သိန်းလေးရာကျော်တောင် ရမယ်ဆိုတော့ ဖြစ်နိုင်မလား"

သေသေချာချာ ပြန်စဉ်းစားကြည့်တော့လည်း သူငယ်ချင်းပြောတဲ့စကားက ဟုတ်သလိုလိုရှိနေသည်။
အရည်အချင်းနဲ့ ကျွမ်းကျင်မှုတစ်စုံတစ်ရာရှိနေရင်တောင် အလုပ်အကိုင်ကောင်းတစ်ခုရဖို့၊ လစာဝင်ငွေကောင်းဖို့ ရုန်းကန်ရလွန်းတဲ့ ဒီခေတ်အခါမှာ လစဉ်ဝင်ငွေ သိန်းဆယ်ဂဏန်းနဲ့ နှစ်စဉ်သိန်းလေးရာကျော် ငါးရာနီးပါးရမယ့် အလုပ်ဆိုတာ အမှန်အကန်ဖြစ်နိုင်ဖို့ နည်းလွန်းသည်။

ဒီလိုနဲ့ ဒီလုပ်ငန်းအကြောင်းကို ဟိုစုံစမ်း၊ ဒီစုံစမ်း မေးမြန်းကြည့်ရာက Network Marketing ၊ Multilevel Marketing ဆိုတဲ့ ဝေါဟာရကို သိလာရတယ်။

အင်တာနက်မှာ ဒီအကြောင်းနဲ့ပတ်သက်လို့ ရှာဖွေကြည့်ရင်း ဒီလုပ်ငန်းဟာ ကမ္ဘာပေါ်မှာ တရားမဝင်တဲ့ပုံစံနဲ့ ခပ်ပါးပါးလေး လုပ်စားနေတယ်ဆိုတာကို သဘောပေါက်လာတယ်။ ဒီလုပ်ငန်းအကြောင်းကို ခရေစေ့တွင်းကျသိသူ တွေ၊ ဒီလုပ်ငန်းကို ကိုယ်တိုင်လုပ်ကိုင်ဖူးသူတွေ ရေးသားထားတဲ့စာတွေကို ဖတ်ကြည့်ရင်း ဒီလုပ်ငန်းရဲ့ အန္တရာယ်ကို သိလာတယ်။

ကြီးပွားတိုးတက်မှုကို ရှာဖွေနေတဲ့ လူငယ်တွေကို ကောင်းကောင်းကြီး ဒုက္ခပေးမယ့်လုပ်ငန်းဟာ Multilevel Marketing (MLM) ကွန်ယက်ဖြန့်ကျက်ဈေးကွက်ထိုးဖောက်ခြင်း ဆိုတာကို နားလည်သဘောပေါက်သွားတယ်။
ဒီအကြောင်းကို သတင်းစာ၊ ဂျာနယ်တွေမှာ ဆောင်းပါးတွေရေးသားပြီး သတိပေးထားတာကို တွေ့ရပေမယ့် သတင်းစာ၊ ဂျာနယ်ကို နေ့စဉ်၊ အပတ်စဉ် မဖတ်ဖြစ်တဲ့ လူငယ်တွေအနေနဲ့ ဒီလုပ်ငန်းရဲ့ ငါးမျှားချိတ်မှာ အချိန်မရွေး ဓားစာခံဖြစ်သွားနိုင်ပါတယ်။

ဒီနေရာမှာ ကွန်ယက်ဖြန့်ကျက် ဈေးကွက်ထိုးဖောက်ခြင်းနည်းက ဘာလဲဆိုတာကို ပြောပြဖို့တော့ လိုတယ်။
MLM လို့ အတိုကောက်ခေါ်ကြတဲ့ ဒီနည်းစနစ်သုံးလုပ်ငန်းတွေက ရောင်းချတဲ့ပစ္စည်းတွေဟာ ဈေးကွက်ထဲမှာ အလွယ်တကူ ဝယ်ယူလို့မရနိုင်သလို၊ ဘယ်လို ဈေးဆိုင်၊ ဈေးဝယ်စင်တာတွေမှာမှလည်း တွေ့ရဖို့ မလွယ်ပါဘူး။
ဒါ့အပြင် MLM နည်းနဲ့ ရောင်းတဲ့ပစ္စည်းတွေဟာ သာမန်ပစ္စည်းတွေထက် ဈေးနှုန်းအဆမတန် များပြားပြီး တော်တန်ရုံ ဝင်ငွေလစာရှိသူတွေ မတတ်နိုင်လောက်တဲ့ ဈေးနှုန်းမျိုးပါပဲ။ ဒါပေမယ့် သူတို့ရောင်းတဲ့ပစ္စည်းတွေဟာ ကမ္ဘာပေါ်မှာ ဘယ်လိုမှရှာမရတဲ့ ပစ္စည်းမျိုးတော့မဟုတ်ပါဘူး။

လူတွေပုံမှန်သောက်နေကျ ရေသန့်လို၊ ကော်ဖီလို ကုန်ပစ္စည်းမျိုးကိုပဲ ကျန်းမာရေးအတွက် အလွန့် အလွန်ကောင်းမွန် စေတဲ့ သဘာဝပစ္စည်းတွေရောစပ်ထုတ်လုပ်ထားတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဈေးနှုန်းသောင်းဂဏန်းနဲ့ ရောင်းချတာမျိုးပါ။ ဥပမာဆိုရရင် သူတို့ဆီကထုတ်တဲ့ ကျန်းမာရေးဓာတ်စာရေသန့်ဟာ တခြားရေသန့်တွေထက် ဆယ်ဆကနေ အဆ ရာဂဏန်းအထိ ဈေးနှုန်းရှိတတ်ပါတယ်။ များသောအားဖြင့်တော့ လူသုံးကုန်ပစ္စည်းတွေဖြစ်တဲ့ သွားတိုက်ဆေး၊ ကော်ဖီ၊ အလှကုန်ပစ္စည်းတွေ၊ ကျန်းမာရေး အတွက် ကုန်ပစ္စည်းတွေကို ရောင်းချလေ့ရှိပါတယ်။

ဒီမှာ တစ်ခုသတိထားရမှာက ကျန်းမာရေးအတွက် အရမ်းကိုသင့်တော်၊ အရမ်းကိုကောင်းပါတယ်ဆိုပြီး ဆရာဝန် ရှုံးလောက်အောင် ခန္ဓာဗေဒသဘောတရားတွေ၊ ရောဂါဘယအကြောင်းတွေကို ရှင်းလင်းပြောပြပြီး သူတို့ကုန်ပစ္စည်း ကို ထိုးရောင်းတာပါ။

သူတို့ကုန်ပစ္စည်းတွေကိုသာ ပုံမှန်သုံးစွဲနေမယ်ဆိုရင် ကင်ဆာလိုရောဂါမျိုးကိုတောင် ပျောက်ကင်းစေနိုင်တယ်လို့ ပြောတတ်ကြပါတယ်။ ဒါပေမယ့် သူတို့ရောင်းတဲ့ကုန်ပစ္စည်းနဲ့ပတ်သက်လို့ အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေး အဖွဲ့ (FDA) က ထောက်ခံချက်ရှိသလား၊ ကျန်းမာရေးဝန်ကြီးဌာနမှာ လိုင်စင်ရှိသလားဆိုတဲ့ မေးခွန်းတွေကိုတော့ အဖြေမပေးနိုင်ဘဲ ရှောင်ဖယ်သွားတတ်ပါတယ်။

တစ်ခါတလေမှာတော့ သူတို့ကုမ္ပဏီဟာ တရားဝင်မှတ်ပုံတင်ပြီးသားကုမ္ပဏီဖြစ်တယ်ဆိုတဲ့ စကားတစ်ခွန်းကိုသာ တွင်တွင်ပြောတတ်ပါတယ်။ ဒါကလည်း မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ပတ်သက်ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းတွေကို လေ့လာသိရှိသူနည်းတာကို အခွင့်ကောင်းယူ မလှိမ့်တပတ်လုပ်နေတာပါပဲ။
တကယ်တော့ စီးပွားရေးလုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင် တရားဝင်လုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ရဲ့ လုပ်ငန်းအဖွဲ့ဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှာ လုပ်ငန်းမှတ်ပုံတင်ရ ပါတယ်။ ဒီမှတ်ပုံတင်ထားတယ်ဆိုတာလေးတစ်ခုနဲ့ ကုမ္ပဏီတစ်ခုဟာ တရားဝင်လုပ်ငန်းတွေလုပ်ကိုင်တယ်လို့တော့ ပြောလို့မရပါဘူး။

လုပ်ငန်းမှတ်ပုံတင်ပြီးရင် ကုမ္ပဏီက နိုင်ငံခြားက ကုန်ပစ္စည်းတွေကို မြန်မာနိုင်ငံမှာ ရောင်းချမယ်ဆိုရင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်က ကုန်သွယ်ရေးဦးစီးဌာနမှာ ပို့ကုန်သွင်းကုန်လိုင်စင်ဆိုတာ လုပ်ရပါတယ်။ ဒီအဆင့်ကို MLM ကုမ္ပဏီတွေ ဖြတ်ကျော်ထားသလားဆိုတာ လေ့လာစုံစမ်းဖို့လိုပါတယ်။
နောက်တစ်ခါ ပို့ကုန်သွင်းကုန်လိုင်စင်ရရုံနဲ့ မလုံလောက်သေးပါဘူး။ အဲ့ဒီကုမ္ပဏီက တင်သွင်းလာတဲ့ ကုန်ပစ္စည်းဟာ စားသောက်ကုန်ပဲဖြစ်ဖြစ်၊ ဆေးဝါးပဲဖြစ်ဖြစ်၊ ကျန်းမာရေးဓာတ်စာပဲဆိုဆို ပြည်တွင်းမှာ တရားဝင် ရောင်းချနိုင်ဖို့ FDA ရဲ့ ထောက်ခံချက် ရှိရမယ်။ နောက်ထပ်တခြားအဆင့်တွေရှိသေးပေမယ့် ဒီအဆင့်တွေကို တစ်ဆင့်ချင်းစီ မေးမြန်း ကြည့်ရုံနဲ့ ဒီကုမ္ပဏီဟာ အမှန်အကန်လား မမှန်မကန်လားဆိုတာ ဝေဖန်ပိုင်းခြားနိုင်လောက်မှာပါ။
ဒါပေမယ့် တစ်ခုသတိထားရမှာက ဒီ MLM မှာ လုပ်နေတဲ့ ထိပ်ပိုင်းခေါင်းဆောင်အဆင့်တွေဟာ သိပ်ကိုပါးနပ်ပြီး လုပ်ငန်းပိုင်းကျွမ်းကျင်မှုရှိတယ်။ အထူးချွန်ဆုံးပညာရပ်ကတော့ အပြောကောင်း၊ အဟောကောင်းတွေပါ။ သူတို့ရဲ့ ပြောဆိုဆွဲဆောင်မှုတွေမှာ မျောပါသွားလောက်အောင်ကို ပြောနိုင်ဆိုနိုင်ကြပါတယ်။

သတင်းစာ၊ ဂျာနယ်တွေ၊ အင်တာနက်တွေမှာ အသိပညာ ဗဟုသုတရှာမှီးနေသူတွေအတွက် MLM ဟာ ဘယ်လို လုပ်ငန်းမျိုးဆိုတာ တီးမိခေါက်မိသိနိုင်ပေမယ့် အခြေအနေ အကြောင်းကြောင်းကြောင့် လေ့လာမှုအားနည်းသူ လူငယ် လူရွယ်တွေအနေနဲ့ MLM ဆိုတာ ဘာမှန်းမသိလိုက်ခင်မှာ MLM လုပ်ငန်းထဲကို ရောက်သွားတတ်ပါတယ်။
ဒီလုပ်ငန်းထဲရောက်သွားပြီး နောက်ပိုင်းမှာ အခြေအနေမဟန်တော့လို့ ပြန်ထွက်မယ့်အချိန်ဟာ ငွေကြေးအရရော စိတ်ဓာတ်ပိုင်းအရပါ ဖြူကာပြာကာ ကျနေတဲ့အချိန်ဖြစ်နေတတ်တာပဲ။

ဒီ MLM အလုပ်ကို လုပ်မိလို့ ဖြစ်လာတဲ့ နောက်ထပ်ဆိုးကျိုးတစ်ခုကတော့ လူမှုရေးပိုင်းထိခိုက်ခြင်းပါ။ ကုန်ပစ္စည်း ရောင်းထွက်ဖို့ကလွဲရင် ဘာကိုမှခေါင်းထဲမထားနိုင်လောက်အောင်ဖြစ်နေကြတဲ့ MLM သမားအတော်များများဟာ မိတ်ဆွေ သူငယ်ချင်းတွေ၊ မိသားစုဆွေမျိုးတွေအပြင် မျက်မှန်းတမ်းမိရုံလူတွေကိုပါ သူတို့ရဲ့ ကုန်ပစ္စည်းကို ဝယ်ယူဖို့ပဲ တစိုက်မတ်မတ် ကရားရေလွှတ် တတွတ်တွတ်ပြောရောင်းလေ့ရှိတာကြောင့် အချိန်ကြာလာတာနဲ့အမျှ အရင်းနှီးဆုံး ဆိုတဲ့လူတွေနဲ့ အခင်အမင်ပျက်ရပါတော့တယ်။

အပိုဝင်ငွေရဖို့ အချိန်ပိုင်းအလုပ်ရှာဖွေရာက အန္တရာယ်ကြီးလှတဲ့ ဝိသမလောဘသားတွေရဲ့ MLM အကြောင်းကို သိလိုက်ရတဲ့ ကိုဇော်သန်းဟာ သတိပေးစကားဆိုတဲ့ သူငယ်ချင်းကို ကျေးဇူးအကြိမ်ကြိမ်တင်နေမိပါတော့တယ်။
သူငယ်ချင်းဖြစ်သူရဲ့ နောက်ဆုံးမှတ်ချက်စကားကိုလည်း နားထဲမှာ ထပ်ကာထပ်ကာ ကြားယောင်မိတယ်။

"သူငယ်ချင်း မင်း ကြီးပွားချင်ရင် နည်းမှန်လမ်းမှန်ဖြစ်ဖို့လိုတယ်။ စစ်မှန်တဲ့ ကြီးပွားချမ်းသာခြင်းမှာ ဖြတ်လမ်းဆိုတာ မရှိဘူး။ ဒီ MLM လုပ်ငန်းဟာ လူတွေရဲ့ လောဘကို အသုံးချပြီး မသမာတဲ့နည်းတွေနဲ့ လူတွေရဲ့ အချိန်၊ ငွေကြေး၊ ပညာတွေကို ဖြုန်းတီးပစ်မယ့်အလုပ်မျိုးပဲ"

ကိုယ့်လောဘတစ်ခုတည်းအတွက် လူအများကို ချနင်း၊ လူတွေရဲ့ ချွေးနဲ့ရင်းပြီးရထားတဲ့ ဥစ္စာဓနတွေကို ဝါးမြိုနေတဲ့ MLM ကို သတိတရားလက်ကိုင်ထားလို့ ရှောင်ရှားကြရပါလိမ့်မယ်။

"လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ"

ဇော်သန်းဝင်း || ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်

Views: 5604

Reply to This

Replies to This Discussion

အော် .... အဲတစ်လုံးပဲပြောတာကောင်းမယ်ထင်လို့ပါ..

Really appreciate above these message , should pay attention all of young people .

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service