ဒီနှစ် ဆယ်တန်းအောင်ထားသူတွေ တူတူမအရွယ်တွေ၊ တက္ကသိုလ်တက်နေဆဲ ဒါမှမဟုတ် ကျောင်းပြီးစ  ညီငယ်ညီမငယ်တွေရော မိတ်ဆွေသူငယ်ချင်းတွေကပါ ပညာသင်ဆု scholarship လျှောက်ကြရမလား …ဘာ စာမေးပွဲတွေ ဖြေရမလဲ မေးကြပါတယ်။

မြန်မာပြည်က ကျောင်းသားကျောင်းသူတွေအတွက် ကမ္ဘာတဝန်း တက်လို့ရတဲ့ လျှောက်လို့ရတဲ့ ပညာသင်ဆု scholarship တွေ အများကြီး ရှိပါတယ်။ လျှောက်လည်း လျှောက်စေချင်ပါတယ်။

ဒါပေမယ့် … လျှောက်ဖို့ တက်ဖို့ စိတ်ဝင်စားတဲ့ ... အထူးသဖြင့် ညီငယ်ညီမငယ် တူငယ်တူမငယ်တွေ မလျှောက်ခင် ဒါလေးတွေ ကိုယ့်ကိုကိုယ် မေးကြည့်စေချင်ပါတယ်။

၁။ မိဘ အုပ်ထိန်းသူ မပါဘဲ ကိုယ့်အားကိုယ်ကိုးပြီး ဘာတွေ လုပ်တတ်နေပြီလဲ။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ဘယ်လောက် ရပ်နိုင်နေပြီလဲ။ ကိုယ့်ဘာသာကိုယ် ငွေကြေးကို စီမံခန့်ခွဲ သုံးတတ်တဲ့အကျင့် ရှိပြီလား။ ကိုယ့် တစ်ကိုယ်ရည်အတွက် ကိုယ်တိုင် လုပ်တတ်ကိုင်တတ်ပြီလား။ (အနည်းဆုံး အဆင့် စက်နဲ့) အဝတ်လျှော် မီးပူတိုက်တတ်ပြီလား။ သွားတတ်လာတတ်ပြီလား။ (သွားတယ်လာတယ် ဆိုတာ လျှောက်လည်တာ သက်သက်ကို ပြောချင်တာ မဟုတ် … ခရီးစဉ်တစ်ခုကို စီမံခန့်ခွဲတာကို အဓိက ဆိုလိုပါတယ်။)

၂။ ကိုယ်နဲ့ မသိကျွမ်းသူတွေ သူစိမ်းတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်ပြီလား … လိုက်လျောညီထွေ နေတတ်ပြီလား။ လူတောတိုးပြီလား။ လူမှုဆက်ဆံရေး ကောင်းကောင်းနဲ့ စကားပြာတတ် ဆိုတတ်ပြီလား။

၃။ စာဖတ်ရဲ့လား။ အားချိန်မှာ စာအုပ်တစ်အုပ်အုပ် ကောက်ကိုင်မိရဲ့လား။ နေ့စဉ် စာဖတ်တဲ့အလေ့အကျင့် ရှိပြီလား။

၎။ ကွန်ပြူတာကို game အတွက် မဟုတ်ဘဲ ဘယ်လောက် သုံးတတ်ပြီလဲ။ အထူးသဖြင့် Microsoft word, PowerPoint တွေလောက်ကို ကောင်းကောင်း အသုံးချတတ်ပြီလား။

၅။ (Facebook, Viber, chatting စတာတွေ မဟုတ်ဘဲ) အင်တာနက်ကို ဘယ်လောက်လောက် သုံးတတ်ပြီလဲ။ email တွေဘာတွေ အသုံးပြုတတ်လား။ online application form တွေဘာတွေ ဘယ်လိုဘယ်ပုံ ဖြည့်ရလဲ သိပြီလား။ အင်တာနက်ကနေ ကိုယ် သိလိုရာ သတင်းအချက်အလက် ဘယ်လို ရှာရမလဲ သိပြီလား။ online သုံးရင်း ဘယ်လိုဘယ်ပုံ ပညာသင်လို့ ရတယ်ဆိုတာ တီးမိခေါက်မိ ရှိပြီလား။

၆။ နိုင်ငံတကာသုံး ဘာသာစကား (အထူးသဖြင့်တော့ ကိုယ် သင်ယူရာမှာ အသုံးချမယ့် ဘာသာစကား _ အများအားဖြင့် ဖြစ်ဖို့ ရာခိုင်နှုန်း အများဆုံး အင်္ဂလိပ်ဘာသာစကား) ကို အသုံးချနိုင်ပြီလား။ ကိုယ် ပြောချင်တာကို ရေးတတ် ပြောတတ်ပြီလား။ ဖတ်ကြည့်ရင် နားထောင်ကြည့်ရင် နားလည်ပြီလား။

၇။ ဂိုက်ဆရာ မပါဘဲ ကျူရှင်က ကျက်ခိုင်းတာမဟုတ်ဘဲ အလွတ်ကျက်တာသက်သက် မဟုတ်ဘဲ ကိုယ့် ကိုယ်ပိုင်အသိစိတ်နဲ့ စာလုပ်တတ် အကြောင်းအရာတစ်ခုကို လေ့လာတတ်ပြီလား။ ဆရာကို မေးစရာ ပြင်တတ်ဆင်တတ်ပြီလား။ ဆရာကို မကြောက်ဘဲ မေးခွန်းမေးရဲရဲ့လား။ ဆရာနဲ့ ကိုယ်နဲ့ ဒါမှမဟုတ်ရင် တခြားကျောင်းသားတွေနဲ့ ကိုယ်နဲ့ အယူအဆမတူရင် ကိုယ်က ဒီလိုထင်ပါတယ် ဆိုတာကို ရဲရဲ ရှင်းပြတတ်ပြီလား။ သင်ခန်းစာကို ဖတ်ပြီး အကျဉ်းချုပ် notes ထုတ်တတ် မှတ်တတ်ပြီလား။
.
.
.
.
.
ဒီမေးခွန်းတွေအတွက် အဖြေက No ပါ ဆိုရင်တော့ အဆင်သင့် မဖြစ်သေးဘူးလို့ ပြောရမှာပါ။

ဒီလိုပြောလို့ စိတ်ဓာတ်ကျအောင် လုပ်နေတာ မဟုတ်ပါဘူး။ ဒါတွေကို အချိန်ယူ ပြင်ဆင်ရဦးမယ် ဆိုတာ ပြောတာပါ။

အနည်းဆုံး ခြောက်လကနေ နှစ်နှစ်ထိ ပြင်ဆင်ရင် ရပါပြီ။

ခုချိန်ထိ ပြောသွားတာတွေက နိုင်ငံခြားမှာ ကျောင်းတက်ဖို့ လိုအပ်တဲ့ အရည်အချင်း တချို့ပဲ ရှိပါသေးတယ်။ ဒါတွေ ပြည့်စုံရင် scholarship ရပြီလား မေးရင် ရနိုင်ပါတယ်ပဲ ပြောရမှာပါ … ရပါ့မယ် မပြောနိုင်ပါ။

Scholarship ကို ကိုယ့်ကို လာပေးရအောင် ကိုယ့်ဘက်က ဘာတွေ ထူးထူးခြားခြား သူများထက်သာတာ ရှိလို့လဲ စဉ်းစားကြည့်ရအောင်။ ကိုယ်က ကိုယ့်ပတ်ဝန်းကျင်ကို ဘယ်လောက်ထိ အကူအညီ ပေးနိုင်သူလဲ … ခေါင်းဆောင်နိုင်သူလား … လူမှုရေးအရ ဦးဆောင်သူလား … ကိုယ့်ကို သူတပါးက ပညာသင်ပေးလိုက်ရင် ကိုယ်က ကိုယ် ကိုယ်တိုင်အတွက် ကိုယ့်မိသားစုအတွက် ကိုယ့်အသိုင်းအဝိုင်းအတွက် တစုံတရာ အကျိုးပြုမယ့်သူ ဆိုတာ ဘာတွေ ဘယ်လို သက်သေပြနိုင်ပြီလဲ ဆိုတာကလည်း အင်မတန် အရေးပါ ပါပြီ။

အဲဒီလောက် ပြည့်စုံရင် ပြင်ဆင်ထားပြီးရင် scholarship တွေ လျှောက်လို့ ရပါပြီ။

ကိုင်း … နောက်တစ်ခုက လျှောက်တိုင်းရော တန်း ရမလား ဆိုရင် တစ်ခါလျှောက် တစ်ခါရ ဖြစ်ဖို့ ရာခိုင်နှုန်း နည်းပါတယ်။ စိတ်ရှည်ရှည် ဇွဲရှိရှိ ကြိုးစားရမှာပါ။ ပထမအကြိမ် မရရင် ဒုတိယ တတိယ အကြိမ်ကြိမ် ကြိုးစားရမှာပါ။ တကယ် ကြိုးစားရင် မရဘူးဆိုတာ မရှိပါဘူး။

တကယ်တမ်းတော့ နိုင်ငံတကာ ပညာရေးဆိုတာ ပိုပိုသာသာ ဥပမာ ပေးရရင် တောတွင်းသား တာဇံလို ဘယ် ကျောင်းမှ မတက်ခဲ့ဖူးသူဆိုရင်တောင် တက္ကသိုလ် တက်လို့ ရစရာ နည်းလမ်းစုံ အခွင့်အလမ်းစုံ ရှိတာပါ။ ဆယ်တန်းမှာ အမှတ် မကောင်းလို့ ရိုးရိုးပဲ အောင်လို့ အမေရိက အင်္ဂလန်က ကမာ့္ဘအကောင်းဆုံး တက္ကသိုလ်တွေ တက်မရဘူး မထင်ပါနဲ့ ရကို ရပါတယ်။ အသက်ကြီးသွားလို့ ဆိုတာလည်း မရှိပါဘူး။ ဘယ်အရွယ်အတွက်ကို မဆိုပါ။ ငွေကြေး မပြည့်စုံသူတွေအတွက်လည်း ပုံစံစုံနဲ့ အကူအညီ အထောက်အပံ့ ရနိုင်တာပါ။

ကိုယ့်ဘက်က ဖြစ်ချင်စိတ်နဲ့ ဇွဲရှိရှိ ကြိုးစားဖို့လေး တစ်ခုထဲ လိုတာပါ။

အခက်အခဲ နည်းနည်း ရှိပေမယ့် နိုင်ငံရပ်ခြားမှာ ပညာသင်ရင် ရမယ့် အတွေ့အကြုံ အသိပညာက အင်မတန် အဖိုးမဖြတ်နိုင်အောင် တန်ဖိုး ရှိတာပါ။ ကိုယ် ကြံ့ကြံ့ခိုင်ခိုင် ဇွဲရှိရှိ ဖြတ်ကျော်ရမယ့် ကြုံရမယ့် အခက်အခဲထက် အဆများစွာ တန်တဲ့ ရလဒ် ရမှာပါ။

အရေးအကြီးဆုံးက ကိုယ့်အားကိုယ်ကိုးတတ်သူ ဖြစ်အောင် ခုချိန်က စပြီး ပြင်ဆင်ဖို့ပါ။

ညီငယ် ညီမငယ်တို့ တူငယ်တူမငယ်တို့ အပြင် အသက်အရွယ်မရွေး ပညာ လိုလားသူတိုင်း ကိုယ်လိုရာခရီးကို ရဲရဲ ဆက် လျှောက်ကြပါလို့ တိုက်တွန်းပါတယ်။

ဒီနေ့စလုပ်ရင် တစ်ရက်စောပြီးပါမယ်ခင်ဗျား။

Views: 662

Reply to This

Replies to This Discussion

Thanks a lot

Thank you so much for your information..

ကျေးဇူးပါကိုယ်တွေခုလိုအသိမရှိခဲ့မကကြိုးစားခဲ့တော့ရုန်းရဦးမယ်

RSS

Featured Discussions

© 2017   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service