အင်္ဂလိပ်စာသင်ကြားရေးကို ပြောင်းလဲစေသည့် ဆန်းသစ်တီထွင်မှု ၁၀ မျိုး (by Chia Suan Chong)

အရာရာတိုင်းဟာ အချိန်နဲ့အမျှ ပြောင်းလဲလျှက်ရှိပါတယ်။ တိုးတက်လာတဲ့ နည်းပညာများ နဲ့အတူ အင်္ဂလိပ်စာသင်ကြားရေးဟာလည်း အဆင့်ဆင့်ပြောင်းလဲလျှက်ပါဘဲ။ အခုပြောပြချင်တာ ကတော့ အင်္ဂလိပ်စာသင်ကြားရေးအပေါ် (လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစလို့) အကြီးမားဆုံးသော သက်ရောက်မှုကို ဖြစ်ပေါ်စေခဲ့တဲ့ အပြောင်းအလဲ ၁၀ မျိုးအကြောင်းဖြစ်ပါတယ်။

 

၁။ Digital Platforms (ဒစ်ဂျစ်တယ်ကြားခံ ပလက်ဖောင်းများ)

 

နည်းပညာအပြောင်းအလဲဆိုတဲ့ စကားကိုကြားတာနဲ့ စာဖတ်သူ ခေါင်းထဲမှာ တန်ုးပြီးပေါ် လာမယ့် အရာကတော့ အင်တာနက်နဲ့ အွန်လိုင်းပေါ်က ကျွန်တော်တို့လုပ်လို့ရတဲ့ဟာတွေဘဲ  ထင်ပါတယ်။ ဆရာ/ဆရာမတွေ၊ ကျောင်းသား/ကျောင်းသူတွေနဲ့ မိဘတွေအတွက် လုံခြုံစိတ်ချစွာ ချိတ်ဆက်လို့ရတဲ့ ဒစ်ဂျစ်တယ်ဆုံဆည်းရာတွေ ဖြစ်တဲ့ Facebook တို့ Edmodo (www.edmodo.com) တို့ စတာတွေဟာ လူကြိုက်များတဲ့ ကြားခံနေရာပတ်ဝန်းကျင်တွေ ဖြစ်ပါတယ်။

 

Google Docs (www.google.com/docs/about/) လိုမျိုး အင်တာနက်ပေါ်မှာ ဒေတာဖိုင်တွေ သိုလှောင်နိုင်တဲ့ ဝန်ဆောင်မှုတွေဟာလည်း အလွန်အသုံးဝင်လှပါတယ်။ မိမိသိမ်းဆည်းထားတဲ့ ဒေတာကို နေရာမရွေး၊ ကြားခံ ကိရိယာမရွေး ပြန်လည်ထုတ်ယူတာ၊ မျှဝေတာ၊ သိမ်းဆည်းတာလုပ်လို့ ရတော့ အရမ်းအဆင် ပြေတာပေါ့။

 

ဒစ်ဂျစ်တယ်ကြားခံ ပလက်ဖောင်းများကို စာရင်းပြုစုမယ်ဆိုရင် မကုန်နိုင်မခမ်းနိုင်အောင် များပြားလှပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်စာသင်ကြားနေတဲ့ ဆရာ/ဆရာမများအတွက် Digital Video (http://bit.ly/itunes-digital-video) လိုမျိုး မာလ်တီမီဒီယာလက်စွဲဆိုဒ်က အလွန်ရှုပ်ထွေးများပြားလှတဲ့ ဒစ်ဂျစ်တယ်သင်ထောက်ကူ အရင်းအမြစ်တွေကို အလွယ်တကူ ရှာဖွေလို့ရအောင် လမ်းညွှန်ကူညီပေးရုံမကဘဲသူတို့ကို သင်ခန်းစာတွေ၊ လေ့ကျင့်ခန်းတွေ၊ သင်ရိုးတွေ စတာတွေကိုပါ ဒစ်ဂျစ်တယ် ဝန်ဆောင်မှု အမျိုးမျိုး အသုံးပြုပြီး ပြင်ဆင်တတ်အောင် ကူညီပေးပါသေးတယ်။

 

၂။ Online Corpora (အွန်လိုင်းစာပေရတနာသိုက်)

 

Corpora (http://bit.ly/online-corpora) ဆိုတာ ကြီးမားတဲ့ ပညာရပ်ဆိုင်ရာ စာပေအညွှန်းတွေ စုဝေးရာဖြစ်ပြီးတော့ ဘာသာဗေဒ ဆောက်တည်လည်ပတ်ပုံ Linguistic Structures တွေ၊ ဘာသာစကား အသုံးပြုခြင်း အကြိမ်အရေအတွက် စတာတွေကို လေ့လာဖို့အတွက် မှတ်စုရတနာသိုက်ဖြစ်ကာ ယခင်က Lexicographer လို့ခေါ်တဲ့ အဘိဓာန် ပြုစုသူတွေအတွက် အဖိုးမဖြတ်နိုင်တဲ့နေရာဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုခေတ်မှာ Corpora စာစုအသိုက်အတော်များများဟာ အွန်လိုင်းပေါ်မှာ ရရှိနိုင်ပြီး အချို့ ဆိုရင် အခမဲ့ဝင်ကြည့်နိုင်တာမို့ ဆရာ/ဆရာမတွေဟာ ဘာသာစကားတစ်ခုကို လက်တွေ့အရေး အသားအပြောအဆို (authentic texts/speech) တွေမှာ ဘယ်လိုသုံးရသလဲဆိုတာ ၀င်ရောက်လေ့လာနိုင်ပါပြီ။

 

ဒါကြောင့်မို့လို့ ဥပမာ ကျောင်းသား/ကျောင်းသူတွေက trouble နဲ့ problem ဘာကွာခြားလဲလို့ မေးလာတဲ့အခါ ဆရာ/ဆရာမတွေက မရှင်းပြတတ်လို့ အထိတ်တလန့် ဖြစ်စရာမလိုတော့ဘူးပေါ့။ ဒီစာသိုက် ကြီးက ဆရာ/ဆရာမတွေအတွက်ဘဲ အသုံးဝင်တာမဟုတ်ပါဘူး။ ကျောင်းသား/ကျောင်းသူတွေကပါ သူတို့မရှင်းတဲ့ နားမလည်တဲ့ စကားလုံးတွေကို အလွယ်တကူ ဝင်ရောက်ရှာဖွေနိုင်ပါတယ်။ ဥပမာ - Sleepwalk ရဲ့ past tense ဟာ Sleepwalked လား Sleptwalk စာပေတိုက်အဖြစ် အသုံးပြုတဲ့ Google ထဲမှာ အလွယ်တကူ ၀င်ရှာလိုက်ရင် လိုချင်တဲ့ အဖြေကို မိနစ်ပိုင်းအတွင်း ရနိုင်ပါတယ်။

 

၃။ Online CPD (Continuous Professional Development) and global staffroom (စဉ်ဆက်မပြတ် လုပ်ငန်းဆိုင်ရာ အရည်အသွေးမြှင့်တင်မှုနှင့် ဒစ်ဂျစ်တယ်ဆုံဆည်းရာ)

 

ဒီခေါင်းစဉ်ကို ရှင်းပြရရင်တော့ ဆရာ/ဆရာမတွေအတွက် မိမိတို့ရဲ့ သင်ကြားရေး အရည်အသွေး တွေကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်တဲ့ အွန်လိုင်းပေါ်က ကမ္ဘာအရပ်ရပ်ရှိ ဘ၀တူ၊ ၀ါသနာတူ၊ အလုပ်အကိုင်တူ ဆရာ/ဆရာမများ စုစည်းတွေ့ဆုံရာ Staffroom ခေါ် ဒစ်ဂျစ်တယ် ဆုံဆည်းရာ နေရာဖြစ်ပါတယ်။

 

Facebook အပါအ၀င် လူမှုကွန်ယက်တွေနဲ့ အင်တာနက်ဝန်ဆောင်မှုတွေ ဖွံ့ဖြိုးလာတာနဲ့ အညီ ကမ္ဘာ့ဒေသအသီးသီးက ဆရာ/ဆရာမတွေ တစ်စုတစ်ဝေးတည်း တွေ့ဆုံဆွေးနွေးကာ၊ အကြံဥာဏ်တွေမျှဝေနိုင်တဲ့ global staffroom (http://bit.ly/global-staffroom) ခေါ်တဲ့ အွန်လိုင်းလူမှုအဖွဲ့ online community တွေ ပေါ်လာတာအင်မတန်အကျိုးရှိလှပါတယ်။ အဲဒီအွန်လိုင်းလူမှုအဖွဲ့တွေ ပေါ်မှာ ပါဝင်တဲ့ ဆရာ/ဆရာမတွေဟာ သူတို့ရဲ့ အချိန်တွေ၊ အကြံဥာဏ်တွေနဲ့ အဆက်အသွယ်တွေကို ရင်းနှီးမြှုပ်နှံပြီး မိမိအတွက်လည်း ပိုမိုများပြားလှတဲ့ အကျိုးကျေးဇူးတွေ ပြန်လည် ရရှိကြတာ ဖြစ်ပါတယ်။

 

၎။ Bring Your Own Device (BYOD) မိုဘိုင်းဖုန်းဖြင့် သင်ယူခြင်းနှင့် ကိုယ်ပိုင် စက်ပစ္စည်းများကို အသုံးပြု၍ သင်ယူခြင်း 

 

အရင်တုန်းက အင်တာနက်ကို ချိတ်နိုင်ဖို့ ကွန်ပျူတာရှိမှ ဖြစ်နိုင်တာဆိုပေမဲ့ အခုအခါမှာတော့ မိုဘိုင်းနည်းပညာက အားကောင်းလာပြီး စမတ်ဖုန်းတွေကလည်း သူ့ထက်ငါ အဆင့်မြင့်လာကြတဲ့အခါ အင်တာနက်ကို လက်ဖ၀ါးပေါ်ကနေဘဲ အလွယ်တကူ ချိတ်ဆက်ကာ မိုဘိုင်းဖုန်းတွေကနေ သုံးလို့ရတဲ့ အက်ပလီကေးရှင်းအမျိုးမျိုးကို စိတ်ကြိုက် ရွေးချယ်သုံးစွဲလို့ ရနေပါပြီ။ ကျောင်းသား/ကျောင်းသူတွေဟာ အင်္ဂလိပ်စာ သင်ကြားရေး အက်ပလီ ကေးရှင်းကတစ်ဆင့် လေ့လာမှုတွေ အမြောက်အများ လုပ်နိုင်သလို Podcast အသံဖိုင်တွေကိုလည်း နားဆင်ကာ လက်ချာတွေအပါအ၀င်၊ သတင်း၊ ဇာတ်လမ်း၊ သီချင်း၊ ပြဇာတ်စတာတွေကိုပါ နားထောင်ပြီး အင်္ဂလိပ်စာ ဖွံ့ဖြိုးအောင် လုပ်လို့ရနေပါပြီ။

 

ကျောင်းသား/ကျောင်းသူတွေမကဘဲ ဆရာ/ဆရာမတွေကပါ The TEFL Commute (www.teflcommute.com) လိုမျိုး Podcast  တွေမှာ ၀င်နားထောင်ပြီး သူတို့ရဲ့ သင်ကြားရေး ဗဟုသုတနဲ့ စွမ်းရည်ကို တည်ဆောက်ပျိုးထောင်ခိုင်းတဲ့ အပြင် EFL Talks (www.efltalks.com) လိုမျိုး အွန်လိုင်း ရုပ်သံတိုက်ရိုက် ဟောပြောပို့ချချက် webinar တွေ ဒါမှမဟုတ် ပို့ချချက် ဗွီဒီယိုတွေကို တင်ထားပေးတဲ့ ဆိုဒ်တွေမှာ အသင်းဝင်ထားပြီး တက်ရောက်လေ့လာ ဆည်းပူးလို့ ရပါတယ်။

 

မိုဘိုင်းဖုန်းတွေဟာ ကျောင်းသား/ကျောင်းသူတွေနဲ့ ဆရာ/ဆရာမတွေကို ဒီလောက်တောင် အကျိုးပြု တယ်ဆိုရင် စာသင်ခန်းတွေထဲကို ဖုန်းမယူလာရဆိုတဲ့ တားမြစ်ချက်ကို ပြန်စဉ်းစား ရပါတော့မယ် နော်။ နေရာအတော်များများမှာတော့ ကျောင်းသား/ကျောင်းသူတွေကို BYOD ဆိုတဲ့ ကိုယ့်စက်ပစ္စည်း (မိုဘိုင်း) ကိုယ်ယူလာကြဆိုတဲ့ အလေ့အကျင့်တွေ လုပ်ပေးနေကြတာဟာ အင်္ဂလိပ်စာ သင်ကြားရေး အလေ့အထရဲ့ အပြောင်းအလဲတစ်ခုတောင် ဖြစ်နေပါပြီ။ ဆရာ/ဆရာမတွေအတွက် သင်ခန်းစာထဲမှာ အင်တာနက် ကွန်ယက် ချိတ်ဖို့ အခက်အခဲတွေ၊ ကွန်ပျူတာ မရှိတာတွေစတဲ့ အခက်အခဲတွေကြုံလို့ စာသင်ပျက်မှာ မပူရတော့ဘူး။ ကျောင်းသား/ကျောင်းသူတွေက ကိုယ့်စက်နဲ့ ကိုယ်သုံးတာမို့ စာသင်ခန်း ပြင်ပမှာလည်း သင်ခန်းစာတွေကို သူတို့ဖာသာ ဆက်လုပ်သွားဖို့ အဆင်ပြေသွားတာပေါ့။

 

၅။ အွန်လိုင်းပေါ်မှာ လူအများနှင့် ဆက်သွယ်ခြင်း

 

Skype (http://bit.ly/teaching-on-skype) လိုမျိုး ဝန်ဆောင်မှုတွေနဲ့ အွန်လိုင်းပေါ်ကနေ အခြားသော အရပ်ဒေသမှာရှိတဲ့ လူတွေနဲ့ ဆက်သွယ်ခွင့်ရတာ ကျောင်းသား/ကျောင်းသူတွေအတွက် အခြားသူတွေနဲ့ အင်္ဂလိပ်ဘာသာနှင့် ပြောဆိုဆက်ဆံဖို့ အခွင့်အလမ်းတွေ ရရှိပါတယ်။ အထူးသဖြင့် Monolingual Class (နိုင်ငံခြားသားပေါင်းစုံ မပါဝင်တဲ့ နိုင်ငံတူ၊ ဘာသာစကားတူ ကျောင်းသား/ကျောင်းသူများသာရှိတဲ့ အတန်း) အတွက်ဆိုရင် ဒီနည်းပညာက ကျောင်းသား/ကျောင်းသူတွေအတွက် အင်္ဂလိပ်လို ပြောဆိုပြီး အခြားလူမျိုးတွေနဲ့ ဆက်သွယ် လေ့ကျင့်ဖို့ အခွင့်အလမ်းပေးပါတယ်။ သူတို့အချင်းချင်းဆို အင်္ဂလိပ်လို သိပ်ပြောဖြစ်မှာ မဟုတ်ဘူးလေ။ ဒါတင်မဟုတ်သေးပါဘူး။ အခုခေတ်မှ Skpye ပေါ်ကနေ စာသင်ပေးနေတဲ့ online classes (http://bit.ly/online-teacher-english) သင်တန်းတွေပါ ပေါ်လာခဲ့ပြီဖြစ်လို့ ဆရာ/ဆရာမများရော ကျောင်းသား/ကျောင်းသူများပါ စာသင်ခန်းထဲမှာ မျက်နှာချင်းဆိုင် စာသင်ရသလိုမျိုးကို မိမိအိမ်ထဲ၊ အလုပ်ထဲမှာဘဲ သွားရေးလာရေးအတွက် ပူစရာ မလို၊ အချိန်အပိုတွေ  ကုန်စရာမလို သက်တောင့်သက်သာ သင်ယူနိုင်ကြပြီမို့လို့ ဒီ Skype သင်ခန်းစာတွေဟာလည်း လူကြိုက်များနေကြပါပြီ။

 

၆။ အွန်လိုင်းပေါ်က တစ်ကယ့်စာပေ၊ အပြောအဆို အသုံးအနှုန်းမှတ်တမ်းများ

 

ဘာသာစကားသင်ယူနေတဲ့ ကျောင်းသား/ကျောင်းသူတွေအတွက် အင်တာနက်ကနေပေးတဲ့ အကြီးမားဆုံးသော အကျိုးကျေးဇူးကတော့ authentic resources (http://bit.ly/authentic-resources) တွေဖြစ်တဲ့ တစ်ကယ့်စာပေ၊ အပြောအဆို အသုံးအနှုန်းမှတ်တမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ၀င်ရောက်လေ့လာလို့ ရတာဘဲ ဖြစ်ပါတယ်။ ဖတ်စာအုပ်တွေထဲက သင်ကြားရေးအတွက် ရည်ရွယ်ပြုစုထားသော စာမျိုးတွေ မဟုတ်တော့ဘဲ တစ်ကယ့်လက်တွေ့နယ်ပယ်က စာတွေဖြစ်တဲ့ နေ့စဉ်သတင်းတွေ၊ ဆောင်းပါး တွေ၊ သုံးသပ်ချက်တွေဖတ်နိုင်တဲ့အပြင် YouTube (www.youtube.com) ပေါ်မှာလည်း trending video ခေါ်တဲ့ လက်ရှိ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတွေထဲက အလတ်ဆတ်ဆုံး အကြောင်းအရာတွေကို ၀င်ရောက် ကြည့်နိုင်ကြ ပါတယ်။ ဒါပေမဲ့ သတိပြုရမှာကတော့ အဲဒီလောက် များပြားလှတဲ့ ရွေးချယ်စရာတွေထဲက မှန်ကန် သင့်တော်တဲ့ အွန်လိုင်းအကြောင်းအရာတွေကို ရွေးချယ်တတ်မှသာ ထိရောက်တဲ့ သင်ယူမှုမျိုးကို ရရှိမှာ ဖြစ်ပါတယ်။

 

၇။ The IWB (Interactive White Board) သင်ပုန်း

 

IWB ဆိုတဲ့ မိမိလိုရာခိုင်းလို့ရတဲ့ စာသင်ခန်းသုံး ကွန်ပျူတာစနစ်သုံးကျောက်သင်ပုန်းတွေကတော့ ၁၉၉၀ ကျော်ကျော်ကတည်းက ဗြိတိန်နိုင်ငံနှင့် အခြားကမ္ဘာအနံှ့မှာရှိတဲ့ စာသင်ခန်းတွေရဲ့ အဓိကပစ္စည်းတစ်ခုအဖြစ် ရှိနေခဲ့ပြီးသားပါ။  ဒီသင်ပုန်းရဲ့အားသာချက်ကတော့ အဲဒီအပေါ်မှာ ရေးမှတ်ထားသမျှကို (ကွန်ပျူတာနဲ့ ချိတ်ဆက်ထားတာမို့) ဒေတာအဖြစ် သိမ်းဆည်းထားတာတို့၊ မှတ်စုအဖြစ် printer နဲ့ ပုံနှိပ်ထုတ်ယူတာတို့ လုပ်လို့ရပါတယ်။ အတန်းက ကွန်ပျူတာကိုလည်း ဒီသင်ပုန်းကနေ ထိန်းကျောင်းနိုင်ပြီး၊ Listening နားထောင်လေ့ကျင့်ခန်းကို အသံစနစ် (Sound System) ကနေတဆင့် ဖွင့်ပြတာတို့၊ သင်ပုန်းမျက်နှာပြင်ကို Slide Presentation သရုပ်ပြမျက်နှာပြင်အဖြစ် အသုံးပြုနိုင်တာတို့ အင်တာနက်လှမ်းချိတ်တာတို့ စတာတွေလုပ်လို့ ရပါတယ်။ ဒါပေမဲ့ စာသင်ခန်းထဲမှ IWB တပ်ဆင်ထားရုံနဲ့ ပြည့်စုံတဲ့ သင်ကြားရေးဖြစ်သွားပြီလို့ ယူဆလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒါကို ဆရာ/ဆရာမဖြစ်သူက ကျွမ်းကျင်ပိုင်နိုင်စွာ သုံးပြီး သင်ကြားရေးကို ပံ့ပိုးနိုင်မှသာလျှင် ထိရောက်မှု ရှိမှာ ဖြစ်ပါတယ်။

 

၈။ Dogme (ဖတ်စာမပါတဲ့သင်ကြားရေး)

 

ဒါကလည်း မကြာသေးမီကာလက ပေါ်ထွက်လာခဲ့တဲ့ သင်ကြားရေးစတိုင်တစ်မျိုးပါ။ ဒီစတိုင်ကတော့ Communicative approach ဆိုတဲ့ မျက်နှာချင်းဆိုင် ဆက်သွယ်ရေးကို အထူးပြုပြီး ဖတ်စာအုပ်တွေ၊ လေ့ကျင့်ခန်း၊ စာရွက်စာတမ်းတွေ စတာတွေကို ရှောင်ရှားပြီး အလွတ်စတိုင်နဲ့ ဆရာနဲ့ကျောင်းသားကြားမှာ စကားပြောပုံစံ ဆက်သွယ်သင်ကြားတာ ဖြစ်ပါတယ်။ Dogme ကတော့ သမရိုးကျ ပုံသေထုတ်ဝေသင်ကြားတဲ့ စာရွက်ပေါ်က လေ့ကျင့်ခန်းတွေကနေ ခွဲထွက်လာတဲ့ စတိုင်သစ်သာ ဖြစ်ပါတယ်။ ဆရာ/ဆရာမ တော်တော်များများ ကတော့ ဒီစတိုင်သစ်ကို unplugged approach လို့ တင်စားခေါ်ဝေါ်ကြပြီး ကျောင်းသားရဲ့ လိုအပ်ချက်ကို ကြည့်ပြီး ကျောင်းသားဗဟိုပြု သင်ခန်းစာကို အချိန်ပိုပေး အာရုံစိုက်ကာ အသင့်ပြုစုထားတဲ့ ဖတ်စာတွေကို လက်ရှောင်ပြီး သင်ကြားပေးတာ ဖြစ်ပါတယ်။ ဒီသင်ခန်းစာ အတွက် ဆရာက ဘာမှကြိုတင်ပြင်ဆင်ထားစရာမလိုဘဲ ကျောင်းသားလုပ်ချင်တာကို လိုက်လုပ် ပေးတာမျိုးပေါ့။

 

၉။ ကျောင်းသားကိုယ်တိုင် မိမိရဲ့သင်ယူမှုကို ပဲ့ကိုင်ထိန်းကျောင်းခြင်း

 

သင်ကြားရေးမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ခုလောက်ကတည်းက စတင်ကာ ဆရာကို ဗဟိုပြုတဲ့ Teacher-centred Top-down ပုံစံကနေပြီး ကျောင်းသားဗဟိုပြုတဲ့ Student-centred Bottom-up ပုံစံကို တဖြည်းဖြည်းပြောင်းလဲလာခဲ့ ပါတယ်။ ဒီလမ်းစဉ်က လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး အလျှင်အမြန် တိုးတက်လာခဲ့ပြီး အင်တာနက် ပေါ်မှာလည်း သတင်းအချက်အလက် အမြောက်အများပေါ်ထွက်နေခဲ့ပါတယ်။ ဒီပြောင်းလဲ ဖြစ်စဉ်အရ ဆရာ/ဆရာမတစ်ယောက်ရဲ့ ကဏ္ဍဟာလည်း Knowledge Transmitter ခေါ်တဲ့ ဗဟုသုတဖြန့်ဝေသူ တာဝန်ကနေပြီး Consultant အကြံပေး၊ Guide လမ်းညွှန်သူ၊ Coach နည်းပြ သို့မဟုတ် Facilitator စီစဉ်ဆောင်ရွက်ပေးသူ စသည်စသည်ဖြင့် ပုံစံအမျိုးမျိုး ပြောင်းလဲသွားပါတယ်။

 

ယခင်ကဆိုရင် စာမသင်ခင် အတန်းသစ်မစခင်အရင် needs analysis ခေါ် ကျောင်းသား တွေရဲ့ လိုအပ်ချက်ကို စစ်တမ်းအရင်ကောက်ပြီးမှ သူတို့နဲ့သင့်တော်မယ့် သင်ရိုး (Negotiated Syllabus) ကို တက်ရောက်သင်ကြားစေတာဖြစ်ပါတယ်။ ဒါပေမယ့် ခေတ်သစ်အတွေးအခေါ်အရ လူတစ်ဦးစီမှာ မတူညီတဲ့ အရည်အချင်းတွေရှိတာမို့ ယေဘုယျကျတဲ့ လိုအပ်ချက် needs တွေကို ထုတ်ဖော်တာ သဘာဝမကျဘူးလို့ ယူဆလာကြတယ်။ ဒါကြောင့်မိုလို့ အခုအခါ မှာတော့ ဆရာတွေက စာသင်ခန်းထဲမှာ ဘာလုပ်ကြမယ်ကို ဆုံးဖြတ်တာထက် ကျောင်းသား တွေကိုဘာလုပ်ချင်သလဲဆိုတာ ဆုံးဖြတ်စေပြီး သင်ကြားမှုပုံစံကို ပြောင်းလဲခဲ့ကြတာ ဖြစ်ပါတယ်။

 

၁၀။ Soft Skill အခြေခံစွမ်းရည်များနဲ့ Critical Thinking Skills ခွဲခြမ်းစိတ်ဖြာ တွေးခေါ်မှု ပုံစံစွမ်းရည်များ သင်ကြားပေးခြင်း။

 

အင်္ဂလိပ်စကားဟာ ကမ္ဘာသုံးဘာသာစကား (Lingua Franca) ဖြစ်တာနဲ့အညီ ကျောင်းသား/ကျောင်းသူများဟာ စီးပွားရေး၊ ကုန်သွယ်ရေး၊ ပညာရေး၊ လူမှုရေး၊ ခရီးသွားစတဲ့ နယ်ပယ်တွေမှာ native Speaker တွေနဲ့ရော အခြားသော non-native speaker တွေနဲ့ အင်္ဂလိပ်လို ပြောဆို၊ ရေးသားဆက်ဆံနိုင်ဖို့ အင်္ဂလိပ်စာကို ကြိုးစားလေ့လာနေကြပါတယ်။ အဲဒီလိုလေ့လာရာမှာ စကားလုံး၊ သဒ္ဒါစည်းမျဉ်း၊ စည်းကမ်း၊ အသံထွက် စကားတွေနဲ့တင် မလုံလောက်ပါဘူး။ ကောင်းမွန်ထိရောက်တဲ့ ပြောဆိုဆက်ဆံတတ်သူတွေဖြစ်လာဖို့အတွက် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ ထူးချွန်သူတွေဖြစ်အောင် လေ့ကျင့်သင်ယူရပါမယ်။ အဲဒီလို လုပ်နိုင်ဖို့အတွက် Soft Skill တွေဖြစ်တဲ့ problem-solving ပြဿနာဖြေရှင်းခြင်း၊ presentation skills သရုပ်ပြရှင်းလင်းခြင်းစွမ်းရည်၊ time-management အချိန် စီမံခန့်ခွဲခြင်းနှင့် decision making ခေါ် ဆုံးဖြတ်ချက်ချမှတ်ခြင်း စတာတွေကိုပါ လေ့ကျင့်သင်ကြားတတ်မြောက်ထားရမှာ ဖြစ်ပါတယ်။

 

Critical Thinking ခေါ် ခွဲခြမ်းစိတ်ဖြာ တွေးခေါ်မှုကိုတော့ ငယ်စဉ်ကာလ ကလေးဘ၀ကတည်းက လေ့ကျင့်ပျိုးထောင်ပေးသင့်တယ်လို့ ပညာရှင်တွေက  ဆိုပါတယ်။ ဒါမှသာလျှင် ဒီစွမ်းရည်က ကလေးတွေကို အင်္ဂလိပ်စာလေ့လာရာမှာတွင်မကဘဲ အခြားသော ဘာသာရပ်များ သင်ကြားရေးနှင့် ဘ၀ရှင်သန်ရေးစွမ်းရည် Life Skills တွေမှာပါ အထောက်အကူပေးမှာ ဖြစ်ပါတယ်။

 

မိမိလုပ်ရပ်ကို ပြန်လည်သုံးသပ်တွေးခေါ်တတ်တဲ့အလေ့အကျင့်ကသာလျှင် ဆရာများနှင့် ကျောင်းသားများအား ဆန်းသစ်လာတဲ့ အပြောင်းအလဲတွေကို အလွယ်တကူ လက်ခံကျင့်သုံးလို့ ရအောင် ကူညီပေးမှာ မဟုတ်ပါလား။

 

Chia Suan Chong မှ အင်္ဂလိပ်ဖြင့် ရေးသားထားသော မူရင်းဆောင်းပါး Ten innovations that have changed English language teaching ကို www.britishcouncil.org/voices-magazine/ten-innovations-have-changed... တွင် ဖတ်ရှုနိုင်ပါသည်။

Views: 2046

Reply to This

Replies to This Discussion

thanks

Thank you so much for this post.

very good

RSS

Featured Discussions

© 2020   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service