ကိုယ်ဟန်အမူအရာဖြင့် အင်္ဂလိပ်စကားပြောကြမယ်

 

စကားပြောတဲ့အခါ စကားလုံးတွေကိုတင် အသုံးပြုတာ မဟုတ်ပါဘူး။ မျက်နှာအမူအရာ၊ လက်ဟန်၊ ကိုယ်ဟန် အမူအရာတွေကိုပါ အသုံးပြုပြီး ဆက်သွယ်ပြောဆိုတာ ဖြစ်ပါတယ်။ ကိုယ်ဟန်အမူအရာ ဘာသာစကား ဒါမှမဟုတ် ဘာသာစကားမဟုတ်သော ဆက်သွယ်ပြောဆိုမှုလို့ ခေါ်နိုင်ပါတယ်။ ဘာသာစကား မဟုတ်သော ဆက်သွယ်ပြောဆိုမှုမှာ ကိုယ်ဟန်အမူအရာသာမက လက်ဟန်အမူအရာ၊ မျက်လုံးချင်း ကြည့်ခြင်း အပါအ၀င် မျက်နှာအမူအရာ၊ အသံကို အသုံးပြုတဲ့ နည်းလမ်း တွေလည်း ပါဝင်တယ်။ ဆက်သွယ်ပြောဆိုမှု အားလုံးရဲ့ ၆၀% ကနေ ၈၀% အထိလောက်ကို ဘာသာစကားမဟုတ်တဲ့ နည်းလမ်းနဲ့ ဆက်သွယ်တာဖြစ်တယ်လို့ စိတ်ပညာရှင်တွေက ခန့်မှန်းထားတယ်။ ဘာသာစကား မပါဘဲ ဆက်သွယ်ပြောဆိုတဲ့ သတင်းအချက်အလက်တွေက အမျိုးမျိုးရှိပါတယ်။ စိတ်ခံစားမှု၊ သဘောထား၊ စိတ်အပြောင်းအလဲ၊ မျှော်လင့်ချက်တွေ၊ ဆန္ဒတွေကို စကားလုံးတွေနဲ့ ပြောတာထက် ဘာသာစကား မဟုတ်တဲ့ နည်းလမ်းနဲ့ ပြသတာက အများကြီး ပိုပြီး ထိရောက်မှု ရှိပါတယ်။

 

ဘာသာစကား မဟုတ်ဘဲ ဆက်သွယ်ပြောဆိုတဲ့ အကြောင်းအချက်တွေ များရုံတင် မဟုတ်ပါဘူး။ ဆက်သွယ်မှု အရည်အသွးကလည်း မြင့်မားပါတယ်။ ဥပမာ လူတစ်ယောက်က ကောင်းတာပြောနေပေမယ့် မျက်နှာက မကောင်းတဲ့ အမူအရာကို ပြနေရင် ဘယ်ဟာကို အတည်ယူမလဲ။ များသောအားဖြင့် ဘာသာစကား မဟုတ်တဲ့ မျက်နှာအမူအရာကို အတည်ယူတယ်။ အဲဒီလိုနဲ့ဘဲ သူပြောတဲ့ စကားက အရာမရောက်တော့ဘူး။ ဒါကြောင့် နေ့စဉ် စကားပြောဆိုရာမှာ အောင်မြင်မှု ရချင်ရင် ကိုယ်ဟန်အမူအရာနဲ့လည်း ပြောဆိုတတ်ဖို့ လိုအပ်တယ်။

 

ပထမဦးဆုံး အထွေထွေအကြံဥာဏ်ပေးပါမယ်။ အဓိက လုပ်ရမှာက သက်တောင့်သက်သာနဲ့ သဘာဝကျကျ နေဖို့ဖြစ်ပါတယ်။ ကိုယ်ဟန်အမူအရာကို အသုံးပြုဖို့ ကြိုးစားလွန်းနေရင်လည်း သဘာဝမကျဘဲ ဖြစ်တတ်တယ်။ တမင်လုပ်ယူသလို မဖြစ်စေဘဲ ကိုယ်ဟန်အမူအရာက ပြောတဲ့စကားနောက်ကို သဘာဝအတိုင်း အံဝင်ခွင်ကျ ဖြစ်သွားပါစေ။ ကောင်းတာပြောရင် မျက်နှာ၊ ခန္ဓာကိုယ်နဲ့ လက်တွေကလည်း ကောင်းတာကိုဘဲ ဖော်ပြရမယ်။ ၀မ်းနည်းရင် ဒါမှမဟုတ် စိတ်ပူရင် မျက်နှာ၊ ခန္ဓာကိုယ်နဲ့ လက်တွေလည်း စိတ်ပူတာကို ဖော်ပြရမယ်။ ဒီအကြောင်းကို စဉ်းစားပြီး ဆက်သွယ်ပြောဆိုဖို့ ခန္ဓာကိုယ်ကို အသုံးပြုနိုင်ပုံကို သတိပြုနေမယ်ဆိုရင် ပိုပြီး သဘာဝကျလာမှာ ဖြစ်ပါတယ်။

 

တိတိကျကျ ပြောရအောင်။ လက်ဟန်အမူအရာ ဆိုပါတော့။ လက်ဟန်အမူအရာနဲ့ အဓိကအချက်တွေကို အလေးအနက် ဖော်ပြနိုင်ပါတယ်။ အဓိကအချက် ဘယ်နှစ်ချက်ရှိသလဲ သတိပြုမိအောင် ဖော်ပြနိုင်ပါတယ်။ အကြောင်းအရာ ပြောင်းလဲတဲ့အခါ အချက်ပြနိုင်ပါတယ်။ လက်ကို သိသိသာသာ လှုပ်ရှားလိုက်ခြင်း၊ ဒါမှမဟုတ် လက်နှစ်ဘက်ကို အကျယ်ကြီး ခွာပြလိုက်ခြင်းဖြင့် ပြောနေတဲ့ စကား အရေးကြီးကြောင်း အချက်ပြနိုင်ပါတယ်။ လက်ချောင်း နှစ်ချောင်းထဲနဲ့တောင် အရွယ်အစားကို ဖော်ပြနိုင်တယ်။ လက်ညှိုးနဲ့ လက်မ အကွာအဝေးနဲ့ ဖော်ပြနိုင်တယ်။ အားကောင်းတဲ့ စိတ်ခံစားမှုကို ဖော်ပြချင်ရင် လက်ခုပ်တီး နိုင်တယ် ဒါမှမဟုတ် (တစ်ယောက်ယောက်ကို ထိုးတော့မယ့်အတိုင်း) လက်သီးဆုပ်ပြီး စားပွဲကို ထုနိုင်တယ်။ ဒါမှမဟုတ်ရင်လည်း တစ်စုံတစ်ယောက်ကို ကြိုဆိုကြောင်း ပြသချင်ရင် လက်ဖ၀ါးကို အပေါ်ကထားပြီး လက်ဆန့်တန်းနိုင်တယ်။ ဘေးမှာထိုင်စေချင်ရင် လက်ကို ခုံဆီ ဦးတည်ပြီးရွှေ့ပြနိုင်တယ်။

 

နောက်ပြီး လက်ချောင်းတွေနဲ့ ရေတွက်ပြနိုင်တယ်။ ဒါပေမယ့် သတိတော့ ထားရမယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လက်ချောင်းနဲ့ ရေတွက်ပုံ မတူတာတွေ ရှိပါတယ်။ ဥပမာ ပြင်သစ်နိုင်ငံမှာ ၁ ကို လက်ညှိုးကနေ စပြီး မရေတွက်ဘူး။ လက်မကို ထောင်ပြီး ရေတွက်တယ်။ ဂျပန်မှာကျတော့ လက် ၅ ချောင်းထောင်ပြီး လက်မကို အောက်ဖက်ကွေးပြရင် ၁ လို့ ဆိုလိုတယ်။ (ကျန်တဲ့လက်ချောင်း ၄ချောင်းက အပေါ်ထောင်နေမယ်။) အရှုပ်အထွေး ဖြစ်လာနိုင်တဲ့အတွက် အရေအတွက်ကို ပြောတဲ့အခါ လက်ဟန် တစ်ခုထဲနဲ့ မပြောမိဖို့ သတိထားပါ။ စကားလုံးနဲ့လည်း အရေအတွက်ကို ပြောမှ နားထောင်တဲ့သူ နားလည်ဖို့ သေချာမှာဖြစ်တယ်။

 

အချို့ လက်ဟန်အမူအရာတွေက အသုံးများပါတယ်။ နှုတ်ဆက်ဖို့ လက်ဝှေ့ရမ်းပြတာမျိုး၊ လက်ညှိုး လက်မနဲ့ ၀ိုင်းပြပြီး အိုကေလို့ ပြတာမျိုး ဖြစ်ပါတယ်။ ဒါတောင်မှဘဲ အချို့နိုင်ငံတွေမှာ ဆဲသလို ဖြစ်တတ်သေးတယ်။ အသုံးများတဲ့ အမူအရာ ဖြစ်ပေမယ့် သတိထားသုံးသင့်တယ်။ အမူအရာ တစ်ခုကို တစ်ကမ္ဘာလုံးက လူတွေအားလုံး အဓိပ္ပာယ်တစ်မျိုးတည်း ကောက်ယူကြတယ်လို့ မထင်မှတ်သင့်ဘူး။ အခြေခံ အမူအရာတွေကိုတော့ များသောအားဖြင့် သုံးလို့ ရတတ်ပါတယ်။ နားထောင်တဲ့သူက တုံ့ပြန်တာကို ကြည့်နေပြီး အမူအရာတစ်ခုကို တုံ့ပြန်ပုံ ဆန်းနေရင် စကားနဲ့ ဆိုလိုရင်း အဓိပ္ပာယ်ကို ထပ်ပြောပေးပါ၊ အမူအရာကိုလည်း ပြောင်းပေးပါ။

 

နေ့စဉ် ဆက်သွယ်ပြောဆိုရာမှာ မျက်နှာအမူအရာတွေကိုလည်း အသုံးများတယ်။ အင်္ဂလိပ်လို ပြောတဲ့အခါ နားထောင်သူကို မကြာမကြာ ခပ်ပြုံးပြုံး ပြောတာ ကောင်းပါတယ်။ အထူးသဖြင့် စိတ်ဝင်စားစရာကို ပြောလာရင် နဲနဲတော့ ပြုံးသင့်တယ်။ တကယ်စိတ်ပါဝင်စားကြောင်း ပြသတဲ့အနေနဲ့ ခေါင်းကိုလည်း ငြိမ့်သင့်တယ်။ မကြာမကြာ "Uh huh" (အာဟာ)၊ "mmmm"  (အင်း) စသည်ဖြင့် သဘောတူကြောင်း ပြတဲ့ အသံတွေ ပြုသင့်တယ်။ နားထောင်နေကြောင်း တစ်ဖက်သား သိစေတဲ့ အသံတွေ ဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ နားထောင်နေချိန်မှာ မျက်လုံးချင်း ဆုံပြီး ကြည့်နေဖို့ ဖြစ်တယ်။ ကိုယ်က စကားပြောတဲ့အလှည့်မှာ ပြောနေတုံး တစ်ခါတစ်ခါ တစ်ခြားကို ကြည့်လို့ ရပါတယ်။ ဘာပြောရမလဲ စဉ်းစားဖို့ပါ။ ဒါပေမယ့် ကိုယ်က နားထောင်တဲ့အလှည့်မှာတော့ ပြောသူကို အမြဲ ကြည့်ပေးရပါတယ်။ အခြားကို မကြည့်ရပါဘူး။ (မျက်လုံးနဲ့ ရှောင်ဖယ်တာမျိုး မလုပ်ရပါဘူး။)

 

မတ်တပ်ရပ်အနေအထားမှာ တစ်စုံတစ်ဦးနဲ့ စကားပြောမယ်ဆိုရင် ပြောသူနဲ့ မနီးလွန်း မဝေးလွန်းတဲ့ နေရာမှာ ရပ်ရပါမယ်။ နှစ်ဦးနှစ်ဘက် သက်တောင့်သက်သာဖြစ်တဲ့ အနေအထားမှာ ရပ်ပါ။ စကားပြောနေသူများ အကြား ပုံမှန် အကွာအဝေးက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူတဲ့အတွက် သတိနဲနဲ ထားဖို့ လိုတယ်။ ပြင်သစ်လို၊ စပိန်လို ဥရောပ တောင်ပိုင်းနိုင်ငံက လူတွေ စကားပြောရင် တရုတ်လူမျိုးတွေထက် အနီးကပ်ပြီး ပြောလေ့ ရှိတယ်။ ဆော်ဒီအာရေဗျလိုမျိုး အာရပ်နိုင်ငံတွေက လူတွေ ဆိုရင်တော့ ပိုပြီးတောင် အနီးကပ်သေးတယ်။ ကမ္ဘာတစ်ဝန်း နိုင်ငံအသီးသီးက လူတွေနဲ့ တွေ့ဆုံ စကားပြောတိုင်း ကိုယ့်အပြုအမူကို သူတို့နဲ့တူအောင် လိုက်ပြီး ပြောင်းဖို့ မဟုတ်ပေမယ့် နားလည်မှု လွဲမှားနိုင်ခြေရှိတယ်ဆိုတာ သတိရှိဖို့ ဖြစ်ပါတယ်။

 

မတ်တပ်ရပ် စကားမပြောဘဲ ထိုင်စကားပြောတယ်ဆိုပါတော့။ ဒါဆို ခန္ဓာကိုယ်ကို ပြောသူဘက် နဲနဲ စောင်းခြင်းအားဖြင့် တစ်ဘက်သားရဲ့စကားကို နားထောင်လိုခြင်း၊ လက်ခံလိုခြင်းကို ပြသနိုင်ပါတယ်။ လက်ပိုက်မထားပါနဲ့။ လက်ပိုက်တာဟာ လူအတော်များများအတွက် အေးစက်တဲ့ ရန်လိုတဲ့ အမူအရာ ဖြစ်ပါတယ်။ လက်ပိုက်မယ့်အစား လက်နှစ်ဘက်ကို ဒူးပေါ်တင်ထားပါ။ ဒါမှမဟုတ် လက်တစ်ဘက်ကို ဒူးပေါ်တင်ပြီး ကျန်တစ်ဖက်ကို ဘေးဘက်မှာ ထားပါ။ တစ်ခါတစ်ခါ ဆန္ဒရှိရင် ခဏလောက် လက်ပိုက်လို့ ရပါတယ်။ ဒါပေမယ့် အကြာကြီး လက်ပိုက်မထားနဲ့။ လက်ကို မကြာမကြာ အနေအထား ပြောင်းနေသေးသရွေ့ တစ်ဘက်သားအတွက် အဖက်မလုပ်ချင်ဘူး လို့ ထင်စရာ မဖြစ်ပါဘူး။

 

ဘာသာစကားကို အသုံးမပြုဘဲ ဆက်သွယ်ရာမှာ ခန္ဓာကိုယ် အမူအရာနဲ့ ဆက်သွယ်တဲ့ နည်းလမ်းတွေကတော့ ထင်ရှားပါတယ်။ အဲဒီ နည်းလမ်းတွေအပြင် အသံကိုလည်း လိုသလို အသုံးပြုနိုင်သေးတယ်။ အသံနိမ့်မြင့်၊ အတိုးအကျယ်၊ အသံစူးရှမှု မတူညီရင် အဓိပ္ပာယ်လည်း အမျိုးမျိုး ထွက်နိုင်တယ်။ စကားပြောတာမဟုတ်ဘဲ အသံပြုပြီးတော့လည်း စိတ်ခံစားမှုနဲ့ သဘောထားကို ဖော်ပြနိုင်သေးတာဘဲ။ စကားလုံးတွေနဲ့ အဲဒီစကားလုံးတွေကို ပြောတဲ့ အသံနဲ့ ပေါင်းလိုက်ရင် အဓိပ္ပာယ် မျိုးစုံ ဖော်ပြဖို့ အများကြီး နယ်ကျယ်သွားပါတယ်။ အားကောင်းတဲ့အသံနဲ့ ပြောရင် မိမိကိုယ်ကို ယုံကြည်စိတ်ချမှုကို ဖော်ပြတယ်။ တိုးတိုးတိတ်တိတ် အသံနဲ့ ပြောရင် ရင်းနှီးကျွမ်းဝင်မှု ဒါမှမဟုတ် လူမသိအောင်ပြောလိုခြင်းကို ပြတယ်။ အသံကျယ်၊ အသံစူး (ဥပမာ မိန်းကလေးတစ်ယောက် အော်ဟစ်ခြင်း) က စိတ်ပူစိတ်လှုပ်ရှားခြင်းကို ပြတယ်၊ အသံနိမ့်ဆိုရင်တော့ မောပန်းနေတယ်၊ ဒါမှမဟုတ် စိတ်အားမထက်သန်ဘူးလို့ သိနိုင်တယ်။

 

အင်္ဂလိပ်ဘာသာစကား သင်ယူသူအားလုံး ကိုယ်ဟန်အမူအရာဘာသာစကားကိုလည်းမဖြစ်မနေ သင်ယူဖို့ လိုအပ်တယ်။

 

Joseph DeVeto ၏ Speak English with Body Language ဆောင်းပါးအားဆီလျော်သလို ဘာသာပြန်ဆိုထားပါသည်။

Views: 5810

Reply to This

Replies to This Discussion

It is the speaking English with body language.

Thanks a lot of sharing.

Thanks a lot

Really Thank a lot!!!

Thanks a lot....

thank for your sharing thank you so much

Thanks a lot of sharing.

thanks

thanks for sharing

thanks

Thanks a lot of sharing.

Thank a lot of sharing.

Thanks  you

RSS

Featured Discussions

© 2019   Created by Myanmar Network.   Powered by

Badges  |  Report an Issue  |  Terms of Service